လက်တွေ့ဘဝမှာ ရွှေရောင်နှလုံးသားပိုင်ရှင်ဖြစ်တဲ့ ဟောလိဝုဒ်ရဲ့လူကြမ်းကြီး ဒန်နီ ထရီဂျို

20-6-2022-yyl23.jpg

ဘဝမှာ အရေးကြီးဆုံးသင်ခန်းစာတွေထဲက တစ်ခုဟာ စာအုပ်တစ်အုပ်ကို အဲဒါရဲ့မျက်နှာဖုံးပဲ ကြည့်ပြီး အကဲမဖြတ်ဖို့ပါ။ ပုံပန်းအသွင်အပြင်တွေက လှည့်စားနိုင်ပြီး တစ်ခါတလေ အလွန်ခက်ထန်ကြမ်းတမ်းတဲ့လူတစ်ယောက်က နူးညံ့သိမ်မွေ့၊ ကြင်နာတတ်ပြီး စိတ်ကောင်းရှိနိုင်တယ်ဆိုတာပါပဲ။ အဲဒါရဲ့ အကောင်းဆုံးသာဓကကို ပြပါဆိုရင် သရုပ်ဆောင်မင်းသား ဒန်နီ ထရီဂျိုကို ပြရမှာပါ။

ဒန်နီ ထရီဂျိုက ရုပ်ရှင်ကားပေါင်း ၄၀၀ ကျော်မှာ ပါဝင်ခဲ့တဲ့ မက္ကဆီကန်နွယ်ဖွား သရုပ်ဆောင်တစ်ဉီးပါ။ သူဟာ လူကြမ်း (ဒါမှမဟုတ်) ရာဇဝတ်ကောင်အဖြစ် ရုပ်ရှင်ကားတွေမှာ မကြာခဏ ပါဝင်သရုပ်ဆောင်ခဲ့ရတာပါ။ သူ ပါဝင်ခဲ့တဲ့ လူသိအများဆုံးရုပ်ရှင်ကား (ဒါမှမဟုတ်) စီးရီးတချို့ကတော့ Con Air၊ Machete၊ Breaking Bad၊ Desperado၊ Once Upon a Mexico in Mexico နဲ့ Mini Spies တို့ပါ။ မကြာသေးခင်ကမှ Disneyရဲ့ The Book of Boba Fett မှာလည်း ပါဝင်ခဲ့ပါတယ်။

ဒန်နီကို ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မှာ ၁၉၄၄ ခုနှစ်က ဆင်းရဲတဲ့မိသားစုကနေ မွေးဖွားခဲ့တာပါ။ သူ့ရဲ့ကလေးဘဝက ခက်ခဲတယ်လို့ ဆိုနိုင်ပါတယ်။ သူ့အနီးနားက လူတွေဟာ သူ့ကို မကောင်းတဲ့လမ်းကို တွန်းပို့ခဲ့ကြတယ်။ အဲဒါကြောင့်ပဲ သူဟာ ထောင်ထဲမှာ (၁၁) နှစ် ကြာ နေခဲ့ရတယ်။ အဲဒီအတွေ့အကြုံက သူ့ရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကောင်ကို သရုပ်ဆောင်နိုင်ဖို့ ကူညီပေးခဲ့တာပါ။ ထောင်ကျနေချိန်အတွင်း သူက လက်ဝှေ့ထိုးလေ့ရှိပြီး အကျဉ်းထောင်တံခွန်စိုက်ပြိုင်ပွဲတွေမှာ ဆုတွေ ဆွတ်ခူးနိုင်တဲ့အထိ အရမ်းတော်ခဲ့ပါတယ်။ သံတိုင်တွေနောက်မှာ နေထိုင်ခဲ့ရချိန်အတွင်း အထက်တန်းဒီပလိုမာကိုလည်း ရရှိခဲ့ပါတယ်။

၁၉၆၈ မှာ အကျဉ်းသားတွေကြား ရန်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကြောင့် ဒန်နီဟာ အခြားသူတွေနဲ့အတူ အကျဉ်းချအပိတ်လှောင်ခံလိုက်ရပါတယ်။ အဲဒီနေရာမှာပဲ သူ ပြန်လွတ်လာခဲ့ရင် ဒုက္ခတွေရဲ့အဝေးမှာ နေသွားမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ နောက်နှစ်မှာ ထောင်ကနေ လွတ်မြောက်ခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်း၊ ဉယျာဉ်ခင်းကျင်းမှုလုပ်ငန်းတွေမှာ ရိုးရိုးသားသားအလုပ်လုပ်ခဲ့ပါတယ်။ ဒန်နီက မှားယွင်းတဲ့ဆုံးဖြတ်ချက်ချနေတဲ့ လူတွေအတွက် အကြံပေးတစ်ဉီးလည်း ဖြစ်လာခဲ့ပါတယ်။

လူတွေရဲ့ဘဝတိုးတက်ကောင်းမွန်လာစေဖို့ ကူညီလုပ်ဆောင်ပေးရင်း အကူအညီလိုအပ်နေတဲ့ လူနာတစ်ဦးဆီကနေ ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့ပါတယ်။ အဲဒါကြောင့် သူ့ကို သွားရှာခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူ (၂) ဉီးအကြောင်း ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ကားရိုက်ကွင်းမှာ အဲဒီလူကို တွေ့ခဲ့ပါတယ်။ အံ့ဩစရာကောင်းတာက အဲဒီရုပ်ရှင်ကားရဲ့ဇာတ်ညွှန်းဆရာက သူနဲ့ ထောင်မှာ တွေ့ခဲ့တဲ့ အပေါင်းအသင်းဖြစ်နေခဲ့တာပါ။ အဲဒီလူက လက်ဝှေ့ထိုးတာမှာ ဒန်နီ တော်တယ်ဆိုတာ သိခဲ့တယ်။ ရုပ်ရှင်ကားမှာ ဇာတ်ပို့အဖြစ် သူ့ကို ပါဝင်ခိုင်းဖို့ ဒါရိုက်တာကို ပြောပေးခဲ့တယ်။

အဲဒီကနေ ဇာတ်ရုပ်တစ်ခုပြီး တစ်ခု ပါဝင်ခဲ့ရပေမဲ့ ဒန်နီဟာ သူ့ကို စိတ်ကျေနပ်မှုတွေပေးတဲ့ အကြံပေးအလုပ်ကိုလည်း မစွန့်လွှတ်ခဲ့ပါဘူး။ သူ့ရဲ့ဘဝ ကြီးမားတဲ့အလှည့်အပြောင်းဖြစ်လာကတည်းက သူ လုပ်ခဲ့တဲ့ အရာအားလုံးဟာ လူ့အဖွဲ့အစည်းကို တစ်ခုခု ပြန်ပေးနိုင်အောင် ကြိုးစားခဲ့တာတွေပါပဲ။ ဟောလိဝုဒ်ရုပ်ရှင်ကားတွေမှာ သူ့ကို လူကြမ်း၊ လူဆိုးအဖြစ် လူသိများခဲ့ပေမဲ့ အပြင်လက်တွေ့က ဒန်နီ ထရီဂျိုက ရွှေနှလုံးသားပိုင်ရှင်ပါ။ ရုပ်ရှင်ကားထဲမှာမဟုတ်ဘဲ အပြင်မှာ သူ လုပ်ခဲ့တဲ့ အရာတွေကို လူတွေ သိရင် အံ့အားသင့်သွားမှာပါ။

၂၀၁၆ခုနှစ်မှာ သူဟာ မက္ကဆီကိုအစားအစာ taco စားသောက်ဆိုင်တစ်ခုကို ဖွင့်ခဲ့ပါတယ်။ အဲဒီဆိုင်က အရမ်းရောင်းရပြီး အခုဆို စားသောက်ဆိုင် (၇) ဆိုင်နဲ့ ဒိုးနပ်ဆိုင်တစ်ဆိုင်ရှိနေပါပြီ။ အဲဒီစီးပွားရေးလုပ်ငန်းတွေရဲ့နောက်ကွယ်က အယူအဆက ကောင်းပါတယ်။ ဒန်နီက အဲဒီဆိုင်တွေမှာ ဒုက္ခရောက်နေတဲ့ ကလေးတွေကို အလုပ်ခန့်ထားတာပါ။ “ကျွန်တော်တို့ရဲ့စားသောက်ဆိုင်မှာ ဒုက္ခရောက်နေရတဲ့ကလေးတွေကို အလုပ်ခန့်ထားတယ်။ လူတွေက အလုပ်နဲ့ အခွင့်အလမ်းလိုတယ်။ ဒီလောက်ပါပဲ”တဲ့။

သူ့စားသောက်ဆိုင်တွေမှာ ငွေကြေးအဆင်မပြေတဲ့သူတွေကို အလုပ်ခန့်ထားရုံသာမကသူတတ်နိုင်သလောက် ရပ်ရွာကိုလည်း ပံ့ပိုးကူညီပေးခဲ့ပါတယ်။ သူရဲ့ ရည်မှန်းချက်က အသားမစားတဲ့သူတွေကစပြီး အော်တစ်ဇင်ရှိသူတွေနဲ့ နေစရာနေရာမရှိသူတွေအထိ လူတိုင်း အစားအစာကို ပျော်ရွှင်စွာ စားသုံးနိုင်ဖို့ပါပဲ။ ဒန်နီက “ကျွန်တော်တို့ အိုးမဲ့အိမ်မဲ့တွေဆီ အစားအသောက်တွေ အများကြီး ပို့ပေးတယ်။ ဒါက အောင်မြင်မှုကို မျှဝေခြင်းရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ”လို့ ဆိုပါတယ်။

သူ့ရဲ့ ဒိုးနပ်ဆိုင်မှာ ဒန်နီက Gluten မပါတဲ့ ထုတ်ကုန်တွေကို အသုံးမပြုဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။ တချို့လူတွေက Gluten ဟာ အော်တစ်ဇင်ရှိသူတွေအပေါ် ဆိုကျိုးသက်ရောက်စေနိုင်လို့ ယုံကြည်ထားကြတဲ့အတွက်ကြောင့်ပါ။ ဆိုင်တွေအားလုံး ပိတ်ထားရချိန်မှာလည်း သူ့ရဲ့ဆိုင်တွေက မိသားစု (၈၀၀) ကို အစားအစာတွေ လှူဒါန်းပေးဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။

ဒန်နီက အက်ရှင်ခန်းတွေကို လူစားမထိုးဘဲ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်ပေမဲ့ စတန့်သမားတွေကို သရုပ်ဆောင်ခိုင်းစေခဲ့ပါတယ်။ အဲဒီလိုလုပ်ရတဲ့အကြောင်းအရင်းက တစ်စုံတစ်ယောက်ရဲ့အလုပ်လို့ ခံစားရတဲ့အတွက် အဲဒီလူတွေရဲ့အလုပ်ကို လုမယူချင်တာကြောင့်ပါ။ ဒန်နီက “စတန့်သမားတစ်ယောက်က ခုခံကာကွယ်ပြီး နံရံတစ်ခုပေါ် ဖြတ်သွားရတယ်။ ဒါက သူ့ရဲ့အသက်မွေးဝမ်းကြောင်းပါပဲ။ အသက်မွေးဝမ်းကြောင်းအလုပ်တွေ ရောထွေးနေတဲ့အချိန်တိုင်း လူ (၈၀) ရဲ့အလုပ်တွေကို ဒုက္ခမရောက်စေချင်ဘူး။

ဒါကြောင့် ကျွန်တော် စတန့်လုပ်နိုင်တယ်လို့ ကျွန်တော် မပြောချင်ဘူး။ နော်မ် မိုရာက ကျွန်တော့်ရဲ့စတန့်သမားပါ။ ဒါက သူ့ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ပါ”တဲ့။ ဒန်နီ ထရီဂျိုက အလုပ်များတဲ့သူဖြစ်ပေမဲ့ ကယ်ဆယ်ထားတဲ့ ခွေးလေးတွေနဲ့ အချိန်ကုန်တဲ့အပြင် ခွေးမွေးစားဖို့အတွက် ကမ်ပိန်းပြုလုပ်ဖို့လည်း အချိန်ပေးဖြစ်ပါတယ်။ “ခွေးတွေက မိသားစုရဲ့အစိတ်အပိုင်းတစ်ခုပါပဲ”လို့ ဒန်နီက ဆိုပါတယ်။

ဒီလူကြမ်းမင်းသားကြီးက စိတ်ထား​နူးညံ့တဲ့သူဖြစ်တဲ့အတွက် လက်တွေ့ဘဝမှာ ဟီးရိုးတစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ ၂၀၁၉ခုနှစ်က သူဟာ ကားမတော်တဆမှုတစ်ခုကို မျက်မြင်တွေ့ခဲ့ရဖူးပါတယ်။ ကားတစ်စီး ပလက်လန်ပြီး မှောက်သွားတဲ့အချိန် သူနဲ့ အမျိုးသမီးငယ်တစ်ဉီးက အပြေးအလွှားသွားပြီး ကူညီပေးခဲ့ပါတယ်။ ကားအတွင်းမှာ ကလေးငယ်လေးတစ်ယောက်ပိတ်မိနေတာကို သူတို့တွေ့ခဲ့ပါတယ်။ ဒန်နီက ကလေးလေးကို စိတ်ငြိမ်အောင်လုပ်ပေးခဲ့ပြီး အမျိုးသမီးငယ်လေးနဲ့အတူ အဲဒီကလေးလေးကို ကားထဲကနေ ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒန်နီ ထရီဂျိုက ရုပ်ရှင်ကားထဲမှာပဲ လူဆိုးဖြစ်ချင်ဖြစ်မယ်၊ အပြင်မှာကတော့ ရွှေရောင်နှလုံးသားပိုင်ရှင်ဟီးရိုးတစ်ယောက်ပါပဲ။

Ref: Brightside “Danny Trejo, Hollywood’s Tough Guy That Has a Heart of Gold in Real Life”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top