တိုင်ကြားသူတွေကို အကာအကွယ်ပေးဖို့ ဥပဒေရေးဆွဲပြီး ၂၀၁၉ ခုနှစ်အတွင်း တိုင်ကြားစာ ရှစ်ထောင်ကျော်ကို လက်ခံရရှိခဲ့

yyl-024-4.jpg

အများပြည်သူအကျိုးအလို့ငှာ ထုတ်ဖော်သတင်းပေးသူတွေအတွက် အကာအကွယ်ပေးရေးဥပဒေကို ရေးဆွဲပြီးဖြစ်တယ်လို့ ဒီဇင်ဘာ ၉ ရက်၊ နံနက်ပိုင်းက ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကနေ သိရပါတယ်။

အခုလက်ရှိအချိန်မှာတော့ ဥပဒေအပြီးသတ်မူကြမ်းကို လုံခြုံရေး၊ တည်ငြိမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီကို တင်ပြဆောင်ရွက်နေပါတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ ကော်မရှင်အဖွဲ့ဝင် ဦးစိုးတင့်က အတည်ပြု ပြောကြားခဲ့ပါတယ်။

ဒီဥပဒေဟာ ထုတ်ဖော်သတင်းပေးသူတွေကို အကာအကွယ်ပေးဖို့ ကျယ်ကျယ်ပြန့်ပြန့် ပြဋ္ဌာန်းပေးနိုင်မှာ ဖြစ်တဲ့အတွက် တိုင်ကြားသတင်းပေးသူတွေ၊ သက်သေခံသူတွေကို အကာအကွယ်ပေးတဲ့နေရာမှာ ဥပဒေနဲ့အညီ အများကြီးဆောင်ရွက်ပေးသွားနိုင်မှာ ဖြစ်တယ်လို့လည်း ဦးစိုးတင့်က ဆိုပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီကနေ အောက်တိုဘာလအထိ လက်ခံရရှိခဲ့တဲ့ တိုင်ကြားစာ ၈၁၇၂ စောင်အပါအဝင် ကော်မရှင်သက်တမ်းနှစ်နှစ်အတွင်းမှာ တိုင်ကြားစာ စုစုပေါင်း ၁၉,၀၀၀ ကျော် လက်ခံရရှိခဲ့ပြီး ၁၈၆ ခုကို တရားစွဲဆိုနိုင်ခဲ့ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ကော်မရှင်သက်တမ်း ၄ နှစ်အတွင်းမှာ လက်ခံရရှိခဲ့တဲ့ တိုင်ကြားစာ ၄,၆၇၅ စောင်ထက် စာရင် အများကြီး မြင့်တက်လာခဲ့တာ ဖြစ်ပြီးတော့ ပြည်သူတွေအနေနဲ့ ကော်မရှင်ကို ပိုမိုယုံကြည်လာတဲ့ သဘောလည်းဖြစ်တယ်လို့ ဦးစိုးတင့်က သုံးသပ်ပါတယ်။

အခုလိုရရှိတဲ့တိုင်ကြားစာတွေကို တရားစွဲဆိုတာ၊ စုံစမ်းစစ်ဆေးတာ၊ စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူ ပေးနိုင်ဖို့ ဝန်ကြီးဌာနတွေ၊ တိုင်နဲ့ ပြည်နယ်အစိုးရအဖွဲ့တွေကို လွှဲပြောင်းပေးတာ၊ ကော်မရှင်အနေနဲ့ ဆောင်ရွက်မရလို့ ဘယ်လိုဆောင်ရွက်ရင် သင့်တယ်ဆိုပြီး အကြံပြုပြန်ကြားတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ်မှာ ပြဋ္ဌာန်းပြီးတော့ ဒီဥပဒေ မူဘောင် ပိုမိုခိုင်မာတောင့်တင်းလာဖို့အတွက် ပြင်ဆင်မှုတွေဆောင်ရွက်ခဲ့ရပြီး ၂၀၁၈ ခုနှစ်မှာ စတုတ္ထအကြိမ် ပြင်ဆင်ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။

အခုလိုပြင်ဆင်ပြီးတဲ့နောက်မှာတော့ လာဘ်ပေးလာဘ်ယူမှုတင်မဟုတ်တော့ဘဲ တည်ဆဲဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းတစ်ရပ်ရပ်ကို ဖောက်ဖျက်ပြီး နိုင်ငံတော်ရဲ့ ငွေကြေး၊ ပစ္စည်း၊ ပိုင်ဆိုင်မှုကို ထိခိုက် နစ်နာပျက်စီးဆုံးရှုံးတယ်ဆိုရင်လည်း အဂတိလိုက်စားမှု ပစ်မှုမြောက်မှာ ဖြစ်ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ စနစ်တစ်ခုလို အမြစ်တွယ်နေတဲ့ အဂတိလိုက်စားမှု ကျူးလွန်ခြင်းတွေကို ကိုင်တွယ်ဖြေရှင်းတာနဲ့အတူ အသိပညာပေးတာ၊ တားဆီးကာကွယ်တာနှင့် စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်တာတွေကို တပြိုင်နက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top