၂၆ နှစ်အတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုကြုံပေမဲ့ စိမ်းစိုနေတဲ့ ပန်းခြံငယ်လေး

26-8-2022-yyl-01.jpg

အင်ဂိုးစ်ဘီရွာငယ်လေးမှာတော့ ပီတာဟာဒင်းရဲ့ပန်းခြံက အစိမ်းစိုဆုံးပဲ။ အင်္ဂလန် နိုင်ငံအနောက်ပိုင်းဒေသမှာ မိုးခေါင်ရေရှားလို့ ဒေသခံတွေ အနေနဲ့ သူတို့ရဲ့ပန်းခြံတွေကို ရေပိုက်နဲ့ ရေမဖြန်းကြဖို့ အစိုးရက ပိတ်ပင်ထားပါတယ်။ ဒါပေမဲ့ ပီတာဟာဒင်းကတော့ သူ့ပန်းခြံကို ရေပိုက်နဲ့ ရေဖြန်းနေတုန်းပါပဲ။ ဘာကြောင့်လဲဆိုတော့ နှစ် ၅၀ ကြာ သူ စုဆောင်းသိုလှောင်ထားတဲ့ မိုးရေတွေ လီတာ ၆၀၀၀ တောင် ရှိနေလို့ပါ။

အငြိမ်းစား ကျောင်းဆရာကြီး ပီတာဟာဒင်းက အသက် ၈၂ နှစ် ရှိပါပြီ။ ဒီဘန်ဂလိုလေးမှာ သူ နေလာတာတောင် ၅၂ နှစ် ရှိနေပါပြီ။ ၁၉၇၆ ခုနှစ်တုန်းက အင်္ဂလန်မှာ မိုးခေါင်ရေရှားမှု ဆိုးဆိုးရွားရွား ကြုံခဲ့ဖူးတယ်။ အဲဒီအချိန်ကစပြီး သူက မိုးရေခံတဲ့ အလေ့အထ လုပ်တယ်။ သူ့ဇနီးနဲ့သူ ဥရောပတခွင် ခရီးသွားတုန်းကလည်း ရှေးဟောင်း ဂရိမြို့တွေ၊ ရောမမြို့တွေရောက်တော့ နွေရာသီအတွက် မြေအောက် မိုးရေသိုလှောင်ခန်းတွေ ဆောက်ထားတာ သူ လေ့လာခဲ့တယ်။

ဒီလိုနဲ့ တဖြည်းဖြည်းချင်း မိုးရေသိုလှောင်ကန်တွေ ထပ်ဝယ်လိုက်၊ အရွယ်အစား ပိုကြီးလာအောင် လုပ်လာလိုက်တာ လွန်ခဲ့တဲ့ ၁၅ နှစ်မှာတော့ ၃၇၅ လီတာဆံ့တဲ့ မိုးရေကန် ၉ ကန်အထိ ရှိလာခဲ့တယ်။ ဘန်ဂလိုရေတံလျှောက်ကနေ ကျလာတဲ့ မိုးရေတွေကို တိုက်ရိုက်သိုလှောင်ပေးတာပါ။

ပီတာဟာဒင်း နေထိုင်ရာအရပ်က အင်္ဂလန်မှာ အခြောက်သွေ့ဆုံးပဲ။ အခုလည်း ၂၆ နှစ်အတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားမှု ကြုံနေရတယ်။ ဒါကြောင့် ဘုံပိုင်ရေရင်းမြစ်တွေကို ကာကွယ်ဖို့ ပန်းခြံတွေကို ရေပိုက်နဲ့မဖြန်းဖို့ တားမြစ်ထားတာပါ။ ပီတာဟာဒင်းကတော့ မိုးရေလှောင်ကန်တွေကနေ ပိုက်တွေသွယ်ပြီး ပန်းခြံကို ရေဖျန်းလို့ရအောင် စီမံထားတယ်။ ကန်တွေကိုလည်း ပိုက်နဲ့ဆက်ထားတော့ တစ်ကန်ကုန်သွားတာနဲ့ နောက်တစ်ကန်ဆီက ရေကို စုပ်ယူပြီးသားပဲ။

သူ့ဆီမှာ လီတာ ၆၀၀၀ သိုလှောင်နိုင်မယ့် ရေလှောင်ကန်တွေ ရှိနေပေမဲ့ လီတာ ၁၀၀၀ သိုလှောင်နေတဲ့ ရေကန် ၂ ကန် ထပ်ဝယ်မယ်၊ သိပ်မကြာခင် လီတာ ၉၀၀၀ အထိ သိုလှောင်သွားနိုင်အောင် ရည်ရွယ်တယ်လို့ ပီတာဟာဒင်းက ဆိုပါတယ်။

ကြိုတင်ပြင်ဆင်မှုကောင်းတဲ့ ကျောင်းဆရာကြီးရဲ့ ပန်းခြံလေးကတော့ အမြဲတမ်းစိမ်းစိုနေဦးမှာပါပဲ။

Ref: Man Stores Rainwater Since 1976 and Has 6,000 Liters to Get Through Drought

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top