ပညာတတ်ခြင်း မတတ်ခြင်းနှင့် စိတ်နေသဘောထား

two-young-girls-during-snack-time-in-a-school-KSZXLF3.jpg

လူတစ်ဦးတစ်ယောက်ရဲ့ စိတ်နေသဘောထားက ပညာတတ်ခြင်း မတတ်ခြင်းနဲ့ တိုက်ရိုက် မသက်ဆိုင်ရင်တောင် သွယ်ဝိုက်သောနည်းနဲ့ သက်ဆိုင်နေတတ်ပါတယ်။ ဟုတ်ပါတယ် အထူးသဖြင့် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အကြောင်းတွေ ပြောကြည့်ကြရအောင်ပါ။

“ပညာက အရာရာကို ဆင်ခြင်သုံးသပ်နိုင်တဲ့ သဘောရှိတယ်” လို့ ရှေးလူကြီးတွေက ဆိုထားပါတယ်။ လုပ်သင့်တယ် မလုပ်သင့်ဘူးလို့ ဆုံးဖြတ်တဲ့နေရာမှာ ပညာတတ်တဲ့သူတွေရဲ့ အတွေးအခေါ် ဆုံးဖြတ်ချက်တွေက ပိုပြီး မှန်ကန်ထိရောက်တာကို တွေ့ရမှာပါ။

ဟိုတစ်လောက ဖေ့ဘွတ်ထဲက မိန်းကလေး တော်တော်များများရဲ့ ဝေါလ်တွေမှာ ရေးထားတာကို တွေ့ဖူးကြပါလိမ့်မယ်။ လမ်းသွားတဲ့အခါ (တချို့သော) ဆိုက်ကားဆရာ ကယ်ရီဆရာတွေနဲ့ လမ်းပြင်လုပ်သား ပန်းရံဆရာတွေရဲ့ ပါးစပ်သရမ်းခြင်းကို ခံလိုက်ရလို့ ကောင်မလေးတစ်ချို့က သူတို့ရဲ့ ဖေ့ဘွတ်ဝေါလ်ပေါ်မှာ ရင်ဖွင့်ထားတတ်ကြပါတယ်။

မှတ်မှတ်ထင်ထင် ရှိမိနေတဲ့ ဝေါလ်ပို့စ် စာသားတစ်ခုက “ပညာမဲ့ စိတ်ဓါတ် အောက်တန်းစားတွေ” တဲ့။

ဒီစာသားဟာ တကယ်ပဲ မှန်နေရဲ့လား? ပညာမဲ့တိုင်း စိတ်ဓာတ် မကောင်းဘူးဆိုတာထက် ပင်ကိုယ်စိတ်ရင်းက ပိုပြီး အဓိကကျမယ် ထင်ပါတယ်။ နောက်တစ်ခုက ကျင်လည်တဲ့ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကလဲ တစ်စိတ်တစ်ပိုင်း သက်ဆိုင်နေမယ်လို့ ထင်ပါတယ်။ ကျင်လည်ရာ ပတ်ဝန်းကျင်က အတ္တကြီးတဲ့သူတွေ ကြီးစိုးတဲ့နေရာ ဖြစ်နေရင် သူကိုယ်တိုင်လဲ မသိလိုက်မသိဘာသာနဲ့ အတ္တကြီးတတ်တဲ့ စိတ်ဓါတ် အနည်းနဲ့အများ ဝင်သွားတတ်ပါတယ်။

ရိုင်းစိုင်းတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရင် ရိုင်းစိုင်းတာက သူတို့အတွက် မဆန်းတော့ပါဘူး။ ကိုယ်ကိုယ်တိုင်တောင် မသိလိုက်တဲ့အချိန်မျိုးမှာ စိတ်ထဲ ကြီးစိုးသွားတာမျိုးပါ။ သူတို့လည်း ဒီလိုလုပ်တာပဲ ငါလည်း ဒီလိုလုပ်မယ်ဆိုတဲ့ မသိစိတ်ရဲ့ လိုက်နာမှုတွေပါ။ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို သင်ထားခဲ့တဲ့ ပညာ လွှမ်းမိုးထိန်းကျောင်းမှုက ၄ဝရာခိုင်နှုန်းလောက် ပတ်သတ်နေတယ်ဆိုရင် သင် လက်ခံနိုင်ပါသလား။

ပညာတတ် ရာခိုင်နှုန်း အများစုက အပြောအဆို ပိုပြီးယဉ်ကျေးမယ် ကိုယ်ချင်းစာတရား ထားတတ်မယ်ဆိုတာ အိမ်မှာ ဆိုးသွမ်းတဲ့ ကလေးအများစု မူကြိုကျောင်း တက်ပြီးသွားတဲ့အခါ ပြောင်းလဲသွားတာကို ကြည့်ရင်တွေ့ရမှာပါ။ လူအများနဲ့ ပေါင်းသင်းတတ်လာမယ် သူတို့မှာရှိတဲ့ စားစရာ၊ ဆော့စရာတွေကို သူငယ်ချင်းတွေနဲ့ ဝေမျှတတ်လာပြီး ကောင်းတဲ့ အကျင့်တွေ တော်တော်များများ ရလာတာကို တွေ့ရမှာပါ။

လူတစ်ဦးရဲ့ စိတ်နေစိတ်ထားဟာ ပညာတတ်ခြင်း မတတ်ခြင်းမှာလည်း နည်းနည်းတော့ သက်ဆိုင်နေတာပါပဲ။ ပညာတတ်တဲ့အခါ ဆင်ခြင်တုံတရား ပိုရှိလာတယ် ပြောသင့်တဲ့စကား မပြောသင့်တဲ့စကား လုပ်သင့်တဲ့အလုပ် မလုပ်သင့်တဲ့အလုပ်တွေကို ဝေဖန်ပိုင်းခြားဖို့ ပိုပြီး လွယ်ကူစေနိုင်ပါတယ်။

နိဂုံးချုပ်ပြောရရင် ပညာတတ်ခြင်း မတတ်ခြင်းက လူ့စိတ်နေသဘောထားမှာ သက်ရောက်မှု ရှိပေမယ့် မိမိရဲ့ ပင်ကိုယ်စိတ် သဘောထားက အရေးအကြီးဆုံးပါပဲ။ စာနာတတ်တဲ့စိတ် ကိုယ်ချင်းစာတဲ့စိတ် သနားတတ်တဲ့ စိတ်ထားဆိုတာတွေ လူတိုင်းမှာသာ ရှိခဲ့ရင် လူ့ပတ်ဝန်းကျင်မှာ ဘယ်လို ဆိုးဝါးတဲ့ကိစ္စမျိုးမှာ ဖြစ်လာတော့မှာမဟုတ်ဘဲ လူ့ဘောင်လောကကြီးက ပိုပြီး သာယာသွားမှာ ဖြစ်ပါတယ်။

Mo Mo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top