ကလေးရဲ့ကြီးထွားမှုနှုန်းကို တန့်သွားစေနိုင်တဲ့ အရာများ

28.12.2021yyl4.jpg

သင့်ရဲ့ကလေးကျန်းမာရေးကို အစားအစာ၊ တစ်နေ့တာအလေ့အထတွေအပါအဝင် အထောက်အကူပြုနေတဲ့ အရာများစွာရှိပါတယ်။ ဒါ့အပြင် အသက် ၁ နှစ် ကစပြီး လူလားမြောက်တဲ့အချိန်ထိ ကလေးလုပ်သမျှအရာတိုင်းကလည်း သူ့ရဲ့အရပ်အမြင့်နဲ့ ကြီးထွားမှုအပေါ် တိုက်ရိုက်သက်ရောက်မှုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိဘတွေက ဘယ်လိုအရာတွေ၊ ဘယ်လိုမျိုးတွေလုပ်ရင် မိမိရဲ့သားသမီးတွေရဲ့ကျန်းမာရေးနဲ့ ကြီးထွားမှုအပေါ် မကောင်းတဲ့သက်ရောက်မှုဖြစ်စေလဲဆိုတာ သိဖို့ လိုပါတယ်။ ကလေးရဲ့ကြီးထွားမှုနှုန်းကို တန့်သွားစေမယ့် အရာအနည်းငယ်တော့ရှိပါတယ်။

အဆီများတဲ့ အစားအစာ၊ သွားရည်စာ

အဆီများတဲ့အစားအစာ၊ အရမ်းကြွပ်ရွနေအောင် ကျော်ထားတဲ့အစားအစာ၊ လမ်းဘေးအစားအစာ၊ သွားရည်စာတွေလို Junk Food တွေက အာဟာရဓာတ်တန်ဖိုးအများကြီးမပါဝင်ပါဘူး။ အဲဒီအစားအစာတွေက ကလေးရဲ့ကြီးထွားမှုနှုန်းကို တန့်စေနိုင်တဲ့ အဆီနဲ့ ကာဗွန်ဟိုက်ဒရိုတ်တွေနဲ့ ပြည့်ဝနေတာပါ။ မိဘတွေက ကလေးရဲ့ကြီးထွားမှုနှုန်း တန့်မသွားစေဖို့အတွက် ငယ်ငယ်လေးကတည်းက ဂရုတစိုက်ကျွေးမွေးသင့်ပါတယ်။

အချိုရည်

ဖော့စဖောရတ်ဆိုတဲ့ သတ္တုဓာတ်ပါဝင်တဲ့ အချိုရည်တွေ၊ ဆိုဒါတွေကလည်း ကလေးရဲ့ကြီးထွားမှုနှုန်းကို တန့်သွားစေနိုင်ပါတယ်။ ဖော့စဖောရတ်ကို ပမာဏအများကြီး စားသုံးရင် ကယ်စီယမ်ပမာဏအပေါ် ဆိုးကျိုးသက်ရောက်စေပြီး အရိုးသိပ်သည်းမှုကို လျော့နည်းသွားစေနိုင်ပါတယ်။

သကြား

သကြားအများကြီးစားသုံးတာကလည်း ကလေးရဲ့ကြီးထွားမှုနှုန်း၊ အရပ်အမြင့်ပေါ် သက်ရောက်မှုဖြစ်စေနိုင်ပါတယ်။ သကြားက ခန္ဓာကိုယ်တွင်းက အင်ဆူလင်ပမာဏကို တိုးမြှင့်စေပြီး ခန္ဓာကိုယ်ကြီးထွားမှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။

အိပ်စက်ချိန်အားနည်းတာ

ကောင်းကောင်းအိပ်စက်တာက ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုကို တိုးမြှင့်ပေးနိုင်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်စဉ်အတွင်း ခန္ဓာကိုယ်က ကြီးထွားမှုအတွက် လိုအပ်တဲ့ ဟော်မုန်းကို ထုတ်လွှတ်ပေးလို့ပါပဲ။

လှုပ်လှုပ်ရှားရှားမနေတာ

လှုပ်လှုပ်ရှားရှားမနေဘဲ အိမ်ထဲမှာပဲ ဂိမ်းဆော့နေတာ၊ တီဗီကြည့်နေတာတွေကလည်း ကလေးရဲ့ကြီးထွားမှုနှုန်းကို တန့်သွားစေနိုင်တဲ့ အကြောင်းအရင်းတွေထဲမှာ ပါဝင်ပါတယ်။ ဖြစ်နိုင်ရင် မိဘတွေက ကလေးငယ်သေးရင် ဂိမ်းမဆော့ခိုင်းပါနဲ့။ ဂိမ်းဆော့ရင်လည်း အချိန်အကန့်အသတ်နဲ့ ဆော့ခိုင်းပါ။ လှုပ်လှုပ်ရှားရှားနေခိုင်းပါ။

ကိုယ်နေဟန်ထားအားနည်းတာ

ခန္ဓာကိုယ်အနေအထားမမှန်ဘဲ ထိုင်တာက သင့်ကလေးရဲ့ပခုံးကို ကိုင်းစေပြီး အရပ်ပုသလို ဖြစ်စေနိုင်ပါတယ်။ သင့်ကလေးရဲ့ကြီးထွားမှုနှုန်းတန့်မသွားစေဖို့၊ အရပ်မပုစေဖို့ ငယ်ငယ်လေးကတည်းက ကိုယ်နေဟန်ထားမှန်မှန်နဲ့ ထိုင်တက်အောင်၊ လမ်းလျှောက်တတ်အောင် သင်ကြားပေးသင့်ပါတယ်။

Ref: Things that can stunt your child’s growth

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top