ဆရာမတစ်ဦးကို ကျောင်းသားတစ်ယောက်က ပေးခဲ့တဲ့ ထူးထူးခြားခြားလက်ဆောင်

yyl-16-012.jpg

အနာဂတ်ကလေးတွေ ပညာတတ်ကြီးတွေဖြစ်အောင် သင်ကြားပြသပေးတဲ့နေရာမှာ ဆရာ၊ဆရာမတွေက အရေးပါလှပါတယ်။ ဆရာ၊ ဆရာမတွေရဲ့စေတနာ၊ မေတ္တာတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အောက်တိုဘာ (၅) ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့အဖြစ် သတ်မှတ်ထားပါတယ်။ အဲဒီနေ့မှာ ကျောင်းသူကျောင်းသားတွေက သူတို့ရဲ့ဆရာ၊ ဆရာမတွေအတွက် လက်ဆောင်တွေ ယူလာကြပါတယ်။ ဖိလစ်ပိုင်က ကျောင်းသား၊ ကျောင်းသူအများစုက ပန်းတွေ၊ သကြားလုံးတွေ၊ ချောကလက်တွေပေးကြပါတယ်။ ဒါပေမဲ့ အဲဒီထဲက ကျောင်းသားတစ်ယောက်ကတော့ ဆရာမကိုယ်တိုင်ကရရှိမယ့်လို့ မမျှော်လင့်ထားတဲ့လက်ဆောင်ကို ပေးခဲ့ပါတယ်။

မကြာသေးခင်ကမှ ကျရောက်ခဲ့တဲ့ဆရာများနေ့မှာ ဖိလစ်ပိုင်နိုင်ငံက ဘန်ဝါလန်မူလတန်းကျောင်းရဲ့ ဆရာမတစ်ဦးဖြစ်တဲ့ တာလွန် ကလော်ဒီ (Talon Claude) ကို ကျောင်းသားလေးတစ်ဦးက အမှတ်တရဖြစ်အောင်လုပ်ခဲ့ပါတယ်။ အဲဒီဆရာမက သူ့ရဲ့ဖေ့စ်ဘွတ်ခ်အကောင့်မှာ သူရရှိခဲ့တဲ့ ထူးထူးခြားခြား လက်ဆောင်တွေရဲ့ပုံတွေကို “လက်ဆောင်တွေက ဈေးကြီးလား၊ ဈေးချိုလားဆိုတာက အဓိကမဟုတ်ပါဘူး။ အမြဲတမ်းအမှတ်ရနေဖို့ပါပဲ”ဆိုတဲ့စာသားနဲ့ တင်ခဲ့ပါတယ်။

ဆရာများနေ့မတိုင်ခင်တစ်ရက်က ကလော်ဒီဟာ ကျောင်းကဆရာ၊ဆရာမတွေအတွက် တစ်ခုခုယူလာခဲ့ဖို့ ပြောခဲ့တာပါ။ အဲဒါနဲ့ ကျောင်းသားတစ်ဦးက ဆရာမအတွက် ကြက်တစ်ကောင် ယူလာခဲ့လို့ရမလားလို့ ကလောဒီကို မေးခဲ့ပါတော့တယ်။ “ကျောင်းမှာ ဆရာမသုံးဦးသာရှိပါတယ်။ ဒါကြောင့် ကျောင်းသား၊ကျောင်းသူတွေကို တစ်ခုခုယူလာဖို့ ကျွန်မပြောခဲ့ပါတယ်။ ကျောင်းသားတွေထဲက တစ်ယောက်က သူ ကြက်တစ်ကောင်ယူလာခဲ့လို့ရမလားလို့ မေးပါတယ်။ သားပေးချင်ရင်၊ သားရဲ့မိဘတွေ ခွင့်ပြုရင် ယူခဲ့လို့ရတယ်လို့ ပြောခဲ့ပါတယ်။ သူတို့ပေးချင်တဲ့ ဘယ်အရာမဆိုပေးနိုင်တယ်လို့ သူတို့လေးတွေကို ကျွန်မပြောခဲ့တယ်” လို့ ကလော်ဒီက ဆိုပါတယ်။

ဒါပေမဲ့ ကလော်ဒီက ဒါကို စနောက်ပြောတယ်လို့ ထင်ခဲ့တာကြောင့် ကြက်တစ်ကောင်ကို တကယ်ရရှိခဲ့မယ်လို့ မထင်မှတ်ထားခဲ့ပါဘူး။ “ကျွန်မ အံ့အားသင့်သွားခဲ့တာပါ။ ဒါကို စနောက်တယ်လို့ပဲ ကျွန်မထင်ခဲ့တယ်။ ဆရာမတွေထဲကတစ်ယောက်က ကျွန်မတို့ ကြက်ကို ချက်စားကြမယ်လို့ အကြံပေးပါတယ်။ ဒါပေမဲ့ ကြက်တစ်ကောင်ကို လက်ခံရရှိခဲ့တာ ကျွန်မအတွက် ပထမဆုံး ဖြစ်ခဲ့တဲ့အတွက် အရင်ဆုံးဒါကို မှတ်တမ်းတင်ထားချင်ခဲ့တာပါ” လို့ ကလော်ဒီက ပြောပါတယ်။

ဘန်ဝါလန်မူလတန်းကျောင်းက ဆရာမတွေက ကျောင်းသား၊ ကျောင်းသူတွေပေးတဲ့ လက်ဆောင်တွေကို ဝမ်းမြောက်ဝမ်းသာနဲ့ လက်ခံခဲ့ကြပြီး ပျော်ရွှင်အမှတ်ရဖွယ်ရာ အခိုက်အတန့်လေး ဖြစ်ခဲ့ကြပါတယ်။

Ref: Boredpanda “This Kid Surprises His Teacher By Gifting Her An Actual Chicken For Teacher Day”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top