အူရီဒူးမြန်မာမှ ၂၀၂၃ ခုနှစ်အတွက် အလုပ်သင် သင်တန်းဆင်းပွဲ “Internship Graduation Ceremony 2023” ကျင်းပ

23.6.2023-yyl-4.jpg

မြန်မာနိုင်ငံရှိ ထိပ်တန်း နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် အူရီဒူးမြန်မာမှ ပြုလုပ်ခဲ့သည့် အလုပ်သင်အစီအစဉ် ၂၀၂၃ ၏ ပထမအသုတ် အောင်မြင်စွာ ပြီးစီးခဲ့ပြီ ဖြစ်သည့်အတွက် အစီအစဉ်တွင် ပါဝင်ခဲ့ပြီး တန်ဖိုးရှိသည့် လုပ်ငန်းအတွေ့အကြုံများစွာကို လေ့လာသင်ယူခဲ့ရသည့် အလုပ်သင် ၃၉ ဦးကို ဂုဏ်ပြုသောအားဖြင့် ၂၀၂၃ ခုနှစ် အလုပ်သင် သင်တန်းဆင်းပွဲအခမ်းအနား “Internship Graduation Ceremony 2023”ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အူရီဒူးမြန်မာမှ ပြည်တွင်းရှိလူငယ်များ၏ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးနိုင်ရန်၊ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်များအတွက် လုပ်ငန်းခွင့်အတွေ့ကြုံများ ရရှိစေရန်နှင့် တိုးတက်ဖွံ့ဖြိုးနေသော ဆက်သွယ်ရေးလုပ်ငန်းခွင်တွင် ပြည်တွင်းမှ မျိုးဆက်သစ်များအား ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်အတွက် အလုပ်သင်အစီအစဉ်ကို ဇန်နဝါရီလတွင် စတင် ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ အစီအစဥ်သည် နိုင်ငံတစ်ဝန်းမှ လူငယ်များ၏ စိတ်ပါဝင်စားမှုများ ရှိခဲ့ပြီး ပါဝင်ရန် စာရင်းသွင်း လျှောက်ထားသူ ၇၀၀ ကျော်ရှိခဲ့ပါသည်။ ထို့နောက် အလုပ်သင်များအား စည်းမျဉ်းစည်းကမ်းများနှင့် စနစ်ကျစွာ စိစစ်ရွေးချယ်ပြီးနောက် ပထမအသုတ်အဖြစ် အလုပ်သင် ၃၉ ဦး ကို HR၊ Marketing၊ BI & Analytics၊ B2B နှင့် လက်ကားရောင်းဝယ်ရေး၊ ဒစ်ဂျစ်တယ် အခန်းကဏ္ဍ ၊ ဘဏ္ဍာရေးနှင့် နည်းပညာပိုင်း အပါအဝင် ကဏ္ဍ မျိုးစုံတွင် ဝင်ရောက်လုပ်ကိုင်ခွင့်များ ပေးအပ်ခဲ့ပါသည်။

အလုပ်သင် သင်တန်းဆင်းပွဲအခမ်းအနားတွင် အူရီဒူးမြန်မာ၏ Acting CEO ဒေါ်ထားသန့်ဇင်နှင့် Chief Human Resources Officer, Mr. Jeremiah Ratadhi တို့မှ ဂုဏ်ပြုစကားများနှင့် တိုက်တွန်းအားပေးစကားများ ပြောကြားခဲ့ကြပြီး စီမံခန့်ခွဲမှုအဖွဲ့မှ အလုပ်သင်ကာလပြီးမြောက်ကြောင်း Certificates များအား ပေးအပ်ချီးမြှင့်ခဲ့ကြပါတယ်။

အူရီဒူးမြန်မာ၏ Chief Human Resources Officer ဖြစ်သူ Mr. Jeremiah Ratadhi က “ကျွန်တော်တို့နဲ့ အတူ အလုပ်သင်ကာလတစ်လျောက် ဇွဲကောင်းကောင်းနဲ့ စိတ်အားထက်သန်စွာ ကြိုးပမ်းစွမ်းဆောင်နိုင်ခဲ့ ကြတဲ့ အရည်အချင်းရှိတဲ့ အလုပ်သင်တွေအတွက် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ‌ပေးရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ ဆက်သွယ်ရေးကဏ္ဍအတွက် မျိုးဆက်သစ်တွေ မွေးထုတ်ရာမှာရင်းနှီးမြှုပ်နှံပြီး လိုအပ်တဲ့နည်းပညာနဲ့ အသိပညာဗဟုသုတတွေကို ပံ့ပိုးဖြည့်ဆည်းပေးခြင်းဖြင့် အနာဂတ်အတွက် အလားအလာရှိတဲ့ လုပ်ငန်းကျွမ်းကျင်ပညာရှင်တွေဖြစ်လာအောင် မြေတောင်မြှောက်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီအလုပ်သင်အစီအစဉ်ရဲ့ အောင်မြင်မှုဟာ ဆက်သွယ်ရေးလုပ်ငန်းအတွက်သာမက မြန်မာနိုင်ငံမှာရှိတဲ့ ထူးချွန်တဲ့ လူငယ်လေးတွေကို ပြုစုပျိုးထောင်ပေးလိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို ဖော်ဆောင်မှုရဲ့ သာဓကတစ်ခုလည်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

အလုပ်သင်လူငယ်လေးများမှလည်း အလုပ်သင်ကာလတစ်လျှောက် ရရှိခဲ့သည့် လုပ်ငန်းခွင်အတွေ့အကြုံ များနှင့် မိမိတို့ရဲ့တိုးတက်ပြောင်းလဲလာမှုတွေကို ပြန်လည် ဝေမျှခဲ့ကြပါတယ်။
အူရီဒူးမြန်မာ၏ နည်းပညာဌာနမှ အလုပ်သင်တစ်ဦးဖြစ်သူ မောင်ထက်မြက်နိုင်က “ကျွန်တော့်အနေနဲ့ သတင်းအချက်အလက်နဲ့ နည်းပညာကို အလွန်ပဲစိတ်ပါဝင်စားပါတယ်။ အူရီဒူးမြန်မာရဲ့ Facebook Page နဲ့ LinkedIn မှာ အလုပ်သင်ခေါ်ယူနေပြီဆိုတာ တွေ့လိုက်ရ‌တော့ ငယ်ငယ်တည်းက နည်းပညာအပိုင်းကို စိတ်၀င်စားခဲ့တဲ့ ကျွန်တော့်အတွက်တော့ အရမ်းစိတ်လှုပ်ရှားပြီး အဲဒီနေ့မှာပဲ စပြီးလျှောက်ဖြစ်ခဲ့ပါတယ်။ ဒီအစီအစဉ်ကနေ ကျွန်တော့အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေအများကြီး ရရှိခဲ့ပါတယ်။

အူရီဒူးရဲ့ Workplace Culture က အရမ်းကောင်းပါတယ်။ ကျွန်တော်အလုပ်သင်တဲ့ဌာနက အစ်ကို၊ အစ်မတွေကလည်း နည်းပညာနဲ့ ဆိုင်တာတွေရော Personal Development အတွက်ရော စိတ်ရှည်လက်ရှည်နဲ့ သင်ပြ‌ပေးကြတဲ့အပြင် ကိုယ်က အလုပ်သင်မို့လို့ဆိုပြီး ကန့်သတ်ထားတာ မရှိဘဲ ကိုယ့်အတွေးအမြင်‌တွေကို လွတ်လွတ်လပ်လပ်‌ ‌ဆွေးနွေးတင်ပြခွင့်လည်းရတယ်။ ဘယ်ရာထူး၊ ဘယ်သူနဲ့ဖြစ်ဖြစ် ကျွန်တော့်ရဲ့အတွေးအမြင်တွေကို လွပ်လပ်စွာ ဆွေးနွေးလို့ရနေတော့ နည်းပညာပိုင်းသာမက လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းတွေမှာပါ အများကြီး တိုးတက်လာပါတယ်” ဟု သူ၏ အလုပ်သင်ကာလ အတွေ့အကြုံကို မျှဝေခဲ့ပါသည်။

အူရီဒူးမြန်မာရဲ့ လူ့စွမ်းအားအရင်းအမြစ်ဌာနမှ အလုပ်သင်တစ်ဦးဖြစ်သူ မသဲစုအေးက “ဒီအစီအစဉ်မှာ ပါဝင်ဖြစ်ခဲ့တဲ့ အဓိက အကြောင်းရင်းကတော့ ညီမက ကျောင်းမှာ သင်ခဲ့ရတဲ့ စာတွေ့ပညာရပ်တွေကို တကယ့် လုပ်ငန်းခွင်မှာ ဘယ်လိုအသုံးချလို့ရမလည်း သိချင်ပြီး လုပ်ငန်းခွင်အတွေ့အကြုံ လိုချင်လို့ပါ။ ညီမ မျှော်လင့်ခဲ့တဲ့အတိုင်းပဲ လုပ်ငန်းခွင်အတွေ့အကြုံများစွာကို ရရှိခဲ့ပါတယ်။ ဒီအစီအစဉ်ကနေ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ အတတ်ပညာတွေရရှိခဲ့ရုံမျှမက ပေါင်းသင်းဆက်ဆံရေးပါ အများကြီး တိုးတက်လာပါတယ်။ Social Network တွေလည်း အများကြီး ကျယ်ပြန့်လာတယ်။ လုပ်ငန်းကြီးတစ်ခု ဘယ်လိုလည်ပတ်နေလဲဆိုတာ သိခွင့်ရခဲ့ပါတယ်။ အူရီဒူးရဲ့ လုပ်ငန်းခွင်ဝန်းကျင်က ပျော်စရာကောင်းတယ်လို့ မြင်ပါတယ်။ ကျွန်မရဲ့ မန်နေဂျာနဲ့ အခြား စီနီယာအစ်ကိုအစ်မတွေက တကယ့်ကို ကူညီရိုင်းပင်းကြပြီး မသိတာမှန်သမျှ ရှင်းပြပေးပါတယ်။ အူရီဒူးက ဒီအစီအစဉ်ကို လုပ်ပေးတာ အရမ်းကောင်းပါတယ်။ နိုင်ငံတစ်ဝန်းက ဘွဲ့ရခါစလူငယ်တွေနဲ့ နောက်ဆုံးနှစ် ကျောင်းသားလေးတွေအတွက်ပါ အခွင့်အလမ်းတွေပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်” ဟု သူမ၏ အတွေ့အကြုံကို မျှဝေခဲ့သည်။

အူရီဒူးမြန်မာ၏ အလုပ်သင်အစီအစဉ်သည် ထူးချွန်သည့် လူငယ်များအတွက် တန်ဖိုးရှိသည့် လုပ်ငန်းအတွေ့အကြုံများ ရရှိစေရန်၊ ကျွမ်းကျင်မှုများ မြှင့်တင်ပေးရန်နှင့် လုပ်ငန်းတူ ဝါသနာတူ မိတ်ဆွေများ ရရှိစေခြင်း စသဖြင့် အခွင့်အလမ်းများ ပေးအပ်ရန် ရည်ရွယ်ထားသည့် လစာငွေ ပေးအပ်သည့် အလုပ်သင်အစီအစဉ်တစ်ခုဖြစ်သည်။ အဆိုပါ အစီအစဉ်ဖြင့် အူရီဒူးမြန်မာသည် အလုပ်သင်များအား ဆက်သွယ်ရေးလုပ်ငန်းတစ်ခု၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုများကို အလုပ်လုပ်ရင်း သင်ယူနိုင်စေခြင်း၊ စာတွေ့သင်ကြားခြင်းများနှင့် လုပ်ငန်းဌာနအသီးသီးမှ စီမံခန့်ခွဲမှုအဖွဲ့၏ လမ်းညွှန်မှုများနှင့် လေ့ကျင့်သင်ကြားပေးမှုများ ပေါင်းစပ်ပြီး အသိပညာ ဗဟုသုတများစွာ ရရှိစေရန် ရည်ရွယ်ပါသည်။
အူရီဒူး အလုပ်သင်အစီအစဥ်မှာ သုံးလကြာမြင့်ခဲ့ပြီး သင်တန်းပြီးဆုံးသည့်အခါတွင်လည်း အူရီဒူးမြန်မာမှ စိတ်အားထက်သန်သော အလုပ်သင်လူငယ်များမှ ပါဝင်လျှောက်ထားနိုင်မည့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top