အာရှရဲ့တိုက်ဖွန်းမုန်တိုင်းတွေက ၂၁၀၀ပြည့်နှစ်မှာ နှစ်ဆအားကောင်းလာနိုင်ကြောင်း ဟောင်ကောင်လေ့လာချက်က ဆို

28.12.2021yyl5.jpg

အာရှတိုက်က တိုက်ဖွန်းမုန်တိုင်းတွေရဲ့အဖျက်စွမ်းအားက ရာစုနှစ်အကုန်မှာ နှစ်ဆနီးပါးရှိလာနိုင်တယ်လို့ The Chinese University of Hong Kong (CUHK) ရဲ့ လေ့လာချက်အရ သိရပါတယ်။ ကုန်တွင်းပိုင်းမှာ တိုက်ဖွန်းမုန်တိုင်းရဲ့ပျမ်းမျှလေတိုက်နှုန်းက တစ်နာရီကို ၆ ရာခိုင်နှုန်း (သို့) ၇.၂ ကီလိုမီတာအထိ အားကောင်းနိုင်တယ်လို့ တက္ကသိုလ်နဲ့ ကွမ်တုန်း-ဟောင်ကောင်-မကာအို ဂရိတ်ပင်လယ်အော်ဧရိယာမိုးလေဝသစောင့်ကြည်သတိပေးရေးနဲ့ ကြိုတင်ခန့်မှန်းရေးစင်တာက သုတေသီတွေက ရေးသားဖော်ပြထားပါတယ်။

“အဲဒီအချိန်ကျရင် ပျမ်းမျှတိုက်ဖွန်းမုန်တိုင်းတစ်ခုက ငါးနာရီဝန်းကျင်ကြာမြင့်မှာဖြစ်ပြီး ၉၂ ကီလိုမီတာ (သို့) ၅၀ ရာခိုင်နှုန်းနဲ့ ကုန်းတွင်းပိုင်းကို ဆက်လက်ရွေ့လျားသွားမှာဖြစ်ပြီး ဖျက်စီးနိုင်စွမ်းအားက နှစ်ဆနီးပါးတိုးလာမယ်” လို့ CUHK ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ခန့်မှန်းချက်တွေက အဆိုးရွားဆုံးရာသီဉတုပြောင်းလဲမှုဖြစ်စဉ်အပေါ်အခြေခံထားပါတယ်။

၁၉၇၉ ခုနှစ်နဲ့ ၂၀၁၆ခုနှစ်ကြား အပူပိုင်းမုန်တိုင်းတွေက ၂ နာရီကနေ ၉ နာရီအထိတိုးလာခဲ့ပြီး ကုန်းတွင်းပိုင်းမှာ ကီလိုမီတာ ၃၀ ကနေ ၁၉၀ ကီလိုမီတာအထိ ထိုးဖောက်ဝင်ရောက်ခဲ့ကြောင်းလည်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ “ပုံရိပ်ပြတ်သားမှုမြင့်မားတဲ့ ရာသီဉတုပုံစံခန့်မှန်းချက်တွေပေါ်အခြေခံပြီး ကမ္ဘာကြီးပူနွေးလာမှုက ကုန်းတွင်းပိုင်းတိုက်ဖွန်းမုန်တိုင်းတွေဆက်လက်တိုးလာစေမှာပြီး ကုန်တွင်းပိုင်းဒေသတွေမှာ သက်ရောက်မှုဖြစ်စေမှာဖြစ်တယ်” လို့ တက္ကသိုလ်ရဲ့ Earth System Science ပရိုဂရမ်ရဲ့ တွဲဖက်ပါမောက္ခ ဖရန်စစ် တမ် ချီယွန် (Francis Tam Chi-yung) က ပြောပါတယ်။

“ရာသီဉတုဖောက်ပြန်ပြောင်းလဲမှုကြောင့် အာရှကုန်းတွင်းပိုင်းဒေသတွေဟာ အနာဂတ်မှာ နောက်ထပ်ပြင်းထန်တဲ့ တိုက်ဖွန်းနဲ့ ဆက်နွယ်တဲ့ အန္တရာယ်တွေကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် အဲဒီဒေသတွေမှာ သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုနဲ့ ခံနိုင်ရည်အားမြှင့်တင်ပေးဖို့ ရေရှည်စီမံကိန်းရေးဆွဲတာက မရှိမဖြစ်အရေးကြီးတယ်” လို့ ဆိုပါတယ်။ ကုန်းတွင်းပိုင်းသက်ရောက်မှုမှာ အသိသားဆုံးက ဗီယက်နမ်ရဲ့မြို့တော် ဟနွိုင်းနဲ့ ဟောင်ကောင်ကို လွှမ်းခြုံထားတဲ့ တောင်တရုတ်ဒေသတွင် ဖြစ်ပွားခဲ့ကြောင်း ဖရန်စစ်က မှတ်ချက်ပြုခဲ့ပါတယ်။

CUHK ဉီးဆောင်တဲ့ လေ့လာမှုက ခန့်မှန်းချက်တွေဟာ လူအဖွဲ့အစည်းက ထိရောက်တဲ့ ပေါင်းစပ်ဖြေရှင်းချက်ကို မပေးနိုင်တဲ့အတွက် ရာစုနှစ်တစ်လျှောက်လုံး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု မြင့်တက်လာမယ်လို့ ယူဆထားတဲ့ RCP 8.5 မြင့်မားစွာ ထုတ်လွှတ်မှုဖြစ်စေတဲ့ ကမ္ဘာကြီးပူနွေးလာမှုအခြေအနေပေါ် အခြေခံထားပါတယ်။

အကောင်းဆုံးခန့်မှန်းချက်တွေအရ ကမ္ဘာမြေကြီးရဲ့အပူချိန်က ၂၁၀၀ ပြည့်နှစ်မှာ ၂.၇ နဲ့ ၄.၄ ဒီဂရီကြား မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားတဲ့ ၂၀၂၁ခုနှစ် ဩဂုတ်လမှာ ထုတ်ဝေခဲ့တဲ့ နောက်ဆုံးပေါ်ခွဲခြမ်းစိတ်ဖြာချက်မှာ မတူညီတဲ့အခြေအနေမျိုးစုံကို လက်ခံကျင့်သုံးခဲ့ပါတယ်။ ရာသီဉတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ သမုဒ္ဒရာတွေရဲ့ပူနွေးလာမှုက ပိုပြီးပျက်စီးစေနိုင်တဲ့အကျိုးဆက်တွေနဲ့အတူ အပူပိုင်းမုန်တိင်းတွေကို ပိုမိုပြင်းထန်လာစေနိုင်ပြီး ကုန်းတွင်းပိုင်းဆီ သွားလာတဲ့ အကွာအဝေးကို တိုးမြှင့်လာစေနိုင်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

ကမ္ဘာကြီးပူနွေးလာမှုက ဆက်လက်ဖြစ်ပေါ်နေတဲ့အတွက် ကမ္ဘာတစ်ဝှမ်းမှာ ပြင်းထန်တဲ့ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတွေရဲ့အကြိမ်ရေနဲ့ အပြင်းထန်ဆုံးမုန်တိုင်းတွေရဲ့ အမြင့်ဆုံးလေတိုက်နှုန်းက တိုးလာမယ်လို့ IPCC ရာသီဉတုပြောင်းလဲမှုဆိုင်ရာအစိုးရအဖွဲ့အစည်းရဲ့ကျွမ်းကျင်ပညာရှင်တွေကလည်း ခန့်မှန်းခဲ့ကြပါတယ်။

သုတေသီတွေက အဆိုးဆုံးအခြေအနေအထိ ခန့်မှန်းမှုတွေ လုပ်လေ့ရှိတာကြောင့် CUHK ရဲ့လေ့လာတွေ့ရှိချက်တွေက အံ့အားသင့်စရာတော့မဟုတ်ခဲ့ဘူးလို့ ဟောင်ကောင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ The Green Earth ရဲ့တည်ထောင်သူနဲ့ အမှုဆောင်ဒါရိုက်တာ အက်ဝင်း လု ချီဖန် (Edwin Lau Che-feng) က ဆိုပါတယ်။ “အခုဆို ကျွန်တော်တို့ တိုက်ဖွန်းမုန်တိုင်းတွေရဲ့အင်အားကို လျှော့ချဖို့နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ကျဆင်းအောင် လုပ်ဆောင်ရတော့မှာပါ။ တရုတ်နဲ့ ဟောင်ကောင်က အစိုးရတွေဟာ အရေးယူဆောင်ရွက်နေပြီး လျှပ်စစ်၊ စွမ်းအင်ကုမ္ပဏီတွေလည်း သေချာပေါက် ဖိအားပေးခံနေရပါတယ်” လို့ အက်ဝင်းက ပြောကြားခဲ့ပါတယ်။

ကမ်းရိုးတန်းဒေသတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ရာသီဉတုပြောင်းလဲမှုရဲ့သက်ရောက်မှုကို ခွဲခြမ်းစိတ်ဖြာမယ့် ကမ်းရိုးတန်းစီမံခန့်ခွဲမှုလေ့လာချက်တစ်ခုစတင်ဖို့ စီစဉ်နေပြီး ဒီလေ့လာချက်က ရာသီဉတုပြောင်းလဲမှုကို ရင်ဆိုင်ဖို့အတွက် ရေရှည်လိုက်လျောညီထွေဖြစ်စေမယ့် မဟာဗျူဟာတွေနဲ့ ကာကွယ်ရေးအစီအမံတွေကို ချမှတ်ဖို့အတွက် အကူအညီဖြစ်စေမှာဖြစ်တယ်လို့ ဟောင်ကောင်မြို့ပြအင်ဂျင်နီယာနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဌာနကလည်း ဆိုထားပါတယ်။

Ref: AsiaOne “Asia’s typhoons may be twice as powerful by 2100, says Hong Kong study”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top