စံနှုန်းမဲ့

13063111_1077068719003046_29238822526068063_o.jpg

ကျွန်တော်နှင့် သူငယ်ချင်း ကျောင်းဆရာလေးတို့လည်း သင်္ကြန်ပိတ်ရက်အတွင်း ဒေသ ဗဟုသုတလည်း ရရှိရန်အတွက် ကျောင်းနေဘက် သူငယ်ချင်းများရှိရာ အညာရွာကလေးများသို့ ခရီးထွက်ခဲ့ကြခြင်းဖြစ်သည်။ အညာဒေသ၏ သာယာလှသော ရှု့ခင်းများ ထန်းပင်များနှင့် ချစ်စဖွယ် ရွာဓလေ့များကြောင့် ကြည်နူးရသည်။ ဓါတ်ပုံတွေလည်း ရိုက်ဖြစ်ကြသည်။

ရွာဆိုသော်လည်း ရှေးကကဲ့သို့ မဟုတ်တော့ပေ၊ မြို့နှင့်ရွာ ကွာဟချက်သည် အနည်းအကျင်းသာ ရှိတော့ကြောင်း တွေ့ရပြန်သည်။ ဂြိုလ်တုစလောင်းများ၊လက်ကိုင်ဖုန်းများ၊ အင်တာနက် စသည်ဖြင့် ရွာသည်လည်း တိုးတက်လျှက်ရှိပေသည်။ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်လည်း ရွာထိပ်ပိုင်းရှိ လယ်ကစဉ်ရိုးတွင် ထိုင်ရင်း အတွေးတစ်ခုကို ဆွေးနွေးဖြစ်လေသည်။ တောရွာကလေးတွင် နေထိုင်သူတို့ မြို့က အသုံးအဆောင်အစ္စည်းများကို သေချာသုံးစွဲသည်နှင့် မြို့ကဲ့သို့ တိုးတက်လာပြီးဟု ပြော၍ရသလား နှင့် မြို့တွင် တောရွာကဲ့သို့ သဘာဝ သစ်တောဥယျာဉ် တည်ဆောက်လိုက်ရုံနှင့် တောအလှနှင့် သဘာဝ တောရွာနေ ရွာသူရွာသားတို့၏ ရိုးသားခြင်းများ မြို့ပေါ်သို့ ရောက်လာသလား ဆိုသည့်အချက်ကို ဆွေးနွေးဖြစ်ကြသည်။

ဒီနေရာတွင် လူတစ်ဦးနှင့်တစ်ဦး တူမည်တော့ မဟုတ်ပေ၊ ထင်မြင်ချက် အမျိုးမျိုး ထွက်လာနိုင်ပေသည်။ တိုးတက်ခြင်း ဆုတ်ယုတ်ခြင်းဆိုသည့်အရာများကို မည်သည့်စံဖြင့် တိုင်းတာပါသနည်းဆိုလျှင် ပြောရခက်ပေမည်။ လူမှု့နယ်ပယ်ရှိ တစ်ဦးနှစ်တစ်ဦး၊ အဖွဲ့အစည်း တစ်ခုနှင့်တစ်ခု၊ လူမျိုး တစ်ခုနှင့်တစ်ခု၊ နိုင်ငံ တစ်နိုင်ငံနှင့်တစ်နိုင်ငံ စသည်ဖြင့်ရှိရာ ထို့သူတို့၏ လူမှု့ပြဿနာများကို ဖြေရှင်းရသည့်မှာ လွယ်ကူသည်တော့ မဟုတ်ပေ။ အမျှော်အမြင် အဆင်အခြင်တွေရှိဖို့လိုသည်၊ လောကဒသနတွေ ပြည့်ဝဖို့လိုသည်။ သိပ္ပံပညာနယ်ပယ်မှ ပြဿနာတစ်ခုကို ဖြေရှင်းရန်အတွက် တိကျသော စံနှုန်းများ သီအိုရီများစွာရှိသော်လည်း လူမှု့နယ်ပယ်အတွက် တိကျသော စံနှုန်း မရှိသဖြင့် စံနှုန်းမဲ့ သီအိုရီများသာ ရှိပေသည်။ ထိုကြောင့် တောရွာနှင့် မြို့ကြီးပြကြီးဟုသည်ကို တိုင်းတာသော စံနှုန်းမရှိပေ။ ရွာတွင်နေထိုင်သည်ဖြစ်စေ၊ မြို့တွင်နေထိုင်သည်ဖြစ်စေ၊ ကျွန်တော်တို့ ဘိုးဘေးအစဉ်အဆက်က လက်ဆင့်ကမ်းခဲ့သော ယဉ်ကျေးမှုမှသည် ရိုးသားဖြူစင်ခြင်း ရှိနေရန်သာ လိုအပ်ပေသည်။ နေထိုင်သည့်နေရာသည် အဓိကမကျသကဲ့သို့ သုံဆောင်နေရသော ရုပ်ပစ္စည်းအရာများသည်လည်း အရေးမကြီးပေ။ အရေးကြီးသည်က စိတ်ဓာတ်ကလေးပင်ဖြစ်ကြောင်း ဆွေးနွေးဖြစ်ကြပြန်သည်။

စိတ်သည် အထိန်းအကွတ်မဲ့ဖြစ်သည်ဟု အချိုက ဆိုကြသည်။ ဟုတ်ချင်ဟုတ်ပေမည် သို့သော် စိတ်ကို အသိပညာ ဗဟုသုတဆိုသည့်အရာများဖြင့် ထိန်းချုပ်ထားရမည် ဖြစ်သည်။ လူသည် မိမိပိုင်ဆိုင်သော စိတ်ကို အသိပညာဟုသော အထိန်းအကွတ်ဖြင့် ထိန်းကျောင်းနိုင်သဖြင့် ယနေ့ကမ္ဘာကို ကြီးစိုးနိုင်ခြင်း ဖြစ်သည်။ စိတ်ကို အထိန်းအကွတ်မရှိ လွတ်ထားသည့် သက်ရှိများစွာရှိရာ ထိုသက်ရှိကို လူ ဟုမခေါ်ပေ၊ တိရိစ္ဆာန်များအဖြစ်သာ သတ်မှတ်ခံရလေသည်။ထို့ကြောင့် လောကတွင် စိတ်ကို အသိပညာ ဗဟုသုတများဖြင့် ထိန်သိမ်းနိုင်သူများအနေဖြင့် လောကကို လှပစေသူများ ဖြစ်လာမည်ဖြစ်သည်။ ထို့စိတ်ဓါတ် မြင့်မားခြင်း နိမ့်ကျခြင်းအတွက် စံထားသော သီအိုရီလည်း မရှိပေ။ မိမိနေထိုင်ရာ ပတ်ဝန်းကျင်သည် မိမိကြောင့် လှပခြင်း၊ စိတ်ချမ်းသာခြင်းတို့နှင့် ပြည့်စုံနေသည်ဆိုလျှင် မည်သည့်နေရာတွင်ဖြစ်ပါစေ သင့်ပျံနေမည်သာဖြစ်သည်။ မိမိနေထိုင်ရာ ပတ်ဝန်းကျင်သည် မိမိကြောင့် အရုပ်ဆိုး အကျီးတန်ရသည်၊စိတ်သောကရောက်ကြရသည်ဆိုလျှင် မည်သည့်နေရာတွင်မဆို အကျိုးသက်ရောက်မည် ဖြစ်သည်။ တောရွာဖြစ်စေ ကမ္ဘာကျော် မြို့တော်တွင်ဖြစ်စေ ထိုမြို့ ထိုရွာများ၏ ရုပ်ပိုင်း တိုးတက်ခြင်းထက် ထိုမြို့ ထိုရွာများတွင် နေထိုင်သူများ၏ စိတ်ဓာတ်ကသာ အဓိကကျကြောင်း ဆွေးနွေးဖြစ်ကြသည်။

နေဝင်သွားပြီးဖြစ်သဖြင့် စကားဖြတ်လိုက်ကြသေည်လည်း ရင်ထဲတွင် စံနှုန်ူမဲ့သော လူတို့၏ စိတ်ဓာတ် သဘောတရားများကို တွေးထင်နေတော့သေည်။ ကမ္ဘာ၏ တိုးတက်ဆုံးနေရာတွင် နေသည်ဖြစ်စေ အဆင်းရဲဆုံးနေရာတွင် နေသည်ဖြစ်စေ မိမိ၏စိတ်ဓာတ်ကောင်းဖြင့် ပတ်ဝန်းကျင်ကို လှပစေသူဖြစ်ရန်သာ အရေးကြီးကြောင်း တွေးနေမိသည်။ လူတို့၏စိတ်ကို တိုင်တာရန်အတွက် စံနှုန်းတစ်ခု တိတိကျကျ မရှိသေးကြောင်း ဆက်တွေးနေမိပြန်ပါသည်။

လေပြေမောင် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top
Englishဗမာစာ