(၁)
‘ဖေဖေ့ကိုယ်စား’ဆိုတဲ့ သူ့လက်မှတ်နဲ့ ဓမ္မစကူးလ် ဆရာမဖြစ်သူ အမ မစိုးအိမ်သူ(စာရေးဆရာ ဦးသုမောင်ရဲ့သမီး) ပေးထားတဲ့ ‘ပန်းမြိုင်လယ် နယ်စပ်’လုံးချင်းစာအုပ်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ပြန်ဖတ်ဖြစ်တယ်။သဘာဝအုပ်စုထဲက သဘာဝမင်းသားကြီးလည်းဖြစ်သူ ဆရာ ဦးသုမောင်ရဲ့ ‘ပန်းမြိုင်လယ် နယ်စပ်’ကို ပြန်ဖတ်ဖြစ်ချိန်မှာ ဒီတစ်ကြိမ် ခေါင်းထဲမှတ်မှတ်ထင်ထင် ရောက်လာတာက’ဒါန သေးသေးကလေးများ’ဆိုတဲ့ ဆောင်းပါးပါ။
ဦးသုမောင်တို့ ဖခင်ကြီးဖြစ်တဲ့ ဆရာကြီး ဦးသာဓုဟာ မိုးတွင်း ရာသီရောက်စပြုလို့ ညဦးပိုင်း မိုးလေး နည်းနည်းသည်းတာနဲ့’သား ဗလကြီး၊ မော်တော်ကားထုတ်ကွာ၊ အပြင်သွားကြရအောင်’ ဆိုပြီး ခိုင်းတတ်ပါသတဲ့။မိုးဦးကျစ ဒီလိုရက်တွေမတိုင်ခင်ကတည်းက အစိုးရဘဏ် တိုက်တွေဆီသွားပြီး တစ်ကျပ်တန်ငွေစက္ကူအသစ်လေးတွေ တစ်ရာ ဖိုး၊ နှစ်ရာဖိုး လဲလှယ်သိမ်းဆည်းထားတတ်တဲ့ ဘဘဦးသာဓုက သားဖြစ်သူ မင်းသားကြီးကို အပြင်ခေါ်တာ တခြားအကြောင်းတော့ မဟုတ်ပါဘူး။အိမ်က ထွက်ထွက်ချင်း တွေ့တဲ့ဆိုက်ကားဂိတ်ကစလို့ နောက်ထပ် နောက်ထပ် ဆိုက်ကားဂိတ်တွေဆီ လျှောက်သွားပြီး ဆိုက် ကားသမားတွေကို ကျပ်တန်အသစ်လေးတွေ လိုက်ဝေပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။
‘မိုးဦးလေဦးမှာ သူတို့အတွက် နေ့တွက်ကိုက်အောင် မနည်း ရုန်းကန်ကြရတာ၊ အိမ်အတွက် စားစရိတ်အရှာခက်တော့ သူတို့အ တွက် လက်ဖက်ရည်ဖိုးဆိုတာ ဘယ်ရှိနိုင်မလဲ။ ဒါကြောင့် ပေးရတာ သားရယ်’လို့ ဆရာကြီးဦးသာဓုက ပြောတတ်ပါသေးတယ်တဲ့။ဆိုင်းသံဗုံသံ မထွက်၊ မဏ္ဍပ်တိုင်လည်း မတက်တဲ့ ‘ဒါန သေးသေးကလေးများ’ကို ဖတ်ပြီး ဆရာကြီး ဦးသာဓုရဲ့ စိတ်ကူး ကောင်း၊ စေတနာကောင်းလေးကို သဘောကျ နှစ်ခြိုက်မိတာပါ။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာနဲ့အဝှမ်း အလုပ်လက်မဲ့၊ အိမ်ခြေရာမဲ့နဲ့ ဆင်းရဲနွမ်းပါးသူတွေ ပိုတိုးလာချိန်မှာ အဲဒီလိုမျိုး ဆင်းရဲသား၊ အများပြည်သူရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ ဒါနသေးသေးကလေးတွေ ပိုပြီး လိုအပ်လာနေတယ်လို့ ဆက်တွေး ဖြစ်ပါတယ်။
(၂)
အလှူရေစက် လက်နဲ့မကွာဆိုသလို စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း အလုပ်မှာ ဝါသနာထုံတတ်ကြတဲ့ မြန်မာလူမျိုးတွေအတွက် ‘ဒါန’ရဲ့အဓိပ္ပာယ်ကို အထူးအထွေ ရှင်းပြမနေတော့ပါဘူး။ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ မနက်မိုးလင်းလို့ အိပ်ရာ ထပြီဆိုတာနဲ့ စောစောစီးစီး ချက်ပြုတ်စီမံထားတဲ့ ထမင်း၊ ဟင်း လျာတို့ကို သံဃာတော်တွေအတွက် ရည်စူးပြီး ဦးဦးဖျားဖျား ဆွမ်းဒါန လောင်းလှူတတ်ကြတယ်။ ကြက်ကလေး၊ ငှက်ကလေးတွေ စားပါ စေတော့ရယ်ဆိုပြီး ဆန်စေ့၊ ဆန်ကွဲစေ့လေးတွေ ကြဲချတတ်တယ်။ ဒါဟာ မြန်မာဆိုတာ ဒါနနဲ့ နိုးထတတ်သူတွေပီပီ လှူဒါန်းပေးကမ်း ခြင်းအမှုကို သူတကာထက် ပြုနိုင်ကြသူတွေဖြစ်ကြောင်း ထင်ရှားစေတဲ့ သာဓကပါပဲ။
မင်္ဂလသုတ်လာ မင်္ဂလာတရား (၃၈)ပါးမှာ ‘ဒါနဉ္စ-စွန့်ကြဲပေး ကမ်းခြင်းအလုပ်’ပါဝင်ပါတယ်။
လှူစရာပစ္စည်းဝတ္ထုကို ရည်ညွှန်းပြောဆိုတဲ့ ဝတ္ထုဒါန၊ ပေး လှူကြောင်း စေတနာကို ရည်ညွှန်းပြောဆိုတဲ့ စေတနာဒါန၊ ပုဂ္ဂိုလ် ကိုပဲ ရည်ညွှန်းပြီးလှူဒါန်းတဲ့ ပုဂ္ဂလိကဒါန၊ သံဃာအစုအပေါင်းကို ရည်ညွှန်းပြီး လှူဒါန်းတဲ့ သံဃိကဒါန၊ တလေးတစား အလေးအ နက်ထား လှူဒါန်းတဲ့ သက္ကစ္စဒါန၊ ကာလဒါနနဲ့ အကာလဒါန၊ ပညာဒါန၊ ဓမ္မဒါန …စသဖြင့် ဒါနနဲ့ပတ်သမျှ ရည်ညွှန်းပြောဆိုမှုတွေ များလှပါတယ်။အလှူဒါနတစ်ခုပြုလုပ်တဲ့နေရာမှာ လှူဒါန်းတဲ့ပုဂ္ဂိုလ်ရဲ့ စိတ် နေသဘောထား၊ အလှူခံပုဂ္ဂိုလ်ရဲ့ ကိုယ်ကျင့်တရား၊ လှူဒါန်းလိုက် တဲ့ ပစ္စည်းဝတ္ထုရဲ့ စင်ကြယ်မှု၊ မစင်ကြယ်မှုတို့ကို လိုက်ပြီး ရရှိတဲ့ အကျိုးတရားချင်း ကွာခြားတတ်ကြောင်းလည်း ဆိုပါတယ်။
ဒါနဆိုင်ရာ တရားတော်တွေနဲ့ပတ်သက်ပြီး ၈ တန်းကျောင်း သားဘဝလောက်တုန်းက ကျွန်တော်ကိုယ်တိုင် တွေးမိခဲ့တာတစ် ခုကတော့ ‘တို့ဆီက ဘုန်းကြီးတွေကလည်း ဒါနနဲ့ပတ်သက်ပြီးပဲ ဟောနေကြတယ်။ အလှူအတန်းတွေ လုပ်ဖို့ချည်း ဟောနေတာဟာ သူတို့အကျိုးအတွက် ကြည့်ပြီး ဟောနေကြတာများလား’လို့ သံသယဝင်ခဲ့မိတာပါပဲ။ခုနောက်ပိုင်းမှ သံသရာဘဝခရီး ဘယ်တော့ပြီးဆုံးနိုင်မလဲ မသိနိုင်၊ မမျှော်မှန်းနိုင်တဲ့ လောကလူသားတွေရဲ့ လောကဓံခရီးကြမ်းမှာ ဒါနဆိုတဲ့ ရိက္ခာထုပ် မပါရင် ဘယ်လောက်ထိ ခက်ခဲနိုင်မလဲ တွေးမိပြီး ဒါနရဲ့အရေးပါမှုကို နားလည်မိသလို ရှိလာခဲ့တာပါ။ဒါကြောင့်လည်း ‘ရေဗူးနဲ့ ဖိနပ်မပါရင် နွေအခါမှ သိမယ်၊ ဒါနနဲ့ သီလ မပါရင် သေခါမှ သိမယ်’လို့ ရှေးလူကြီးသူမတွေ ပြောစမှတ်ပြုခဲ့ကြတာ မဟုတ်ပါလား။
(၃)
ဒါနနဲ့ပတ်သက်လို့ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး ဟောကြားထားတဲ့ တရားတော်တချို့ထဲက ထုတ်နုတ်တင်ပြပါရစေ။
‘မဟာဒါန’တရားတော်အစမှာ ‘ဒါနဆိုသည်မှာ မိမိမှာရှိတဲ့၊ မိမိပိုင်ဆိုင်တဲ့ အရာတစ်ခုခုကို တစ်ဦးတစ်ယောက်အား ပေးလှူခြင်း၊ စွန့်ကြဲခြင်းကို ခေါ်တာ။ ဒါက ပုံမှန်အားဖြင့် ကိုယ့်ရှိတာကို သူများပေးတာ ဒါန’လို့ ပါမောက္ခချုပ်ဆရာတော်ကြီးက အဓိပ္ပာယ်ဖွင့်ပြထားပါတယ်။’သာရဏီယတရား’တော်မှာတော့ ‘ဒါန-အပြန်အလှန်ပေးကမ်းခြင်း၊ ဒါနလို့ဆိုလိုက်တာနဲ့ အလှူအတန်းကြီးလုပ်တယ်လို့ စိတ်ထဲမှာ မအောက်မေ့နဲ့။ ဒါနဆိုတာ အပြန်အလှန်ပေးကမ်းတာ။ ဥပမာ-မွေးနေ့ လက်ဆောင်ပေးတာ ရှိတယ်၊ နှစ်ဦးကာလဆိုရင် နှစ်ဦးလက်ဆောင်ပေးတာရှိတယ်’လို့ မိန့်ကြားပါတယ်။အပြန်အလှန်ပေးကမ်းခြင်းဟာ ညီညွတ်ချစ်ကြည်မှု၊ စုစည်းမှု တစ်ခုဖြစ်စေတာကြောင့် သင်္ဂဟဝတ္ထု(၄)ပါးထဲမှာ ဒါနဆိုတဲ့အ ကြောင်းတရား ပါဝင်နေကြောင်း ဆရာတော်ကြီးက မိန့်တာပါ။
ကျွန်တော်တို့တွေဟာ နေ့စဉ်နဲ့အမျှ ချက်ပြုတ်၊ စားသောက် ပြီးကြတဲ့အခါ အိုးတွေ၊ ခွက်တွေ ဆေးကြောကြတယ်။ အိုးဆေးရေ၊ ခွက်ဆေးရေကို ရေမြောင်းထဲ သွန်ကြတယ်၊ လွတ်ရာကျွတ်ရာ သွန်ကြတယ်။ အဲဒီအချိန်မှာ အိုးဆေးရေထဲ ကပ်ပြီးပါသွားတဲ့ စားကြွင်းစားကျန်၊ အစာအာဟာရလေးတွေကို လိုအပ်တဲ့ သတ္တဝါလေးတွေ စားကြပါစေလို့ ဆန္ဒပြု၊ သဘောပိုက်လိုက်တယ် ဆိုပါစို့။ အဲဒီလို သဘောပိုက်လိုက်တာဟာလည်း ဒါနတစ်ခုဖြစ်ပြီး ကိုယ့်စားကြွင်းစားကျန် ဆေးကြောတာတောင်မှ စိတ်ထားတတ်ရင် အလှူဒါနတစ်ခုဖြစ်နိုင်ကြောင်း ‘ဒါနတရားနှင့် မြတ်ဗုဒ္ဓ ၏သဘောထား’တရားတော်မှာ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆ ရာတော်ကြီးက ထည့်သွင်းဟောကြားခဲ့တာ မှတ်သားရပါတယ်။
ဒီနေရာမှာ အဓိကပြောလိုတာက ဒါနဆိုတာနဲ့ ဘုရားတွေတည်၊ ကျောင်းတွေဆောက်၊ ငွေကြေးသိန်းပေါင်းများစွာ အကုန်ကျခံ လှူဒါန်းတဲ့ အလှူကြီးအတန်းကြီးတွေကိုပဲ ပြေးမြင်နေဖို့ မဟုတ်ဘူးဆိုတာပါ။ သက်ဆိုင်ရာအလှူရှင်ရဲ့ ကြွယ်ဝချမ်းသာမှုနဲ့ သဒ္ဓါတရား ထက်သန်မှုကြောင့် သိန်းပေါင်းများစွာ အကုန်ကျခံ ပေးလှူတဲ့ ခြိမ့်ခြိမ့်သဲသဲ အလှူပွဲကြီးတွေကို သာဓုခေါ်ရမှာဖြစ်သလို ကိုယ့်ပတ်ဝန်းကျင်မှာ တကယ်လိုအပ်နေတဲ့ မရှိဆင်းရဲသား၊ အများပြည်သူနဲ့ ကိုယ့်အချင်းချင်းရဲ့ လိုအပ်ချက်ကို တတ်နိုင်သမျှ ဖြည့်ဆည်းပံ့ပိုးပေးတာကိုလည်း မွန်မြတ်တဲ့ အလှူဒါနတစ်ခုအနေနဲ့ မှတ်ယူ၊ မျှဝေနိုင်ကြဖို့ဖြစ်ပါတယ်။နေရာတကာမှာ ဆိုင်းဝိုင်းသံတညံညံနဲ့ ကဗ္ဗည်းထိုး၊ မဏ္ဍပ် တိုင်တွေတက်ပြီး လှူလိုက်ရမှ ဒါန မြောက်တယ်လို့ ထင်မှတ်မနေဘဲ ဆရာဦးသုမောင်ပြောတဲ့ ဒါနသေးသေးလေးတွေလည်း များများစားစား လုပ်ကြဖို့ လိုအပ်နေတာ အမှန်ပါပဲ။
(၄)
ကိုယ့်ရှိတဲ့အထဲကနေ တစ်ပါးသူရဲ့အကျိုးစီးပွားအတွက် တတ်နိုင်သမျှ မျှဝေ၊ ပေးလှူ၊ ဖေးကူနိုင်ဖို့၊ တစ်နည်းအားဖြင့် လူတစ်ယောက်၊ မိသားစုတစ်ခုအနေနဲ့ အလှူဒါနပြုနိုင်ဖို့ဆိုရင် ငွေကြေးနဲ့ ဝတ္ထုပစ္စည်း ရှိဖို့က အဓိကလား၊ စေတနာက အဓိကလား မေးစရာရှိပါတယ်။လူတစ်ယောက်ဟာ တစ်ပါးသူရဲ့လိုအပ်ချက် ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ဖို့ အရင်ဆုံး ကိုယ့်ဆီမှာ အစစအရာရာ ပြည့်စုံ၊ ပိုလျှံနေရင် ပိုအဆင်ပြေမယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ စဉ်းစားစရာက တကယ်လက်တွေ့မှာ ငွေကြေးဥစ္စာ ကြွယ်ဝသူတိုင်း လည်း ပေးကမ်းနိုင်တာ၊ ရက်ရောနိုင်တာမျိုး မဟုတ်ဘူးဆိုတာပါ။ ဆင်းရဲခြင်း၊ ချမ်းသာခြင်းထက် စိတ်စေတနာနဲ့ သဒ္ဓါတရားကသာ ဒါနပြုနိုင်ဖို့ ပိုအဓိကကျတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ပါမောက္ခချုပ်ဆရာတော်ကြီးရဲ့ မိန့်ကြားချက်ကို ကိုးကားပြောရရင် ‘ဆေးကြောပြီးသော လက်ရှိသူ’တွေဟာ အလှူဒါနပြုနိုင်ကြ သူတွေပါပဲ။
‘သဒ္ဓါတရားကောင်းသူ၊ အပေးအကမ်း ရက်ရောသူကို ဆေး ကြောပြီးသော လက်ရှိသူဟု မြတ်စွာဗုဒ္ဓ ဟောပြတော်မူခဲ့ပေသည်။ သဒ္ဓါတရားကောင်းသူမှာ မစ္ဆရိယ အညစ်အကြေး ကင်းစင်သန့်ရှင်း နေသဖြင့် သူ၏လက်သည် ပေးကမ်းဖြန့်ဝေရန် အသင့်ဖြစ်နေ၏။ နှမျောတွန့်တိုခြင်း အလျဉ်းမရှိ။ ပေးရကမ်းရလျှင် ပျော်ရွှင်နေတတ်၏။ တောင်းရ ရမ်းရ အလွန်လွယ်၏။ ပေးချင်ကမ်းချင်သည်၊ လှူချင် တန်းချင်သည်။ အနည်းဆုံး မိမိစားနေသည့် မုန့်တစ်ချပ်၊ ငှက်ပျောသီးတစ်လုံးကိုပင် ‘ရော့၊ အင့်’ဟု တစ်ဖဲ့တစ်ချိုး ခွဲဝေ ပေးတတ်၊ ကျွေးမွေးတတ်သည်။ ပေးရကျွေးရမှလည်း ကျေနပ် လေသည်’လို့ ဆရာတော်ကြီးက ရေးသားမိန့်ကြားဖူးကြောင်း မှတ်သားရပါတယ်။
ဒါ့အပြင် ‘ပုခက်လွှဲသောလက်သည် ကမ္ဘာကို စိုးမိုး၏ဟု ဆိုသည်ထက် ‘ဆေးကြောပြီးသော လက်သည် ကမ္ဘာကိုစိုးမိုး၏’ ဆိုခြင်းက ပို၍ အမှန်နှင့်နီးစပ်နိုင်ရာသည်။ အမှန်ပင် အပေးအ ကမ်းရက်ရော ဆေးကြောပြီးသောလက် ရှိသူတို့၏ဂုဏ်သတင်းသည် ကမ္ဘာချဉ်းအောင် တည်ရှိပေသည်။ ဘုရားတန်ဆောင်း၊ ဂူကျောင်း၊ ရေကန်တို့၌ ထိုသူတို့၏အမည်များသည် ကျက်သရေရှိစွာ ပေါ်လွင်ထင်ရှားလျက် ရှိကြပေသည်’ဆိုတဲ့ မိန့်ကြားချက်ဟာလည်း တကယ့်ကို မှတ်သား၊ လိုက်နာဖွယ်ရာဖြစ်ပါတယ်။
(၅)
‘ဒါနတော ဘောဂဝါ- ဒါနပြုခြင်းကြောင့် စည်းစိမ်ဥစ္စာ ကြွယ်ဝ စေတယ်’လို့ တရားတော်မှာ ဟောကြားထားတယ်။ ရှေးရှေးဘဝ တုန်းက အလှူရေစက် လက်နဲ့မကွာ၊ ဆေးကြောပြီးသော လက်ရှိခဲ့ သူတွေဟာ ဒီဘဝမှာ မွေးကတည်းက မပူမပင်၊ မကြောင့်မကြနဲ့ လိုတိုင်းတရနိုင်ကြတယ် ပြောရမယ့်သဘောပါ။
သံသရာဘဝခရီးမှာ အလှူဒါနပြုခဲ့သူတွေ ရရှိခံစားရတဲ့ ကောင်းကျိုးချမ်းသာ မင်္ဂလာကို တွေးတော ဆင်ခြင်ကြည့်လို့ ရနိုင်ပေမယ့် တချို့ ဆေးကြောပြီးသောလက်ကို ဖျက်လိုဖျက်ဆီး လုပ်ချင်နေကြတဲ့ အသံတွေလည်း ခုနောက်ပိုင်းမှာ ကြားလာရတယ်။’ဒါနဟာ သံသရာ ရှည်စေတဲ့အလုပ်ဖြစ်လို့ ဒါန မပြုသင့်ဘူး’ လို့ မြင်သူတချို့ရှိတတ်သလို ကိုယ့်ခွန်အားနဲ့ နဖူးကချွေး ခြေမ ကျအောင် လုပ်ထား၊ စုထားပြီးမှ ဒီအတိုင်း လွယ်လွယ်လေး မပေးလိုက်၊ မလှူလိုက်နိုင်ပါဘူးဆိုပြီး နှမျောတွန့်တိုသူတွေလည်း တွေ့ရပါတယ်။
ဆိုကြပါစို့။ ကားလမ်းမနဲ့ မီးပွိုင့်တွေမှာ လူတချို့ တောင်းရမ်း၊ စားသောက်နေကြတယ်။ သူများဆီ လက်ဖြန့်တောင်းနေသူတွေထဲ မှာ အတော်အတန် အားအင်ကောင်းသူတချို့ ပါဝင်တဲ့အခါ ‘အလ ကား ပျင်းလို့ တောင်းစားနေတာ’ဆိုတဲ့အမြင်နဲ့ အမုန်းစိတ်ဝင်ကြ တယ်။ တကယ်တမ်း အားအင်ဘယ်လောက်ကောင်းတယ်ပြောပြော လမ်းပေါ်မှာ တစ်ရာ၊ တစ်ထောင် လက်ဖြန့်တောင်းနေရပြီ ဆိုကတည်းက တောင်းစားရလောက်အောင်ထိ သူ့စိတ်၊ သူ့ဘဝက အောက်တန်းကျသွားလို့ပဲလို့သာ တွေးလိုက်ရင် နောက်ဆက်တွဲ ဒေါသစိတ်တွေ ဝင်လာစရာ မရှိတော့ပါဘူး။ ဒီလို နားလည်တွေး မတွေးနိုင်လိုက်တဲ့အတွက် ကိုယ်ကိုယ်တိုင် မလှူဘဲ ပြစ်တင် ဆဲဆိုတတ်တဲ့အပြင် တခြားသူတွေကိုပါ မပေးဖို့ လိုက်ပြောတာတွေ ရှိလာတာပါ။
အဆိုးဆုံးကတော့ ဒီဘက်ခေတ်မှာ ‘ဒီပုဂ္ဂိုလ်တွေဟာ အလကား လူပေါ်လူညွန့်ခူးစားနေသူတွေ’ဆိုတဲ့အတွေးနဲ့ ရဟန်းသံဃာတွေကို မလှူဖို့၊ မကြည်ညိုဖို့ လူမှုကွန်ရက်မှာ ရေးသား၊ စော်ကားမှုတွေ ပြု လုပ်လာတတ်ကြတာပါပဲ။
ဒီလို လုပ်ရပ်တွေဟာ သူတစ်ပါးရဲ့အလှူကို ဟန့်တားသူစာရင်းထဲ ပါသွားပြီး အချက်(၃)ချက်နဲ့ အန္တရာယ်ပြုရာ ရောက်သွားပါတယ်။သူတစ်ပါးအလှူကို တားမြစ်သူဟာ အလှူပြုသူ ကုသိုလ်ရ မယ့်အလုပ်ကို အန္တရာယ်ပြုရာရောက်ခြင်း၊ အလှူခံပုဂ္ဂိုလ် ရရှိမယ့် ဝတ္ထုပစ္စည်း မရအောင် အန္တရာယ်ပြုရာရောက်ခြင်း၊ မလိုမုန်းထား စိတ်နဲ့ တားမြစ်တဲ့အတွက် သူ့ဂုဏ်သိက္ခာကို ပြန်ဖျက်ဆီးပြီးသား ဖြစ်နေခြင်းဆိုတဲ့ အန္တရာယ် (၃)ခု ကျရောက်စေကြောင်း မှတ်သား ရပါတယ်။’လက်၏ အဆင်တန်ဆာသည် လက်ဝတ်ရတနာ မဟုတ်။ ပေးကမ်းစွန့်ကြဲခြင်းသာ ဖြစ်သည်’ဆိုတဲ့စကား လက်ကိုင်ထားပြီးတတ်နိုင်သမျှ လှူဒါန်း မျှဝေရင်းနဲ့ ဆေးကြောပြီးသော လက်တွေကို ဖျက်လိုဖျက်ဆီးမလုပ်ကြဖို့ တိုက်တွန်းလိုရင်းပါပဲ။
မိုးအောင်လင်းနိုင် (ရိုးရာလေး)