Astroworld ဂီတပွဲတော်မှာ ထိခိုက်ဒဏ်ရာရပြီး ကိုမာဖြစ်သွားခဲ့တဲ့ ၉ နှစ်သားလေး သေဆုံး

15-11-2021yyl2.jpg

နိုဝင်ဘာလ ၅ ရက်နေ့က Astroworld ဂီတပွဲတော်မှာ ရက်ပါအဆိုတော် ထရားဗစ်စကော့ ဖျော်ဖြေနေစဉ် လူအုပ်ကြီးအတွင်း လူတွေတိုးဝှေ့ရင်း လူနင်းခံရမှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီလူနင်းခံရမှုမှာ ထိခိုက်ဒဏ်ရာရပြီး ကိုမာဖြစ်သွားခဲ့တဲ့ အသက် ၉ နှစ်အရွယ် အီဇရာဘီလော့တ် (Ezra Blount) ဟာ သေဆုံးသွားခဲ့ပါပြီ။ လူနင်းခံရမှုမှာ ရရှိခဲ့တဲ့ ထိခိုက်မှုကြောင့်ပဲ အီဇရာ သေဆုံးသွားခဲ့ပြီဆိုတာကို သူ့ရဲ့မိသားစုက နိုဝင်ဘာ ၁၄ ရက်နေ့ တနင်္ဂနွေနေ့က အတည်ပြုခဲ့ပါတယ်။

အီဇရာက သူ့ဖခင်နဲ့အတူ ဟူစတန်မြို့ NRG Park မှာ ကျင်းပတဲ့ ဂီတပွဲတော်ကို သွားရောက်ခဲ့ပြီး အခုလိုအဖြစ်ဆိုးမျိုးကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ အီဇရာက ဂီတပွဲတော်မှာ လူနင်းခံရပြီး အဓိကအင်္ဂါအစိတ်အပိုင်းတွေ ပျက်စီးခဲ့ပြီး ပြင်းထန်တဲ့ဉီးနှောက်ရောင်ရမ်းမှုကို ခံစားခဲ့ရပါတယ်။ အဲဒါကြောင့်ပဲ အီဇရာဟာ ကိုမာဖြစ်သွားခဲ့ပြီး အသက်လုနေရတဲ့အခြေအနေကနေ အခုတော့ သေဆုံးသွားခဲ့ပါပြီ။

“ဒီနေ့ည ဘီလော့တ်မိသားစုက သူတို့ရဲ့တန်ဖိုးရှိလှတဲ့သားငယ်လေးကို ဆုံးရှုံးလိုက်ရတဲ့အတွက် ဝမ်းနည်းပူဆွေးနေပါတယ်။ သူတို့ရဲ့သားလေးကို ဖျော်ဖြေပွဲခေါ်သွားခြင်းရဲ့ရလဒ်က ဒါမဖြစ်သင့်ဘူး။ ပျော်ရွှင်စရာကောင်းတဲ့အရာပဲဖြစ်သင့်တာ။ အီဇရာရဲ့သေဆုံးမှုက ကြေကွဲဝမ်းနည်းစရာပါပဲ။ ဘီလော့တ်မိသားစုအတွက် တရားမျှတမှုရအောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ ဒီနေ့ညမှာ ကျွန်တော်တို့ မိသားစုနဲ့အတူ ထပ်တူထပ်မျှဝမ်းနည်းပူဆွေးနေရပါတယ်”လို့ ဘီလော့တ်မိသားစုရဲ့ရှေ့နေက ပြောကြားခဲ့ပါတယ်။

ဟူစတန်မြို့တော်ဝန် ဆီဗက်စတာ တာနာ (Sylvester Turner) ကလည်း အီဇရာသေဆုံးသွားတဲ့အတွက် အခုလိုဝမ်းနည်းကြောင်း ဆိုထားပါတယ်။ “ဒီကနေ့ ညနေခင်းမှာ အီဇရာရဲ့သေဆုံးမှုကို ကျွန်တော် ကြားသိလိုက်ရတဲ့အတွက် ကျွန်တော် ဝမ်းနည်းရပါတယ်။ ဒီနေ့ည ကျွန်တော်တို့မြို့က သူ့ရဲ့အမေ၊ အဖေ၊ အဘိုးအဘွားတွေ၊ မိသားစုဝင်တွေနဲ့ အတန်းဖော်တွေအတွက် ဆုတောင်းပေးရအောင်။ သူတို့တွေက လာမယ့် လတွေ၊ နှစ်တွေမှာ ကျွန်တော်တို့ရဲ့ပံ့ပိုးကူညီမှုတွေအားလုံးကို လိုအပ်ပါလိမ့်မယ်။ ဘုရားသခင်က သူတို့တွေကို ခွန်းအားတွေ ပေးပါစေ။ ငြိမ်းချမ်းစွာအနားယူပါ အီဇရာ”လို့ တွစ်တာအကောင့်မှာ ရေးသားခဲ့ပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့က Astroworld ဂီတပွဲတော်မှာ ရက်ပါအဆိုတော် ထရားဗစ်စကော့ ဖျော်ဖြေနေစဉ် စင်မြင့်ရှိရာဆီ ပရိသတ်တွေ တိုးဝှေ့ရင်း ရုန်းရင်းဆန်ခတ်ဖြစ်ကာ လူနင်းမှုဖြစ်ပွားခဲ့တာကြောင့် လူသေဆုံးခဲ့ပြီး လူအများအပြား ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးခဲ့တဲ့ လူ (၁၀) ဉီးမှာ အီဇရာလည်း တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပါတယ်။

ဟူစတန်ရဲတပ်ဖွဲ့နဲ့ မျက်မြင်သက်သေတွေရဲ့အဆိုအရ ထရားဗစ်စကော့ စင်ပေါ်ရောက်လာပြီး အဲဒီနောက် ဒရိတ်ပါ ပေါ်လာတဲ့အချိန် ထောင်နဲ့ချီတဲ့လူတွေက စင်မြင့်ရှိရာဆီ အန္တရာယ်ရှိစွာ ပြေးသွားခဲ့ကြတယ်။ ဖျော်ဖြေပွဲလာရောက်သူတွေက တစ်ယောက်ကို တစ်ယောက် အချင်းချင်း ဘေးကို တွန်းချ၊ မြေကြီးပေါ်တွန်းချ၊ အခြားသူတွေကို နင်းမိခဲ့တယ်။ တက်ကြိတ်မိခဲ့တယ်လို့ သိရပါတယ်။ အီဇရာရဲ့မိသားစုက အဆိုတော်ထရားဗစ်စကော့ အပါအဝင် ဖျော်ဖြေရေးသမားတွေ၊ ဖျော်ဖြေပွဲစီစဉ်သူတွေနဲ့ ပွဲကျင်းပရာနေရာစီမံသူတွေကို တရားစွဲဆိုထားပါတယ်။

Ref: ABCNews “9-year-old child who was trampled by crowd at Astroworld music festival dies from injuries”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top