ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့နဲ့ လူပုဂ္ဂိုလ်နှစ်ဦးကို ရှူးမန်းဆု ပေးအပ်

yyl-yyl.jpg

Schuman ရှူးမန်းဆုဆိုတာ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးတွေမှာ စွမ်းစွမ်းတမံ ရပ်တည်လှုပ်ရှားဆောင်ရွက်သူတွေကို မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂက ပေးအပ်တဲ့ဆုဖြစ်ပါတယ်။
အဲဒီရှူးမန်းဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီ ၁၉ ရက်၊ ညနေပိုင်းက မရမ်းကုန်းမြို့နယ်၊ မေခလမ်းမှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီးနေအိမ်မှာ ကျင်းပပြုလုပ်ခဲ့တာပါ။

”ပြောင်းလဲမှုဆိုတာ ဘယ်သောအခါမှ သူ့အလိုလိုဖြစ်ပေါ်လာမှာမဟုတ်ဘူး။ ဒါတွေက လူတွေရဲ့ ရဲစွမ်း သတ္တိတွေ အများကြီးလိုအပ်ပါတယ်။ ရဲစွမ်းသတ္တိပြည့်ဝတဲ့သူတွေကို ရှူးမန်းဆုချီးမြှင့်သွားမှာပါ”လို့ မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပသမဂ္ဂသံအမတ် Kristian Schmidt က ပြောပါတယ်။

အခုလို ၂၀၂၀ ပြည့်နှစ်အတွက်ပေးအပ်တဲ့ ရှူးမန်းဆုတွေကို လူ့အခွင့်အရေးဆိုင်ရာ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်၊ အမျိုးသမီးအခွင့်အရေးလှုပ်ရှားဆောင်ရွက်သူ မလွေးပိုးငယ်နဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ တို့က ရရှိခဲ့ကြတာပါ။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ဟာ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးတွေ ရရှိအောင် ကြိုးပမ်းအားထုတ်မှုတွေအတွက် ၂၀၂၀ ခုနှစ်အတွက် ရှူးမန်းဆုကို ရရှိခဲ့တာပါ။
”ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီမရသေးဘူးဆိုတာ အထင်အရှားပေါ်ပေါက်နေပါတယ်။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအတွက် အသက်ကြီးပေးမယ့် ဆက်ပြီးလုပ်နေရဦးမှာပါ”လို့ အသက် ၇၅ နှစ်အရွယ်ဖြစ်တဲ့ ဦးကြီးမြင့်က ပြောပါတယ်။

အမျိုးသမီးအခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူလည်းဖြစ် အမျိုးသမီးများအဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်တဲ့ မလွေးပိုးငယ်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေနဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ဆောင်ရွက်နိုင်မှုတွေအတွက် ရှူးမန်းဆုကို ရရှိခဲ့တာပါ။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကတော့ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်တဲ့ သူတို့ရဲ့သတ္တိအတွက် ရှူးမန်းဆုကို ရရှိခဲ့တာပါ။ သူတို့ရဲ့ သံချပ်ဖျော်ဖြေမှုတွေကြောင့် အဖွဲ့ဝင်အချို့လည်း ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။

ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးတို့အတွက် ဘဝတွေကို ပေးဆပ်ပြီး စွမ်းစွမ်းတမံ ရပ်တည်လှုပ်ရှားခဲ့ကြတဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ၂၀၁၇ ခုနှစ်ကနေစပြီး ရှူးမန်းဆုကို ပေးအပ် ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top