အွန်လိုင်းကနေ မိခင်နို့ရည် ရောင်းပြီး ဝင်ငွေရနေတဲ့ မိခင်

mother-featured-image.jpg

ကြားရတာ နည်းနည်းတော့ ထူးဆန်းနေတာမို့ (ကျွန်တော်ထင်တယ်) တချို့ဆို ပြုံးစိစိတောင် ဖြစ်သွားလောက်မှာပါ။ ဆိုက်ပရပ်စ်က ကလေးမိခင်တစ်ဦးရဲ့ ကြံကြံဖန်ဖန် ဝင်ငွေရနေတဲ့နည်းပါ…

ကလေးနှစ်ယောက်ရဲ့အမေ ရာဖယ်လာလမ်ပရူ ဟာ သားအငယ် အန်ဂျလိုကိုမွေးပြီး ခုနစ်လအကြာမှာ သူရဲ့နို့ထွက်နှုန်းက ပုံမှန်ထက်ပိုများနေတာကို သတိထားမိရာက စပါတယ်။ သူဟာ အန်ဂျလိုကို တိုက်ပြီးလို့ ပိုနေတဲ့နို့တွေကို အအေးခံထားရင်း များလွန်းမက များလာတဲ့အခါ ဘာလုပ်ပစ်ရမလဲ မစဉ်းစားတတ် ဖြစ်ခဲ့ပါတယ်။ အအေးခံထားဖို့နေရာကလည်း မရှိတော့တာကြောင့် နို့ထွက်နည်းတဲ့ အမျိုးသမီးတွေကို အလကား လိုက်ဝေပေးခဲ့ပါတယ်။ အမျိုးသားတချို့က သူ့ကို အဲဒီနို့တွေကိုပြန်ရောင်းမလား လို့ လာမမေးခင်အထိတော့ အဲဒီလိုပဲ ပေးပစ်နေခဲ့တာပါ။

“Bodybuilder အမျိုးသားတွေ ခဏခဏလာမေးနေကြလို့ ဘာအတွက်လဲဆိုတာ ကျွန်မပြန်မေးကြည့်တော့ ကြွက်သားထု ရအောင်လုပ်ဖို့ အတွက် မိခင်နို့က အသုံးဝင်တယ်လို့ ဖြေကြတယ်လေ ဒါနဲ့ပဲကျွန်မလည်း သူတို့ လာကမ်းလှမ်းတာတွေကို လက်ခံလိုက်တယ်” လို့ ရာဖယ်လာက ပြောပြခဲ့ပါတယ်။
မိခင်နို့ရည်ကို ဝယ်ချင်နေတဲ့ Bodybuilder အမျိုးသား ဈေးကွက်ကြီး ရှိနေတာကို သိသွားတဲ့နောက်မှာ ရာဖယ်လာဟာ ပိုနေတဲ့ နို့ရည်တွေကို တစ်နေ့ နှစ်လီတာနှုန်းနဲ့ ရောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တစ်အောင်စကို တစ်ပေါင်နှုန်းနဲ့ ဈေးသတ်မှတ်ပြီး bodybuilder တွေဆီ ရောင်းချလာခဲ့တာ လက်ရှိအချိန်ထိဆိုရင် လီတာ ၅၀ဝနီးပါး ရောင်းထားရပြီး အပိုဝင်ငွေပေါင် ၄၅၀၀လောက် ရထားပြီ ဖြစ်ပါတယ်။ သူက အရောင်းအဝယ်အတွက် ဆက်သွယ်ရလွယ်ကူအောင် facebook page ပါ ဖွင့်ထားပါသေးတယ်။

“အမျိုးသားတွေ ဘာလုပ်ဖို့ ဒီနို့ရည်တွေကို ဝယ်နေကြသလဲ ဆိုတာ ကျွန်မသေချာမသိရပေမယ့် တချို့ကတော့ သောက်တာ လို့ပြောကြတယ် သူတို့ဘာသာ ဘာလုပ်လုပ် ကျွန်မအဖို့တော့ ဘာအနှောက်အယှက်မှ မဖြစ်ပါဘူး” လို့ ရာဖယ်လာက ဆိုပါတယ်။

အာဟာရဗေဒပညာရှင် ဘရိုင်ယန်စိန့် ပယ်ရီက bodybuilder တွေ မိခင်ခင်နို့ရည် သောက်သုံးကြတာဟာ ကယ်လိုရီနဲ့ အာဟာရဓာတ် ကြွယ်ဝလို့ ဖြစ်ပြီး မိခင်နို့ရည်ဟာ လူသား ကလေးငယ်တစ်ဦး ကြီးထွားဖွံ့ဖြိုးလာဖို့ အထောက်အပံ့ကောင်း ဖြစ်တာကြောင့် တချို့လူတွေက အရွယ်ရောက်ပြီးတဲ့ သူတွေအတွက်လည်း အလားတူ အကျိုးသက်ရောက်နိုင်မယ်လို့ တွေးပုံရကြောင်း ပြောပြခဲ့ပါတယ်။

အဲဒီယူဆချက်ကို ထောက်ခံနိုင်လောက်တဲ့ လေ့လာမှုတော့ မရှိသေးပါဘူး။ အစားအသောက်ပုံစံ မမှန်တဲ့ မိခင်ဆီကရတဲ့ နို့ရည်မျိုးဆိုရင် ကျန်းမာရေးအတွက် ပိုလို့တောင် မသင့်တော်ဘူးလို့ ဆိုထားပါတယ်။ ဆေးပညာဆိုင်ရာ ဂျာနယ်တချို့ကလည်း မိခင်နို့ရည်ကို သောက်သုံးတာဟာ bodybuilder တွေအတွက် အကျိုးထက် အဆိုးက ပိုများနိုင်တယ်လို့ ဆိုထားပါသေးတယ်။

အပေါ်မှာပြောခဲ့သလို အစွဲရှိနေတဲ့လူတွေကို နို့ရည်တွေ ရောင်းနေတဲ့ကိစ္စက အစပိုင်းမှာ နည်းနည်းထူးဆန်းသလိုရှိပေမဲ့ ရောင်းချတာ ကြာနေပြီဖြစ်တဲ့အပြင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ပြရတဲ့ အလုပ်မျိုး မဟုတ်တာကြောင့်လည်း သူ့အနေနဲ့ စိတ်ရှင်းတယ်လို့ ရာဖယ်လာက ပြောခဲ့ပါတယ်။

Ref: The Independent

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top