ဖြူစင်တဲ့ စိတ်ထား၊ ရှာမှ ရှားတဲ့ စေတနာ

image_large-1.jpg

ဖြူစင်တဲ့ စိတ်ထား၊ ရှာမှ ရှားတဲ့ စေတနာ

“ ကမ္ဘာကြီးအတွက်တော့ ခင်ဗျားဟာ သာမန်လူတစ်ယောက်ပါပဲ။
ဒါပေမဲ့ လူတစ်ယောက်ယောက်အတွက်တော့ ခင်ဗျားဟာ ကမ္ဘာလောကကြီးတစ်ခု ဖြစ်နေနိုင်တယ်လေ “

အမည်မသိအမျိုးသားတစ်ဦးဟာ သူ့ရဲ့ သမီးငယ်လေးနဲ့အတူ လေဆိပ်မှာ လက်မှတ်ထုတ် (check in လုပ်) နေခဲ့ပါတယ်။ အဲဒီအချိန်မှာ လေကြောင်းလိုင်း ဝန်ထမ်း က “ သမီးလေးက အသက်ဘယ်လောက်ရှိသွားပြီလဲ “ လို့ မေးတော့ အမျိုးသားက နှစ်နှစ် ရှိနေပြီလို့ ပြန်ဖြေပါတယ်။ ဝန်ထမ်းက ဒါဆိုရင်တော့ ကလေးအတွက် လက်မှတ်ဝယ်ရမယ့်အကြောင်း သူ့ကို ပြောပါတယ်။
ဖြစ်ပုံက ဒီလိုပါ။ ခရီးသွားမယ့် အမျိုးသားဟာ လက်မှတ်ကို Booking လုပ်တုန်းက သူ့သမီးလေးဟာ အသက်နှစ်နှစ် မပြည့်သေးပါဘူး။ အဲဒါကြောင့် ကလေးအတွက် လက်မှတ်ဝယ်စရာမလိုခဲ့ပါဘူး။ ခုချိန် ၊ တကယ်ခရီးသွားခါနီးမှာတော့ ကလေးဟာ နှစ်နှစ်ကျော်ပြီမို့ လက်မှတ်ဝယ်ဖို့ လိုလာတာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ကလေးအဖေဖြစ်တဲ့ အမျိုးသားကြီးမှာ လက်မှတ်ခပေးစရာ ပိုက်ဆံ အလုံအလောက် ရှိမနေခဲ့ပါဘူး။ ကလေးအတွက် လက်မှတ်ဝယ်ဖို့ မဖြစ်မနေလိုတယ်ဆိုတာ သိလိုက်ရချိန်မှာ စိတ်ထိခိုက် ကြေကွဲင်္ပြီး ပျာယာခတ်သွားခဲ့ပါတယ်။ သူဟာ တန်းစီတဲ့ လိုင်းရဲ့ အပြင်ဘက်ကို ထွက်ပြီး ဖုန်းကို ထုတ်ဆက်ရင်း အကူအညီရလိုရငြား ကြိုးစားနေခဲ့ပါတယ်။ သူ့ ကြည့်ရတာ အဆင်ပြေတဲ့ ပုံ မပေါက်ပါဘူး။ သူဟာ သမီးလေးရဲ့ ခေါင်းကို အသာအယာပုတ်ပေးလိုက် ၊ ကလေးကို ဖက်လိုက်နဲ့ ၊ စိတ်ပျက်လက်ပျက် ခံစားနေရမှန်း သိသာပါတယ်။

သူ့ကို အကဲခတ်နေတဲ့ လက်မှတ်လာထုတ်ယူသူ အမျိုးသမီးတစ်ယောက်က ဘာဖြစ်နေသလဲလို့ လာမေးပါတယ်။ အကြောင်းစုံကို သိရတဲ့ အခါမှာတော့ သူမက အဲဒီသားအဖကို ခေါ်ပြီး ကောင်တာကို သွားပါတယ်။ ပြီးတော့ ကလေးမလေးကို လက်ညှိုးထိုးပြပြီး သူမအတွက် လက်မှတ်ဝယ်ပေးချင်တဲ့အကြောင်း ပြောပြတဲ့ အခါမှာ ဝန်ထမ်းက အံ့အားသင့်သွားခဲ့ပါတယ်။ “လက်မှတ်ခက ဘယ်လောက်ရှိလဲဆိုတာ သိပါတယ်နော် “ လို့ သူက ပြန်မေးတယ်။

“ဒေါ်လာ ၇၀၀ ကျော်လောက် မဟုတ်လား “

“၇၄၉ ဒေါ်လာ ပါ “

“ ဒါဆိုလည်း အဆင်ပြေပါတယ်”လို့ ပြောပြီး အမျိုးသမီးက သူမရဲ့ ခရက်ဒစ်ကဒ်ကို ထုတ်ပြီး၊ လက်မှတ်ဝယ်ပေးခဲ့ပါတယ်။ ကလေးအဖေအမျိုးသားကြီးက ကျေးဇူးတင်တဲ့ အကြောင်း ပြောရင်း သူမကို လှမ်းဖက်လိုက်တဲ့ မြင်ကွင်းကို မြင်ရတဲ့ အချိန်မှာ ကြက်သီးမွှေးညှင်းထအောင် ခံစားခဲ့ရပါတယ်လို့ လေကြောင်းလိုင်းဝန်ထမ်းက ပြန်ပြောပြ ပါတယ်။

နောင်မှာ လက်မှတ်ဖိုးပြန်ပေးဖို့ အမျိုးသမီးကြီးကို နာမည်မေးတဲ့ အခါမှာ “ရပါတယ်။ ပြန်ပေးစရာမလိုပါဘူး “ လို့ သူမက ဆိုပါတယ်။

ဒီအဖြစ်အပျက်ဟာ တကယ်ဖြစ်ပျက်ခဲ့တာ ဖြစ်ပြီး အမျိုးသမီးကြီးက လက်မှတ်ဝယ်ပေးနေတဲ့ အခုဓာတ်ပုံကို တင်တဲ့ facebook စာမျက်နှာက “ ဒီဓာတ်ပုံကို share ပေးကြပါ ။ ဒီလို စေတနာရှင်မျိုးဟာ အသိအမှတ်ပြုခံရသင့်ပါတယ်” လို့ ဆိုထားပါတယ်။ အဲဒီဓာတ်ပုံရဲ့ အောက်မှာပဲ အမျိုးသမီးကြီးကို သိတဲ့ သူ တစ်ယောက် က ဒီအမျိုးသမီးဟာ အပြင်မှာလည်း စိတ်သဘောထားကောင်းသူတစ်ဦးဖြစ်ကြောင်း ၊ ပတ်ဝန်းကျင်က လူတွေကို ချစ်ခြင်းမေတ္တာအပြည့်နဲ့ ဆက်ဆံတဲ့ စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ဝင်ရောက်ရေးသားခဲ့ပါတယ်။

Ref: Police World News: “This Picture Of A Woman At An Airport Is Going Viral. Look Closer And You’ll See Why(Photo)” , “Love What Matters” facebook page

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top