ကင်ဆာရောဂါသည် ကလေးငယ်ကို ကူညီဖို့ စစ်မှုထမ်းဟောင်းတစ်ဦး ဆုတံဆိပ်တွေ ရောင်းချ

nintchdbpict000347042880.jpg

ကင်ဆာရောဂါသည် ကလေးငယ်ကို ကူညီဖို့အတွက် အီရတ်စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်ဖူးတဲ့ ဗြိတိန်တော်ဝင်မရိန်းတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဟာ သူ့ရဲ့ဆုတံဆိပ်တွေကို ရောင်းချနေပါတယ်။ လော့တီလို့ အမည်ရတဲ့ မိန်းကလေးငယ်ဟာ ၂၀၁၆ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ကင်ဆာဆဲလ် ပျံ့နှံ့သွားတဲ့ Stage 4 Neuroblastoma ခံစားနေရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အဲဒီတုန်းက လော့တီက အသက်နှစ်နှစ်ကျော်ပဲ ရှိပါသေးတယ်။ စစ်မှုထမ်းဟောင်း ဂွတ်ဒ်မန်းဟာ လော့တီကို လူချင်းမတွေ့ဖူးပေမယ့် သူ့အကြောင်း ဖတ်ရပြီးတဲ့နောက်မှာ သူ့ရဲ့ ဆုတံဆိပ် ၃ ခုကို ရောင်းချဖို့ eBay ပေါ် တင်ခဲ့ပါတယ်။

”သမီးရှိတဲ့ ဖခင်တစ်ယောက်အနေနဲ့ ကိုယ့်သမီးသာ ဒီလိုဖြစ်ရင်ဆိုတဲ့ အတွေးမျိုး တွေးတောင် မတွေးရဲပါဘူး။ ဆုတံဆိပ်တွေက အံ့ဆွဲထဲ ထည့်ထားရုံပါပဲ။ ဘာမှလုပ်လို့မရပါဘူး။ ဒီဆုတံဆိပ်တွေကို အဓိပ္ပာယ်ရှိတဲ့ကိစ္စအတွက် အသုံးပြုသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ အကူအညီလိုအပ်နေတဲ့ ကလေးငယ်ကို ကူညီပေးနိုင်မယ်ဆိုရင် အသက်စွန့် စွမ်းဆောင်လို့ ရလာတဲ့ ဆုတံဆိပ်တွေကို ကျွန်တော် ပျော်ပျော်ကြီး စွန့်လွှတ်လိုက်မှာပါ”လို့
ဂွတ်ဒ်မန်းက ပြောပါတယ်။

လော့တီမှာ Stage 4 Neuroblastoma ကင်ဆာရောဂါ ခံစားနေရတယ်လို့ တွေ့ရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့ အောက်တိုဘာလမှာ သူ့ကို ဓာတုကုထုံးနဲ့ ကုသခဲ့ပြီး ၁၃ နာရီကြာမြင့်တဲ့ ခွဲစိတ်ကုသမှုနဲ့ အကျိတ် ၉၅ ရာခိုင်နှုန်းကို ဖယ်ရှားခဲ့ပါတယ်။ လော့တီဟာ အခုချိန်မှာ ရောဂါအမြစ်ပြတ်စေဖို့ ကုသမှုခံယူနေပြီး အမေရိကန် တစ်နိုင်ငံတည်းမှာပဲ ကုသလို့ရတဲ့ ဆေးရည်နဲ့ ကုသမှုခံယူဖို့ လိုအပ်နေပါတယ်။ အဲဒီလို ကုသမှုခံယူဖို့ ပေါင်နှစ်သိန်း ကုန်ကျမှာပါ။

ဗြိတိန်ကမ်းတက် ခြေလျှင်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဂွတ်ဒ်မန်းဟာ အာဖဂန်နစ္စတန်၊ အီရတ်၊ မြောက်အိုင်ယာလန်တို့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူပါ။

Ref : Sun News : Ex-Royal Marine and Iraq war hero is selling his medals to pay for four-year-old tot’s £200k treatment for rare cancer

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top