သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ရက်ပ်ပါ XXXTentacion ကိုသတ်သူ ပထမတရားခံ ပေါ်ထွက်

35923705_184510212399510_3953395861278425088_n.jpg

သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ရက်ပ်အဆိုတော် XXXTentacion ကိုသတ်တဲ့ တရားခံတွေထဲက တစ်ယောက်ကိုတော့ ရဲတွေက ဖမ်းဆီးနိုင်ခဲ့ပါပြီ။ အာဏာပိုင် ရဲအရာရှိတွေက ဒတ်ရစ်ခ့် ဒီဗွန်ရှေး ဝီလျံ (Dedrick Devonshay Williams) ဆိုသူ အမျိုးသားကို ဖလော်ရီဒါ (Florida)၊ ပွန်ပနို (Pompano) ကမ်းခြေမှာ ဗုဒ္ဓဟူးနေ့ည (၇) နာရီက ဖမ်းဆီးခဲ့ကြတာဖြစ်ကြောင်းကို Broward County Sheriff ရုံးကနေ ကြာသပတေးနေ့မနက်မှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် (၂၂) နှစ်ရှိပြီဖြစ်တဲ့တရားခံဟာ လူသတ်မှုနဲ့စွဲချက်တင်ခံထားရတဲ့အပြင် ယာဉ်စည်းကမ်းဖောက်ဖျက်မှုနဲ့ ကားခိုးမှုတွေကြောင့် စောင့်ကြည့်ခံကာလထဲ ရောက်ရှိနေသူလည်း ဖြစ်ပါတယ်။ တရားခံဝီလျံကို ဖမ်းဆီးလိုက်ပြီဆိုတဲ့သတင်းက ကြာသပတေးနေ့မနက်မှာမှ တရားဝင်ထွက်ရှိလာပေမဲ့ XXX အသုဘကိုလိုက်ပို့ကြသူတွေရဲ့ ရုပ်သံမှာတော့ ရဲတွေက X ရဲ့အမေကို တရားခံဖမ်းမိပြီလို့ ဆက်သွယ်ခဲ့ကြောင်း တစ်ယောက်တစ်ပေါက် ပြောဆိုနေကြတာ တွေ့ရပါတယ်။ အာဏာပိုင်တွေကလည်း ၎င်းလူသတ်မှုနဲ့ပတ်သတ်လို့ လူတော်တော်များများနဲ့ ဆက်သွယ်ပြီး ဖော်ထုတ်ခဲ့ကြကြောင်း တွေ့ရပါတယ်။

နောက်ထပ် ဝရမ်းပြေးနှစ်ဦးကို ဖမ်းရဦးမှာမို့ ကြားနာမှုက ခေတ္တဆိုင်းငံ့ထားရမှာဖြစ်တယ်လို့ တရားရုံးစာရေးတစ်ဦးကနေပြီး TMZ သတင်းဌာနကို့ ပြောကြားခဲ့ပါတယ်။ ဝီလျံကို ဖမ်းဆီးလိုက်တာနဲ့ပတ်သတ်လို့ အသေးစိတ်မသိရသေးပေမဲ့ ၎င်းတရားခံရဲ့ အင်စတာဂရမ်အကောင့်မှာတော့ ငွေကြိုက်တဲ့ ငယ်ငယ်ရွယ်ရွယ်တက်တူးဆရာပုံတွေကိုသာ တွေ့ရပါတယ်။ ချူးစကီ (Chucky) နာမည်နဲ့ သူ့အကောင့်ဟာ တက်တူးထိုးတဲ့သူ့အလုပ်ပုံတွေနဲ့သာ ပြည့်နှက်နေပြီး အလုပ်ကရတဲ့ပိုက်ဆံတွေကိုလည်း ပုံတင်ပြလေ့ရှိပါတယ်။

မှတ်တမ်းတွေအရ တရားခံဝီလျံဟာ ဥပဒေနဲ့လည်း အခါခါငြိစွန်းခဲ့သူဖြစ်ပြီး ကိုကင်ရောင်းဝယ်မှု၊ လက်နက် မှောင်ခိုသယ်ဆောင်မှု၊ အကြမ်းဖက်မှုနဲ့ ခြောက်လုံးပြူးကိုင်ပြီး ပြင်းထန်စွာ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့မှုတွေကြောင့် ရာဇဝတ်ပြစ်မှုကြီးအနေနဲ့ (၁၁) ကြိမ်တိုင်တိုင် စွဲချက်တင်ဖမ်းဆီးခံခဲ့ရသူ ဖြစ်ပါတယ်။ (၂၀၁၄) ခုနှစ်မှာလည်း တရားခံဟာ ၎င်းရည်းစားရဲ့ခေါင်းကို သေနတ်နဲ့ ချိန်ရွယ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါသေးတယ်။ ယခုလက်ရှိ ခိုးမှုကြောင့် စောင့်ကြည့်ခံကာလထဲရောက်ရှိနေတဲ့ ဝီလျံဟာ အဲဒီစောင့်ကြည့်ခံကာလကို ခြောက်လုံးပြူးသေနတ်ကိုင်ပြီး ရမ်းကားခဲ့တဲ့အမှုနဲ့ ဖမ်းဆီးခံရကတည်းက ချိုးဖောက်ခဲ့ပြီလို့ မှတ်တမ်းတွေက ဖော်ပြထားပါတယ်။

XXX ဟာ တနင်္လာနေ့မနက်တုန်းက ဖလော်ရီဒါ (Florida)၊ ဒီယာဖီလ်း (Deerfield) ကမ်းခြေရဲ့ မော်တော်ဆိုင်ကယ်ဆိုင်ကနေထွက်လာခဲ့တဲ့ အချိန် ၎င်းရဲ့ BMW ကားပေါ်အရောက် သေနတ်ကိုင်ထားတဲ့ လူငယ်နှစ်ယောက်ရဲ့ ပစ်ခတ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ အာဏာပိုင်တွေကတော့ တရားခံတွေဟာ Louis Vuitton အိတ်ကိုယူပြီး ရဲအရာရှိတွေမလာခင် ထွက်ပြေးဖို့ ပြင်ခဲ့ကြတာဖြစ်လို့ ဒါဟာ လုယက်မှုကနေမှတစ်ဆင့် လက်လွန်ပြီး လူသတ်မှု ဖြစ်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

XXX ရဲ့ရှေ့နေကလည်း ၎င်းအမှုသည်ဟာ ဆိုင်ကယ်ဆိုင်မသွားခင် မော်တော်ဆိုင်ကယ်ဝယ်ဖို့ ငွေတော်တော်များများကို ယူသွားတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ရဲအရာရှိတွေအနေနဲ့ နောက်ထပ် သဲလွန်စတွေ၊ သက်သေ အထောက်အထားတွေကို ဆက်လက်ရှာဖွေမလား၊ မရှာဖွေဘူးလားဆိုတာကိုတော့ မသိရသေးပါဘူး။

နောက်ထပ် X ရဲ့ ပရိတ်သတ်တွေကလည်း အဆိုတော် သေနတ်ပစ်ခံရတဲ့နေရာမှာ အောက်မေ့ဖွယ်အနေနဲ့ မြေဖြူခဲတွေ အသုံးပြုပြီး ‘Feel for you XXX’, ‘နဲ့ ‘4ever young’ ဆိုတဲ့ စာမျိုးတွေ ရေးခြစ်ခဲ့ကြပါတယ်။ အခင်းဖြစ်ပွားရာ နေရာရဲ့ဘေးမှာတော့ ဖယောင်းတိုင်၊ ပန်းစည်းနဲ့ ဝက်ဝံရုပ်တွေကို ထားရှိပြီး ဆုတောင်းပေးခဲ့ကြပါတယ်။ အသက် (၁၇) နှစ်ရှိပြီဖြစ်တဲ့ Myles O’Hara နဲ့ အသက် (၂၀) ရှိပြီးဖြစ်တဲ့ Aaron Gavin ဆိုသူတို့က X အတွက် အောက်မေ့ဖွယ်ပြုလုပ်ထားတဲ့ နေရာပေါ်က ဖြတ်လျှောက်သူအားလုံးကို ပင်တိုင် ဟန့်တားခဲ့ကြပါတယ်။ လုံးဝကြမ်းတမ်းတဲ့ အခက်အခဲတွေကြား အလှပဆုံး ရုန်းထွက်ပြီး ပွင့်လန်းလာခဲ့တာတဲ့သူမို့ XXX ကို ၎င်းတို့က လေးစားမိတာလို့ ဆိုပါတယ်။

O’Hara က “သက်သေ အထောက်အထား မခိုင်လုံဘဲ စွပ်စွဲခံခဲ့ရတာတွေရှိပေမဲ့ ပြီးခဲ့တဲ့နှစ်တုန်းကဆို လူတွေအပေါ် အပေါင်းလက္ခဏာပြပြီးပဲ လွှမ်းမိုးခဲ့တာပါ။ Billboard သီချင်းတွေနဲ့ပေါ့။ သူက ကြင်နာတတ်တဲ့သူပါ။ သူ့စတိုင်က နည်းနည်းရှင်ပြရခက်ပေမဲ့ သူ့မျက်နှာနဲ့ သူ့အပြုံးတွေကို ကြည့်ရုံနဲ့ သူလည်း ကျွန်တော်တို့ခို သာမန် လူငယ်ပဲဆိုတာ ခင်ဗျားမြင်ရမှာ။ ဟုတ်တယ်။ သူစိတ်တိုတတ်တယ်။ သူရဲ့စကားတိုင်းက အဓိပ္ပါယ်ရှိတယ်။ ရိုးရိုးစကားလုံးသုံးပြီး ပြောတယ်ဆိုရင်တောင် သူဆိုလိုချင်တာ တစ်ခုခုရှိနေတယ်။ ဘယ်တော့မှ အဓိပ္ပါယ်မရှိ လျှောက်မပြောဘူး။ သူက နှလုံးသားနဲ့ စကားပြောတတ်သူပါ” လို့ ဆိုပါတယ်။

ဆက်လက်ပြီး Gavin က “X က တခြားရက်ပါတွေလိုမျိုး ဈေးကြီးကြီးပစ္စည်းတွေ ဝယ်တဲ့အကြောင်း သီချင်းစပ်တာ မဟုတ်ဘူးဗျ။ သူက သူ့ခံစားချက်ကိုပဲ ရက်ပ်ရွတ်တာ” လို့ ဆိုပါတယ်။ ငယ်ဘဝရဲ့ ကြမ်းတမ်းမှုတွေကြောင့် စိတ်တိုလွယ်သူ၊ စိတ်ဆတ်သူ ဖြစ်ခဲ့ပေမဲ့ ပရဟိတတွေလည်း အများကြီးလုပ်ပြီး သူဘယ်လိုနေနေ သူ့ခံစားချက်ကို သူ့ပရိတ်သတ်တွေက မြင်နေရတာမို့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးခဲ့တဲ့သူ့အတွက် ပိုလို့ဝမ်းနည်းနေကြတာပဲ ဖြစ်ပါတယ်။

Ref : Daily Mail “Tattoo artist, 22, is denied bail as he’s arraigned on murder charges in the shooting death of rapper XXXTentacion”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top