KBank နှင့် KBZ Bank တို့လက်တွဲပြီး ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ KBZPay မှတစ်ဆင့် ဒစ်ဂျစ်တယ်ငွေလွှဲပြောင်းမှုကို စတင်မိတ်ဆက်

28.8.23-yyl-16.jpg

ထိုင်းနိုင်ငံ၏ထိပ်တန်းဘဏ်တစ်ခုဖြစ်သည့် KASIKORNBANK (KBank) ၏ မိုဘိုင်းလ်ဘဏ်အက်ပလီကေးရှင်းဖြစ်သည့် K PLUS နှင့် မြန်မာနိုင်ငံ၏အကြီးဆုံး e-wallet ဖြစ်သည့် KBZPay တို့အကြား ဘတ်-မြန်မာကျပ် တိုက်ရိုက်ငွေလွှဲဝန်ဆောင်မှုကိုစတင်လိုက်ပြီဖြစ်ပါသည်။ ယခုမိတ်ဆက်လိုက်သော နိုင်ငံဖြတ်ကျော် ဒစ်ဂျစ်တယ်ငွေလွှဲပြောင်းမှုအတွက် ပူးပေါင်းဆောင်ရွက်မှုသည် ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသား ၂ သန်းကျော်ကို မြန်မာနိုင်ငံသို့ လုံခြုံလွယ်ကူစွာဖြင့် ငွေလွှဲပြောင်းပေးပို့နိုင်စေရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး ကနဉီးမိတ်ဆက်ကာလဖြစ်သည့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှ အောက်တိုဘာလအတွင်း ငွေလွှဲပြောင်းမှုများအားလုံးကို ဝန်ဆောင်ခ အခမဲ့ဖြင့် ပြုလုပ်နိုင်မည်ဖြစ်သည်။

ယခုပူးပေါင်းဆောင်ရွက်မှုသည် ထိုင်းနိုင်ငံ၏ ထိပ်တန်းဘဏ် KBank နှင့် မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ်ကမ္ဘောဇဘဏ်တို့အကြား မှတ်တိုင်သစ်စိုက်ထူနိုင်မည့် အသိအမှတ်ပြုဖွယ် ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါသည်။

“ထိုင်းနိုင်ငံမှာ အလုပ်လုပ်ပြီး နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား သန်းပေါင်းများစွာထဲက လူတစ်ဦးစီဟာ လစဉ် ပျမ်းမျှ မြန်မာကျပ်ငွေ ၁၀၀,၀၀၀-၂၀၀,၀၀၀ ခန့်ကို နေရပ်သို့ ပြန်ပို့လေ့ရှိကြပါတယ်။ အဲ့ဒါကြောင့် လုံခြုံလွယ်ကူတဲ့ ငွေပေးချေမှုတွေကို မြန်မာနိုင်ငံတစ်ဝှမ်းအဆင်ပြေချောမွေ့စွာပြုလုပ်နိုင်စေဖို့ ရည်ရွယ်ပြီး မြန်မာနိုင်ငံမှာ အကြီးဆုံးဘဏ်ခွဲကွန်ယက်နဲ့ ATM ကွန်ယက်ရှိတဲ့ ကမ္ဘောဇဘဏ်နဲ့ သုံးစွဲသူပေါင်း ၁၃ သန်းကျော်ရှိတဲ့ ကမ္ဘောဇဘဏ်ရဲ့ မိုဘိုင်းပိုက်ဆံအိတ် KBZPay တို့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ်” ဆိုပြီး K Bank၏ ဥက္ကဌ၊ ဒေါက်တာ Pipatpong Poshyanonda မှ ပြောကြားခဲ့ပါသည်။

သုံးစွဲသူများအနေနှင့် K PLUS App မှတစ်ဆင့် မြန်မာပြည်တွင်းသို့ငွေလွှဲဝန်ဆောင်မှုကို ရယူနိုင်မှာဖြစ်ပြီး မိမိငွေလွှဲလိုသူ၏ KBZPay ဖုန်းနံပါတ်ကိုရိုက်ထည့်ကာ မိမိစိတ်ကြိုက်ငွေလွှဲပမာဏကိုပေးပို့နိုင်မည်ဖြစ်ပါသည်။ K PLUS App မှ ငွေလွှဲမှု လုပ်ဆောင် ပြီးသည်နှင့် တပြိုင်နက် ငွေလက်ခံသူရဲ့ KBZPay App ထဲကို ငွေလက်ခံရရှိကြောင်း အကြောင်းကြားစာ ဝင်လာမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံရှိ ငွေလက်ခံသူများအနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင်ရှိသည့် ကမ္ဘောဇဘဏ်ခွဲများ၊ KBZPay စင်တာများ နှင့် KBZPay အေးဂျင့်များထံမှတဆင့် လွယ်ကူစွာဖြင့် ငွေထုတ်ယူနိုင်မည် ဖြစ်ပါသည်။ ငွေလွှဲဝန်ဆောင်မှုကိုရယူရာတွင် ပွင့်လင်းမြင်သာမှုရှိပြီး နိုင်ငံအလိုက်သတ်မှတ်ထားသည့် ငွေလဲလှယ်မှုနှုန်းထားများကို မြန်မာဘာသာဖြင့် ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ၏ ထိပ်တန်းဘဏ္ဍာရေးအဖွဲ့အစည်းများမှ နည်းပညာအဆင့်မြင့်ပြီး လုံခြုံစိတ်ချရသည့် စနစ်များဖြင့် ပံ့ပိုးပေးထားသောကြောင့် ဒစ်ဂျစ်တယ် ငွေလွှဲမှုများ အားလုံးကို ပေးပို့သူနှင့် ငွေလက်ခံသူတို့၏ မှတ်တမ်းတွင် အလိုအလျောက် မှတ်တမ်းတင်ထားမည် ဖြစ်ပြီး စိတ်ချလွယ်ကူစွာ ငွေကြေးများကို စီမံခန့်ခွဲခြင်းနှင့် ပြန်လည်စစ်ဆေးခြင်းများ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။
“ထိုင်းနိုင်ငံမှာရှိတဲ့သုံးစွဲသူတွေအနေနဲ့ မြန်မာပြည်မှာရှိတဲ့ သူတို့ရဲ့ချစ်ခင်ရသူတွေဆီ ငွေပေးပို့ရာမှာ အရင်ကထက်ပိုမို လွယ်ကူလာအောင် စီစဉ်ပြုလုပ်ထားတာပါ။ ဒီလို အလွန်အဆင်ပြေတဲ့ မိုဘိုင်းလ်ဘဏ်လုပ်ငန်း ဝန်ဆောင်မှုကြောင့် သုံးစွဲသူတွေအနေနဲ့ ငွေလွှဲဖို့အတွက် ဘဏ်ကို တကူးတကသွားရတာ၊ စာရွက်စာတမ်းဖြည့်ရတာတွေ လုပ်စရာလိုတော့မှာ မဟုတ်ပါဘူး။ ကမ္ဘောဇဘဏ်နဲ့ K Bank ရဲ့ အခုလို ကောင်းမွန်လှတဲ့ ပူးပေါင်းဆောင်ရွက်မှု ကနေတစ်ဆင့် ပြည်တွင်းမှာပဲဖြစ်ဖြစ် ပြည်ပမှာပဲဖြစ်ဖြစ် နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေ အားလုံး အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်မယ့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေ ပေးနိုင်တဲ့အတွက် ဝမ်းသာမိပါတယ်” ဟု ကမ္ဘောဇဘဏ်လီမိတက် အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းအောင်မှ ပြောကြားခဲ့ပါသည်။

K PLUS App မှတစ်ဆင့် KBZPay သို့တိုက်ရိုက်ငွေလွှဲပြောင်းမှုသည် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပထမဆုံးအနေဖြင့် ဘဏ်ဝန်ဆောင်မှု အပ်ပလီကေးရှင်းအချင်းချင်း နိုင်ငံဖြတ်ကျော်ငွေလွှဲပေးပို့နိုင်မည့် ဒစ်ဂျစ်တယ် ဘဏ်ဝန်ဆောင်မှုဖြစ်ပြီး အချိန်နှင့်တပြေးညီ ငွေလွှဲ ပေးပို့နိုင်ခြင်း၊ ဘဏ်သို့သွားရောက်ရန် မလိုခြင်း၊ စာရွက်စာတမ်း များဖြည့်သွင်းရန် မလိုခြင်းတို့ကြောင့် ပုံမှန်ငွေလွှဲဝန်ဆောင်မှုများထက် ပိုမိုအချိန်ကုန်သက်သာစွာ၊ လုံခြုံလွယ်ကူစွာဖြင့် အသုံးပြုနိုင်မည့် ဝန်ဆောင်မှု ဖြစ်ပါသည်။ KBZPay မိုဘိုင်း ပိုက်ဆံအိတ်မှတစ်ဆင့် ကမ္ဘောဇဘဏ်သည် ၎င်း၏ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ဘဏ်ခွဲမှတဆင့် ဒစ်ဂျစ်တယ်နည်းပညာဖြင့် လူအများထံသို့ ရောက်ရှိအောင် ဆောင်ရွက်နိုင်ခဲ့ပြီး ယခု ပူးပေါင်းဆောင်ရွက်မှုသည် လူတိုင်းရာနှုန်းပြည့် ပါဝင်နိုင်သော ဘဏ္ဍာရေးကဏ္ဍကို ဖော်ဆောင်နေသည့် ကမ္ဘောဇဘဏ်၏ အားထုတ်မှု တစ်ရပ်လည်း ဖြစ်ပါသည်။

ထိုင်းနိုင်ငံတွင်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် K Bank ၏ မည်သည့် ဘဏ်ခွဲတွင်မဆို တရားဝင်နိုင်ငံကူးလက်မှတ် သို့မဟုတ် အစိုးရထုတ်ပေးထားသည့် ID နှင့် အလုပ်လုပ်ခွင့်ပါမစ်တို့ကို ပြကာ K Bank ဘဏ်အကောင့်နှင့် K PLUS အကောင့်ဖွင့်လှစ်ကာ မြန်မာနိုင်ငံသို့ အချိန်၊နေရာမရွေး တိုက်ရိုက်ငွေလွှဲပေးပို့နိုင်ပြီ ဖြစ်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top