မြို့ပြကြီးမှာ အထီးကျန်မနေစေဖို့

8-7-2020-yyl-026.jpg

အရမ်း ပင်ပန်းတာပါပဲ။ မြို့ပြရဲ့ နေ့စဉ်ဘဝမှာရုန်းကန်းနေရတာ အရမ်းပင်ပန်းတာပဲလို့ပြောချင်ပေမဲ့

ကိုယ့်မှာပြောပိုင်ခွင့်မရှိ။ သူသူငါငါ ဒီလိုပဲလှုပ်ရှားနေကြရတာမဟုတ်လား။

အလုပ်ကပင်ပန်းရတဲ့ထဲ၊ အိပ်ချိန်မဝရတဲ့ထဲ၊ ကျောင်းပြေးတက်လိုက်၊ အလုပ်ပြေးလုပ်လိုက်နဲ့ ဗျာများနေရတဲ့ထဲကနေမှ လူတချို့ရဲ့ အကျော်အခွခံရတာမျိုးတွေ၊ အနင်းခံရတာမျိုးတွေ၊ နောက်ကျောကို ဓားနဲ့ထိုးခံရတာမျိုးတွေ၊ ယုံကြည်မှူကို ချနင်းခံရတာမျိုးတွေဆိုတာ အမြဲကြုံတွေ့နေရလို့ ရိုးတောင်အီနေပါပြီ။ အနားမှာ ဘယ်သူမှမရှိလို့ဆိုတာထက် ဒီလိုအတုအယောင်တွေကြားထဲမှာ ရုန်းကန်နေရတဲ့မြို့ပြကနေ့ရက်တွေက ပိုလို့အထီးကျန်ပါတယ်။ ပိုပြီးမှောင်မိုက်ပါတယ်။

သင်က ဒီလိုအခြေအနေမျိုးတွေနဲ့ ကြုံတွေ့နေရသူတစ်ယောက်ဆိုရင် ဒါဟာသင်တစ်ယောက်တည်းဖြစ်နေတဲ့အရာမဟုတ်ဘူးဆိုတာ မမေ့ပါနဲ့။ ဆယ်တန်းအောင်ပြီးတော့၊ ဘွဲ့ရပြီးတော့ အလုပ်လုပ်ဖို့၊ ကျောင်းတက်ဖို့ဆိုပြီး ကိုယ့်မြို့ငယ်လေးကိုစွန့်ခွာ၊ မြို့ပြကြီးကို ရည်ရွယ်ချက်ကိုယ်စီနဲ့ ရောက်လာကြသူတွေအများကြီးပါ။

ဒီလိုလူမျိုးတွေအားလုံးအတွက်ဆိုပြီး မြို့ပြကြီးမှာ ဘယ်လိုအထီးကျန်မှုကင်းကင်းနဲ့နေကြမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ကျွန်တော်တို့ ရိုးရာလေးက တင်ဆက်ပေးသွားချင်ပါတယ်။ အထောက်အကူဖြစ်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဆက်ပြီးတော့ ကြည့်လ်ိုက်ကြရအောင်ပါ။

၁။ လူအများနဲ့ လေ့ကျင့်ခန်းတွဲလုပ်ပါ

ပြောချင်တာက ‘ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ပစ်’ ဖို့ပါ။ အားကစားခန်းမသွားမယ်။ ပြီးရင် ခန္ဓာကိုယ်လှပအောင် လေ့ကျင့်ခန်းတွေလုပ်ကြမယ်။ သူငယ်ချင်းအသစ်တွေလည်းရလာမယ်။ ခန္ဓာကိုယ်လေးလည်းလှသွား၊ မိတ်ဆွေအသစ်တွေလည်းတိုးသွား ဘယ်လောက်ကောင်းလိုက်လဲနော်။ နောက်ထပ်လေ့ကျင့်ခန်းလုပ်ပေးခြင်းက သွေးလည်ပတ်မှုကောင်းစေပြီး စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။ ကိုယ့်ကိုယုံပါ။ လေ့ကျင့်ခန်းလုပ်ရတာကပျော်ဖို့ကောင်းတယ်။ ဒါကြောင့်မို့လို့ စိတ်ကူးမလွဲဘဲ ကြိုးစားကြည့်လိုက်ပါနော်။

၂။ မျက်နှာချင်းဆိုင် စကားပြောပေးပါ

ကဲ … ဘဝင်မကျတဲ့ကိစ္စလေးကို ပြောရပါဦးမယ်။ အလုပ်ထဲမှာ အရမ်းပင်ပန်းတာပဲတဲ့။ ကျောင်းမှာရောပဲတဲ့။ ကိုယ်ပိုင်အချိန်တို့၊ မိသားစုအချိန်လေးတို့ဆိုတာ ဘယ်ဆီနေမှန်းတောင် မသိဘူးတဲ့။ ညည်းကြတယ် ညည်းကြတယ်ဆိုတာ။ ဪ … အိမ်ပြန်ရောက်လာပြီး မိသားစုနဲ့တွေ့တဲ့အချိန်လည်း ရောက်ရော ဖုန်းကို လက်ထဲကမချတော့ဘူး။ သူငယ်ချင်းတွေနဲ့တွေ့လည်း ဒီလိုပဲ။ ပွတ်နေလိုက်တဲ့ဖုန်းဆိုတာ။ မျက်နှာချင်းဆိုင်လေး စကားပြောပေးကြပါ။ တစ်ဖက်လူကိုလည်း လေးစားရာရောက်သလို ကိုယ်လည်းအပြောင်းအလဲလေးဖြစ်တာပေါ့။ ကိုယ့်အထီးကျန်မှုကို ကိုယ်တိုင်မဖန်တီးယူပါနဲ့လို့ပဲ ပြောချင်ပါတယ်။ မယုံမရှိပါနဲ့။ ဆိုရှယ်မီဒီယာအသုံးများရင် စိတ်ဖိစီးမှုနှုန်းမြင့်တက်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတဲ့အဖြေကိုတော့ ဆောင်းပါးအရမ်းရှည်သွားမှာစိုးတာကြောင့် နောက်ပိုင်းအလျဉ်းသင့်တဲ့အခါ ဖော်ပြပေးသွားပါ့မယ်။

၃။ သူစိမ်းတွေနဲ့လည်း စကားပြောပေးပါ

ကိုယ်ပြောတာက စကားပြောခိုင်းတာနော်။ အယုံအကြည်တွေလွန်ပြီး ရှိရှိသမျှ အကုန်မဖွင့်ချပြလိုက်ပါနဲ့။ တော်ကြာ ဟိုက နောက်ကျောဓားနဲ့ထိုးသွားမှဖြင့် ပိုပြီးစိတ်ဖိစီးနေရပါဦးမယ်။ သူစိမ်းတွေနဲ့စကားပြောမယ်။ အတွေ့အကြုံအသစ်တွေယူမယ်။ ဘဝသင်ခန်းစာတွေကို လေ့လာမယ်။ ဘယ်လောက်ကောင်းလိုက်လဲ။ တစ်ယောက်၊ နှစ်ယောက်၊ သုံး၊ လေးယောက် ကိုယ့်ဘက်ကစပြီး မိတ်ဆွေဖွဲ့ကြည့်ပါ။ နောက်ပိုင်းပြောရဲဆိုရဲရှိလာပြီး လူပေါင်းဆန့်သွားပါလိမ့်မယ်။

၄။ အကူအညီပေးပါ

တစ်နေ့ကို ကောင်းမှု ကုသိုလ်တစ်ခုလောက်တော့ လုပ်ပေးပါ။ ဥပမာအနေနဲ့ စာရေးသူဆို လမ်းသွားရင်း တောင်းရမ်းနေကြသူတွေနဲ့ တွေ့တဲ့အခါ တတ်နိုင်သလောက်လေး ပိုက်ဆံထည့်ပေးပါတယ်။ အရမ်းစိတ်ညစ်နေတဲ့နေ့မျိုးတွေဆို မုန့်လေးဘာလေးဝယ်ပြီး ချို့တဲ့တဲ့ကလေးလေးတွေကို ပေးတတ်ပါတယ်။ လှည်းတန်းတို့၊ မြေနီကုန်းတို့လို့တံတားအောက်တွေမှာဆိုပေါလွန်းလို့ပါ။ ပြောချင်တာက ကိုယ့်ကြောင့်တစ်စုံတစ်ယောက်ပြုံးသွားတယ်။ သူ့အတွက်အထောက်အပံ့ဖြစ်သွားတယ်ဆိုတဲ့ ခံစားချက်လေးပါ။ အရမ်းစိတ်ဓာတ်ကျနေတဲ့ နေ့မျိုးတွေရှိမယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမဲ့နေတယ်လို့ခံစားနေရတဲ့အခါမျိုးတွေရှိမယ်။ အဲဒီလိုအခါမျိုးတွေမှာ ကောင်းမှုကုသိုလ်လေးတစ်ခုခုလုပ်ပြီးကိုယ့်ကိုယ်ကိုယ် ပြန်ကယ်တင်ပါ။ စဉ်းစားမရတဲ့အဆုံး အိမ်ကလူတွေကိုပဲဖြစ်ဖြစ် မုန့်လေးဘာလေးဝယ်ကျွေးလိုက်ပါ။ လမ်းဘေးခွေးလေးတွေကို အစာကျွေးလည်းရပါတယ်။ ဆိုလိုချင်တာကတော့ စိတ်ကင်းကင်းနဲ့ ကုသိုလ်ကောင်းမှုလေးတစ်ခုခုကို လုပ်ဖြစ်အောင်လုပ်လိုက်ဖို့ပါပဲ။

ကဲ … ဒီလောက်ဆို အထီးကျန်၊ ငြီးငွေ့စရာကောင်းတဲ့ မြို့ပြကနေ့ရက်တွေကို ဘယ်လိုဖြတ်ကျော်ရမလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေကို သိပြီးလောက်ပြီထင်ပါတယ်။ စာဖတ်ပရိတ်သတ်တွေထဲကလည်း အဆငိပြေမယ်ဆို အထီးကျန်နေရတဲ့အချိန်မျိုးတွေရှိတဲ့အခါ ဘယ်လိုဖြတ်ကျော်တတ်လဲ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကယ်တင်တတ်လဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြန်လည်ဝေမျှပေးသွားကြပါဦး။

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top