လေယာဉ်မောင်းနှင်နိုင်စွမ်းကြောင့် နာမည်ကျော်နေတဲ့ အသက် ၇ နှစ် ကောင်လေး

28-12-2020-yyl07.jpg

ယူဂန်းဒါးနိုင်ငံက အသက် ၇ နှစ် ကောင်လေး ဂရေဟမ်း ရှီမာ (Graham Shema) ဟာဆိုရင် Cessana လေယာဉ်ကို (၃) ကြိမ်တောင် ပျံသန်းမောင်းနှင်ပြီးသွားပါပြီ။ သူ့ရဲ့လေယာဉ်မောင်းနှင်နိုင်တဲ့စွမ်းရည်နဲ့ လေယာဉ်နဲ့ပတ်သက်ပြီး အသိပညာကြွယ်ဝတဲ့အတွက်ကြောင့် သူ့ရဲ့နိုင်ငံမှာ နာမည်ကျော်နေပါတယ်။ သူ့ကို “ကပ္ပတိန်” လို့တောင် နာမည်ပြောင်ပေးထားကြတာပါ။ သူ့ရဲ့စံပြပုဂ္ဂိုလ်ကတော့ အီလွန်မာ့စ် (Elon Musk) ဖြစ်ပြီး သူ့ရဲ့အိပ်မက်ကတော့ အာကာသယာဉ်မှူးဖြစ်ဖို့နဲ့ တစ်နေ့ မားစ်ဂြိုလ်ကို သွားနိုင်ဖို့ပါပဲ။

ဒီကောင်လေးဟာ Trainee တစ်ယောက်အနေနဲ့ Cessana 172 လေယာဉ်ကို (၃) ကြိမ် မောင်းနှင်ပြီးသွားခဲ့တာပါ။ သူ့ကို ပြည်တွင်းရုပ်သံလိုင်းတွေက အင်တာဗျူးကြတဲ့အပြင် ဂျာမနီနိုင်ငံရဲ့သံတမန်တွေနဲ့ ပို့ဆောင်ရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဖို့အတွက်လည်း ဖိတ်ကြားခံခဲ့ရတာပါ။ သူ့ကို ဘာလို့အီလွန်မာ့စ်ကိုကြိုက်တာလဲလို့ မေးရင် အာကာသနဲ့ ပတ်သက်ပြီး သူ့ဆီက လ့လာသင်ယူချင်တယ်၊ သူနဲ့အတူ အာကာသကို သွားချင်တယ်၊ သူနဲ့လက်တွဲနှုတ်ဆက်ချင်တယ်လို့ ဆိုပါတယ်။

Entebbe International Airport က လေယာဉ်မောင်းနှင်တာနဲ့ပတ်သက်ပြီး သူ့ကို သင်ကြားပို့ချပေးတဲ့ဆရာဟာ လေယာဉ်နဲ့ပတ်သက်ပြီး ဗဟုသုတ ဘယ်လောက်ကြွယ်လဲဆိုတာ သိရဖို့ ရှီမာကို မေးခွန်းတွေမေးလေ့ရှိပါတယ်။ ရှီမာကို Bombardier CRJ9000 လေယာဉ်မှာ အင်ဂျင်တွေ ဘယ်လိုအလုပ်လုပ်လဲမေးတုန်းကလည်း Compressor တွေက ဘယ်လိုဖြစ်လာတယ်။ ပန်ကာတွေကလည်း ဘယ်လိုပူလာတယ်ဆိုတာတွေကို အသေးစိတ်ရှင်းပြနိုင်ပါတယ်။

ရှီမာ လေယာဉ်မောင်းနှင်ချင်လာခဲ့တာက ရဲရဟတ်ယာဉ်တစ်စီးဟာ သူ့အဘွားနေအိမ်ရဲ့အိမ်ခေါင်းမိုးပေါ်ကနေ နိမ့်ပြီး ပျံသန်းသွားတဲ့အချိန်က စခဲ့တာပါ။ သူက အဲဒီတုန်းက အိမ်အပြင်ဘက်မှာ ဆော့ကစားနေစဉ် ရဟတ်ယာဉ်ပျံသန်းသွားကို မြင်တွေ့လိုက်ရတာပါ။ အဲဒီကနေစပြီး သူ့အတွေးထဲမှာ လေယာဉ်မောင်းနှင်ချင်စိတ်က အစပျိုးလာခဲ့တာဖြစ်တယ်လို့ သူ့အမေက ဆိုပါတယ်။

ရှီမာက လေယာဉ်တွေဘယ်လိုပျံသန်းတာလဲဆိုတဲ့ မေးခွန်းတွေလည်း သူ့အမေကို မေးလာခဲ့ပါတော့တယ်။ ရှီမာဟာ လေယာဉ်နဲ့ပတ်သက်ပြီး အရမ်းစိတ်ဝင်စားနေတဲ့အတွက် သူ့အမေက Aviation Academy ကို ဆက်သွယ်ပေးတဲ့အပြင် အိမ်မှာလည်း လေယာဉ်အစိတ်အပိုင်းတွေနဲ့ လေယာဉ်ပျံသန်းမောင်းနှင်တာနဲ့ပတ်သက်တဲ့ ဝေါဟာရတွေကို သင်ယူစေခဲ့ပါတယ်။ (၅) လအကြာမှာတော့ ရှီမာက လေယာဉ် ဘယ်လိုမောင်းနှင်ရမလဲဆိုတာကို သင်ယူနိုင်ခဲ့ပါတယ်။ အဲဒီကတည်းစပြီး သူဟာ တွဲဖက်လေယာဉ်မှူးတစ်ယောက်အနေနဲ့ လေယာဉ်ကို (၃) ကြိမ် မောင်းနှင်ခဲ့ရပါတယ်။ ကပ်ရောဂါအတွင်းမှာလည်း ရှီမာဟာ လေယာဉ်မောင်းနှင်ခြင်းအတတ်ပညာရပ်ဆိုင်ရာသီအိုရီတွေကို အဓိကထားလေ့လာနေခဲ့ပြီး လေယာဉ်မောင်းနှင်ခြင်းနဲ့အာကာသဆိုင်ရာ ဗီဒီယိုတွေမှာလည်း ရှီမာပါဝင်တာကို တွေ့နေရပါတယ်။

Ref: Dailymail “Ugandan boy, seven, nicknamed ‘Captain’ who has flown Cessna three times and whose role model is Elon Musk becomes online sensation”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top