လူသန်း ၁၀၀ တစ်နေ့စာသောက်နိုင်တဲ့ ရေပမာဏသုံးပြီး ဘေဂျင်းဆောင်းရာသီအိုလံပစ်အတွက် နှင်းတုဖန်တီးခဲ့

4-2-2022-yyl18.jpg

ဘေဂျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးကိစ္စတစ်ခုကတော့ နှင်းအတု ဖန်တီးမှုပါပဲ။ စွမ်းအင်နဲ့ ရေအရင်းအမြစ် အလွန်အသုံးပြုရတဲ့ နှင်းအတု ဖန်တီးမှုဟာ ကမ္ဘာကြီးပူနွေးလာချိန်မှာ အန ္တရာယ်ဖြစ်စေနိုင်တဲ့ အရာတစ်ခု ဖြစ်နေပါတယ်။ဘေဂျင်းအိုလံပစ်ပြိုင်ပွဲမှာ ရုံပြင်အားကစားနည်း ကျင်းပရာ ဒေသတစ်ဝိုက်ဟာ ခြောက်သွေ့ညိုမွဲနေပြီး နှင်းမြူတစ်မှုန်တောင် မမြင်ရပါဘူး။ ဒီနှစ် ဆောင်းရာသီမှာ တော်တော်လေး ခြောက်သွေ့ပါတယ်။ ဒါပေမဲ့ ပုံမှန်အတိုင်းဆိုရင်တောင် ဆီးနှင်းအားကစားတွေ ကျင်းပဖို့ ကိုက်ညီတဲ့ နေရာမဟုတ်ပါဘူး။ ရေခဲတောင်ကုန်းတွေရှိတဲ့ ယန်ချင်းနဲ့ အားကစားပွဲတော်တော်များများ ကျင်းပလေ့ရှိတဲ့ ကျန်ကျားကူမြို့တွေဟာ ဆီးနှင်းတော်တော်ကျတဲ့နှစ်တွေ ရှိခဲ့ပေမဲ့ အကြမ်းဖျင်းအားဖြင့်တော့ တစ်နှစ်ပျမ်းမျှ ဆီးနှင်း ၂၀ စင်တီမီတာပဲ ကျဆင်းလေ့ရှိပါတယ်။


ဒါကြောင့် ဆီးနှင်းအားကစားနည်းတွေ လက်ခံကျင်းပဖို့ နှင်းအတု ဖန်တီးမှုတွေ လုပ်ခဲ့တာပါ။ တစ်စထက်တစ်စ ပူနွေးလာတဲ့ ရာသီဥတုမှာ နှင်းအတု ဖန်တီးဖို့ စွမ်းအင်နဲ့ ရေအရင်းအမြစ် အများကြီး ကုန်ပါတယ်။ ဘေဂျင်းဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ နှင်းအတုဖန်တီးဖို့ အီတလီအခြေစိုက် TechnoAlpin ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ခဲ့တာပါ။

အစဉ်အလာအရတော့ နှင်းအတုဖန်တီးဖို့ အပူချိန်က ရေခဲမှတ် (သို့မဟုတ်) ရေခဲမှတ်အောက် ရောက်နေဖို့လိုပြီး ဒေါ်လာသောင်းချီကုန်ကျတဲ့ နှင်းအမြောက်တွေ လိုအပ်ပါတယ်။ ဒါပေမဲ့ အပူချိန်မြင့်ပြီး အမြင့်ပေနည်းပါးတဲ့ နေရာမှာ နှင်းအတုဖန်တီးဖို့ တခြားနည်းလမ်း ရှာရပါတယ်။ သဘာဝတရားကို လွန်ဆန်နိုင်ဖို့အတွက် TechnoAlpin ကုမ္ပဏီဟာ ၂၀၁၈ ခုနှစ်က စပြီး ဘေဂျင်းမြို့ကို နှင်းအမြောက်တွေ၊ ပန်ကာနဲ့မှုတ်ရတဲ့ နှင်းထုတ်စက်တွေ၊ အအေးခံတာဝါတွေ တင်ပို့ပေးခဲ့ပါတယ်။ အဲဒီအထဲမှာ တရုတ်အားကစားသမားတွေ လေ့ကျင့်ရေးစင်တာမှာ အသုံးပြုတဲ့ နည်းပညာသစ်တစ်ခုလည်း ပါဝင်ပါတယ်။ အဲဒါကတော့ SnowFactory ဆိုတဲ့ နှင်းစက်ရုံပါပဲ။

” (နှင်းတုလုပ်တယ်ဆိုတာကတော့) ရေခဲသေတ္တာထဲက ရေခဲဖန်တီးမှုထက် အဆပေါင်းများစွာ အဆင့်မြှင့်ထားသလိုပါပဲ။ စတီးရွိုက်နဲ့ ဆိုင်တယ်။ နည်းပညာတွေ ပိုအဆင့်မြင့်လာတော့ အပူချိန် ရေခဲမှတ်ထက် ကျော်နေလည်း နှင်းတုလုပ်လို့ ရတယ်။ ဒါပေမဲ့ နှင်းတုက ခင်ဗျားတို့ထင်သလို ခပ်မွမွလေး မဟုတ်ဘူး။ ကျစ်လစ်ပြီး မပျော့ပျောင်းဘူး” လို့ မွန်တားနားပြည်နယ်တက္ကသိုလ်ရဲ့ ဆီးနှင်းနဲ့ ဆီးနှင်းပြိုကျမှုဓာတ်ခွဲခန်း ဒါရိုက်တာ ဂျော်ဒီဟန်းဒရစ်က ပြောပါတယ်။နှင်းတု ဖန်တီးရာမှာ ရာသီဥတု ပိုပူလေလေ စွမ်းအင်ပိုလိုလေလေပါပဲ။ အကြမ်းဖျင်းအားဖြင့် ပြိုင်ပွဲကျင်းပမယ့်နေရာက စတုရန်းမီတာ ၈ သိန်း ကျယ်ဝန်းပါတယ်။ အဲဒီအကွာအဝေးကို ဖုံးလွှမ်းနိုင်ဖို့ ဆီးနှင်း ကုဗမီတာ ၁.၂ သန်းလိုအပ်လို့ ရေလိုအပ်ချက်က တော်တော်များခဲ့တယ်။


ဆောင်းရာသီ အိုလံပစ်ပွဲတော်အတွက် နှင်းတုဖန်တီးဖို့ ရေဂါလံပေါင်း ၄၉ သန်း လိုအပ်လိမ့်မယ်လို့ နိုင်ငံတကာ အိုလံပစ်ကော်မတီက ခန့်မှန်းထားပါတယ်။ ရေချိုရှားပါးလာချိန်မှာ အဲဒီပမာဏက တော်တော်များလွန်းပါတယ်။ ရေဂါလံ ၄၉ သန်းဆိုရင် ပုံမှန်အရွယ်အစား ရေကူးကန် ၃၆၀၀ ကို ရေအပြည့်ဖြည့်လို့ရနိုင်ပြီး လူသန်း ၁၀၀ နီးပါး တစ်နေ့တာ သောက်သုံးနိုင်တဲ့ ပမာဏ ဖြစ်ပါတယ်။ နှင်းတုတွေပေါ်မှာ ပြိုင်ပွဲဝင်ရတာဟာ အန ္တရာယ်ပိုများပြီး စိတ်မချရဘူးလို့ ထိပ်တန်းအားကစားသမားတွေက ပြောပါတယ်။ ဒါပေမဲ့ ကမ္ဘာကြီး ပိုမိုပူနွေးလာချိန်မှာ နှင်းလျှောစီးရာသီ သက်တမ်းတိုလာတဲ့အတွက် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဆီးနှင်းပြိုင်ပွဲတွေ၊ အပန်းဖြေစခန်းတွေက နှင်းလျှောစီးရာသီကို သက်တမ်းတိုးနိုင်ဖို့ နှင်းတုကို အသုံးပြုနေကြပါတယ်။


တွင်းထွက်လောင်စာ ထုတ်ယူသုံးစွဲမှုကို ပြန်လည်စိစစ်ခြင်း မရှိဘူးဆိုရင် ပြီးခဲ့တဲ့ နှစ် ၅၀ အတွင်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ လက်ခံကျင်းပခဲ့တဲ့ မြို့ပေါင်း ၂၁ မြို့ရှိတဲ့အနက် ဒီရာစုနှစ်အကုန်ကျရင် ဆောင်းရာသီအားကစားပြိုင်ပွဲ ကျင်းပဖို့ ကိုက်ညီတဲ့မြို့ တစ်မြို့လောက်ပဲ ကျန်လိမ့်မယ်လို့ မကြာသေးခင်က သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ကမ္ဘာကြီး ပူနွေးလာချိန်မှာ ရာသီဥတု ဖောက်ပြန်မှု ပိုဆိုးလာပြီး ဆောင်းရာသီအားကစားနည်းတွေအတွက် နှင်းအစစ်ကို အားကိုးအားထားမပြုနိုင်ဖို့ အခြေအနေ ဖြစ်လာပါပြီ။ သဘာဝတရားက နှင်းအစစ် မထုတ်ပေးနိုင်တဲ့အခြေအနေမှာ ဆီးနှင်းလိုအပ်ချက်ရှိနေတဲ့ ဆီးနှင်းအားကစားလောကကတော့ နှင်းအတုဘက်ကို ဦးလှည့်ကြဖို့ ရှိနေပါတယ်။

Ref: CNN “All the Beijing snow is human-made — a resource-intensive, ‘dangerous’ trend as planet warms”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top