ဥရောပမှာ ပထမဆုံးအဖြစ် ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ဥပဒေပြဋ္ဌာန်းလိုက်တဲ့ သြစတြီးယား

4-2-2022-yyl01-1.jpg

သြစတြီးယားနိုင်ငံဟာ အရွယ်ရောက်ပြီးသူအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ ဥပဒေပြဋ္ဌာန်းလိုက်တဲ့ ပထမဆုံး ဥရောပနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့မှာ သမ္မတ ဗန်ဒါဘယ်လင်က လက်မှတ်ရေးထိုးပြီး ဥပဒေကို အတည်ပြုခဲ့တာပါ။

မတ်လ ၁၅ ရက်ကနေ စတင်အကျုံးဝင်မယ့် အဲဒီဥပဒေအရ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံထားကြောင်း ထောက်ခံချက် (သို့မဟုတ်) ကင်းလွတ်ခွင့် လက်မှတ်မရှိသူတွေအနေနဲ့ ကနဦးဒဏ်ကြေး ယူရို ၆၀၀ ပေးဆောင်ရမှာပါ။ ကိုယ်ဝန်ဆောင်တွေ၊ ကာကွယ်ဆေးထိုးရင် ကျန်းမာရေးအန္တရာယ် ဖြစ်နိုင်ခြေရှိသူတွေကတော့ ကင်းလွတ်ခွင့်ရရှိမယ်လို့ သြစတြီးယားကျန်းမာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ မကြာသေးခင်က ကိုဗစ်-၁၉ ကူးစက်ခံထားရသူတွေလည်း ကင်းလွတ်ခွင့် လျှောက်ထားနိုင်ပြီး ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ ပထမဆုံး နေ့ကနေ့ ရက် ၁၈၀ ကြာအထိပဲ ကင်းလွတ်ခွင့် ရရှိမှာပါ။

အဲဒီဥပဒေသစ်ဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ အကျုံးဝင်မှာဖြစ်ပြီး ကာကွယ်ဆေး မထိုးသူတွေအနေနဲ့ အမြင့်ဆုံးဒဏ်ကြေးအဖြစ် ယူရို ၃၆၀၀ ပေးဆောင်ရမှာပါ။ တကယ်လို့ ကာကွယ်ဆေး ထိုးနှံရမယ့်နေ့မှာ လာရောက်စာရင်းပေးသွင်းခြင်းမရှိသေးဘူးဆိုရင် တစ်နှစ်တည်းမှာ ၄ ကြိမ်အထိ ဒဏ်ရိုက်ခံရဖို့ ရှိပါတယ်။ ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှော့ဇ်ကလည်း ကိုဗစ်-၁၉ ရောဂါ တားဆီးထိန်းချုပ်ရေးဗျူဟာ တစ်စိတ်တစ်ပိုင်းအဖြစ် ကာကွယ်ဆေးထိုးနှံရေးဥပဒေ ထုတ်ပြန်နိုင်အောင် တွန်းအားပေးလျက်ရျိပြီး မတ်လအကုန်ကျရင် အဲဒီကိစ္စအပေါ် မဲပေးမှုလုပ်ဖွယ်ရှိပါတယ်။

ဂျာမနီနဲ့ သြစတြီးယားနိုင်ငံတွေဟာ ဥရောပသမဂ္ဂနိုင်ငံတွေရဲ့ ပျမ်းမျှကာကွယ်ဆေး ၂ ကြိမ် ထိုးနှံပြီးစီးမှု ၇၀.၄ ရာခိုင်နှုန်းထက် ပိုများပေမဲ့ ( ဂျာမနီက ၇၄ ရာခိုင်နှုန်း၊ သြစတြီးယားက ၇၂.၇ ရာခိုင်နှုန်း) ကျန်းမာရေးအရာရှိတွေကတော့ စိုးရိမ်ပူပန်နေဆဲပါပဲ။ လူဦးရေရဲ့ ၈၁.၅ ရာခိုင်နှုန်းအထိ ကာကွယ်ဆေး ၂ ကြိမ် ထိုးနှံပြီးစီးခဲ့ပြီး ရောဂါကူးစက်မှုတွေ မြင့်တက်နေဆဲဖြစ်တဲ့ ဒိန်းမတ်နိုင်ငံကတော့ ပြီးခဲ့တဲ့အင်္ဂါနေ့ကစပြီး ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်စည်းမျဉ်းအားလုံးကို ရုပ်သိမ်းလိုက်ပါပြီ။

Ref: CNN ” Austria signs into law strict Covid-19 vaccine mandate “

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top