သည်ဟိဂျ်ခေါ်သံနောက်ကွယ်က မေးခွန်းများ

we-stand-with-you-1.jpg

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အမှုတင်သွင်းထားတာကို ဒီဇင်ဘာလ ၁၀ ရက်ကနေ ၁၂ ရက်အထိ ဟော်လန်နိုင်ငံ သည်ဟိဂျ်မြို့က နိုင်ငံတကာတရားရုံး(ICJ)မှာ ကြားနာမှာဖြစ်ပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ ကုလသမဂ္ဂပဋိဉာဉ်စာချုပ်ကို ချိုးဖောက်တယ်ဆိုပြီး အဖွဲ့ဝင်(၅၇)နိုင်ငံ ပါဝင်တဲ့ OIC(အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အမှုဖွင့်ခဲ့တာပါ။ ဒါဟာ စွပ်စွဲမှုနဲ့ တိုက်ရိုက်ဆက်စပ်မှုမရှိတဲ့ နိုင်ငံတစ်နိုင်ငံက Genocide Convention(ဂျီနိုဆိုက်ကွန်ဗန်းရှင်း) မှာ ပါဝင်လက်မှတ်ရေးထိုးထားတာကို အသုံးပြုပြီး ICJ မှာ ပထမဆုံးအကြိမ် အမှုဖွင့်တဲ့ဖြစ်ရပ်ပါပဲ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီး ICJ မှာ အမှုရင်ဆိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက ၁၉၅၆ ခုနှစ်မှာ ဂျီနိုဆိုက်ကွန်ဗန်းရှင်း အဖွဲ့ဝင်နိုင်ငံဖြစ်လာပြီး ဂမ်ဘီယာကတော့ ၁၉၇၈ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်မှာ ဂျီနိုဆိုက်ကွန်ဗန်းရှင်းအဖွဲ့ဝင်နိုင်ငံ ဖြစ်လာပါတယ်။

ICJ ကို နိုင်ငံအများအပြားက တရားသူကြီး ၁၅ ဦးနဲ့ ဖွဲ့စည်းထားပြီး တရားသူကြီးအားလုံး (၉)နှစ်တာဝန်ထမ်းဆောင်ရပါတယ်။ ICJ ရဲ့ ဥပဒေပုဒ်မ(၃၁)အရ ICJ မှာ တရားရင်ဆိုင်ရတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ICJ ရဲ့ တရားသူကြီးတွေထဲမှာ သူတို့နိုင်ငံသား မပါဘူးဆိုရင် ယာယီတရားသူကြီး(ad hoc judge)တစ်ဦး ခန့်အပ်ခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံက ဂျာမနီနိုင်ငံသား ပါမောက္ခ ကလော့ခရက်စ်(Claus Kress)ကို ယာယီတရားသူကြီးအဖြစ် ခန့်အပ်ထားပါတယ်။ ကလော့ခရက်စ်ဟာ ဂျာမနီနိုင်ငံ ကိုလုံးတက္ကသိုလ်ရဲ့ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဥပဒေသိပ္ပံဌာန(Institute of International Peace and Security Law)ဒါရိုက်တာဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံကတော့ တောင်အာဖရိကတရားသူကြီး နာဗီပီလေးကို ယာယီတရားသူကြီးအဖြစ် ခန့်အပ်ထားပါတယ်။ နာဗီပီလေးက ၂၀၀၈ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။

ICJ ဟာ ၂၀၀၇ ခုနှစ်တုန်းက ဆားဘီးယားနဲ့ ဘော့စနီးယားနိုင်ငံကြားက ဂျီနိုဆိုက်အမှုကို တရားစီရင်ခဲ့ဖူးပါတယ်။ ၁၉၉၃ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က အမှုဖွင့်တိုင်ကြားတာကို ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ စီရင်ချက်ချမှတ်ခဲ့တာဆိုတော့ ၁၃ နှစ်နဲ့ ၁၁ လကြာမြင့်ခဲ့ပါတယ်။ ဘော်လ်ကန်စစ်ပွဲအတွင်းမှာ ဘော့စနီးယားနိုင်ငံ၊ ဆရီဘရီနီကာမြို့မှာ ဂျီနိုဆိုက်ကျူးလွန်ခဲ့တယ်လို့ ICJ က စီရင်ချက်ချမှတ်ခဲ့ပါတယ်။ ဆားဘီးယားနိုင်ငံက ဂျီနိုဆိုက်ကျူးလွန်ခဲ့တာ မဟုတ်ပေမဲ့ ဂျီနိုဆိုက်မဖြစ်အောင် တားဆီးကာကွယ်ရမယ့် တာဝန်ကို ချိုးဖောက်ခဲ့တယ်၊ ဘော့စနီယားဆားဘီးယားဗိုလ်ချုပ် အမ်လာဒစ်ကို နိုင်ငံတကာ ရာဇဝတ်တရားရုံးရှေ့မှောက် ပို့ဆောင်ဖို့ ပျက်ကွယ်ခဲ့ပြီး ဂျီနိုဆိုက်ဖြစ်ရပ်အတွက် အပြစ်ပေးရမယ့်တာဝန်ကို ပျက်ကွက်ခဲ့တယ်လို့ ICJ က စီရင်ချက်ချမှတ်ခဲ့ဖူးပါတယ်။

ဂမ်ဘီယာနိုင်ငံက ICJ မှာ စွဲချက်တင်ထားတာ စာမျက်နှာ ၄၇ မျက်နှာပါဝင်ပါတယ်။ အဓိကအချက်တွေကတော့ ရိုဟင်ဂျာ(ဘင်္ဂါလီတွေ)အပေါ် လူမျိုးတုံးသတ်ဖြတ်ဖို့ ဆောင်ရွက်နေတာတွေကိုကို ရပ်တန့်ဖို့၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်အားလုံးကို ပြန်လက်ခံဖို့၊ ပြန်လည်ဝင်ရောက်လာမယ့် ဒုက္ခသည်တွေရဲ့ လုံခြုံရေးကို အာမခံဖို့၊ ရိုဟင်ဂျာ(ဘင်္ဂလီ)တွေကို နိုင်ငံသားအခွင့်အရေး အပြည့်အဝပေးဖို့၊ သူတို့ရဲ့ လူ့အခွင့်အရေးတွေကို ကာကွယ်ပေးဖို့၊ နောက်ထပ် လူမျိုးတုံးသတ်ဖြတ်မှုတွေ မဖြစ်အောင် မြန်မာအစိုးရက တာဝန်ယူဆောင်ရွက်ဖို့ စတဲ့အချက်တွေပါပဲ။ ICJ မှာ မြန်မာနိုင်ငံ အမှုဖွင့်ခံထားရတာနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ဝက်ဘ်ဆိုက်လို ပြည်ပမီဒီယာတွေက မြန်မာနိုင်ငံရဲ့ တရားရေးစနစ်ကို မေးခွန်းထုတ်ကြပါတယ်။ အင်းဒင်ရွာဖြစ်ရပ်အတွက် ထောင်ဒဏ်(၁၀)နှစ်ချမှတ်ခံထားရတဲ့ စစ်သည်(၇)ယောက်ကို ထောင်ဒဏ်(၇)လအကြာမှာပဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာကို ထောက်ပြခဲ့ကြပါတယ်။ ရွာတွေကို မြေလှန်ပစ်ပြီး သက်သေတွေ ဖျောက်ဖျက်တယ်လို့ စွပ်စွဲထားပါတယ်။

ICJ မှာ အမှုဖွင့်ခံရလို့ စစ်တပ်နဲ့ အစိုးရ ကျောချင်းကပ်မိသွားတဲ့ အရွေ့က အဆိုးထဲက အကောင်းလို့ ဆိုရမှာပါ။ ICJ မှာ မြန်မာနိုင်ငံ အမှုဖွင့်ခံရပြီးနောက်ပိုင်း အဖွဲ့အစည်းတချို့ရဲ့ သရုပ်မှန်ကို ပိုပြီးပီပြင်လာပါတယ်။ စွပ်စွဲချက်တွေကို ဖြေရှင်းနေချိန်မှာ အမျိုးသားညီညွတ်ရေးက အဓိကပါပဲ။ ရှေ့မှာရှိတဲ့ သာဓကအရ အချိန်တိုတိုနဲ့ ပြီးဆုံးသွားဖို့ မရှိပါဘူး။ အဲဒါကြောင့် ကာလရှည်စီမံကိန်းချမှတ် ပြင်ဆင်ထားရမယ့် အခြေအနေပါ။ နိုင်ငံတကာ အသိုက်အဝန်းမှာ မဟာမိတ်အင်အားကောင်းအောင် ပြင်ဆင်ထားပြီး နောက်ဆက်တွဲ အခြေအနေတွေကိုပါ ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ဆိုပါရစေ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top