ရန်ကုန်မှာ လာရောက်ရိုက်ကူးမယ့် Line Walker 2 ရုပ်ရှင်က ဘယ်လိုမျိုးလဲ

linewalker-06.jpg

ရန်ကုန်မြို့လယ်ကလမ်းတချို့ကို မနက်ကနေ ညနေပိုင်းထိ ယာယီပိတ်/လွှဲပြီးရိုက်ကူးမှာဖြစ်လို့ အခုရက်ပိုင်းအတွင်း ကန့်ကွက်သူ၊ ထောက်ခံသူအသီးသီးနဲ့ လူပြောများနေတဲ့ ဟောင်ကောင်ရုပ်ရှင် Line Walker 2 အကြောင်း စာဖတ်သူတွေကို နည်းနည်းမိတ်ဆက်ပေးချင်ပါတယ်။ ဒီကားရဲ့ ရှေ့ဇာတ်ကား Line Walker 1 ကတော့ ၂၀၁၆ ခုနှစ်တုန်းက ရိုက်ကူးခဲ့တာပါ။ ၂၀၁၄ မှာထုတ်လွှင့်ခဲ့တဲ့ Line Walker ရုပ်သံစီးရီးထဲက ဇာတ်ကောင်တချို့အကြောင်းကို ရုပ်ရှင်အသွင် ပြောင်းလဲရိုက်ကူးထားတာဖြစ်ပြီး ဒုစရိုက်ဂိုဏ်းတွေမှာ အသွင်ယူစုံစမ်းထောက်လှမ်းရတဲ့ ရဲစုံထောက်တွေအကြောင်းဖြစ်လို့ မှုခင်းအက်ရှင်ဇာတ်လမ်းမျိုးကိုကြိုက်တတ်သူတွေ သေချာပေါက်သဘောကျမယ့် ဇာတ်ကားမျိုးလည်းဖြစ်ပါတယ်။

ပထမ Line Walker ဇာတ်ကားမှာ ထိတ်ထိတ်ကြဲ ဟောင်ကောင်သရုပ်ဆောင်တွေဖြစ်တဲ့ Louis Koo, Nick Cheung, Francis Ng, Charmaine Sheh တို့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး IMDB Rating ၇. ၇/၁၀ ရရှိကာ ရုံတင်ပြသချိန်မှာတော့ ဝင်ငွေ ဒေါ်လာ သန်း (၉၀) ကျော် ရရှိခဲ့ပါတယ်။ မူရင်း Line Walker စီးရီးဟာလည်း TVB ရဲ့ အကောင်းဆုံးဒရာမာစီးရီးဆုအပါ ဆု (၅) ဆုထိရရှိထားတာဖြစ်လို့ ဇာတ်လမ်း၊ ဇာတ်ကွက်တွေ မကောင်းမှာကိုတော့ သံသယဖြစ်စရာမရှိနေပါဘူး။

အခု ရန်ကုန်မှာ ရိုက်ကူးမယ့်ဇာတ်ဝင်ခန်းတွေကတော့ ကလေးငယ်တွေကို လူကုန်ကူးနေတဲ့ရာဇဝတ်ကောင်နောက် နောက်ယောင်ခံလိုက်နေတဲ့ ဂျာနယ်လစ်တစ်ယောက်ကိုကာကွယ်ပေးဖို့နဲ့ အဲဒီရာဇဝတ်ကောင်ကို ဖမ်းဆီးပြီး ဟောင်ကောင်ကိုပြန်ပို့ဖို့စစ်ဆင်ရေးတစ်ခုကို မြန်မာရဲတပ်ဖွဲ့နဲ့ ဟောင်ကောင်ရဲတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ကြတဲ့အခန်းတွေဖြစ်ပါတယ်။ အောင်မြင်ထားပြီးသား အက်ရှင်ကားကောင်းတစ်ကားရဲ့ နောက်ဆက်တွဲဇာတ်ကားသစ်ကို မြန်မာနိုင်ငံကမြင်ကွင်းနောက်ခံနဲ့ ကြည့်ရှုရမှာက သေချာပေါက်စိတ်လှုပ်ရှားစရာ ကောင်းမှာပါ။

Line Walker 1 ဇာတ်ကားကိုရိုက်ကူးခဲ့တုန်းကလည်း ဇာတ်ဝင်ခန်းတချို့ကို ဘရာဇီးလ်နိုင်ငံမှာ သွားရောက်ရိုက်ကူးခဲ့တာဖြစ်ပြီး တိုက်ခိုက်ခန်း၊ သေနတ်ပစ်ခန်းနဲ့ မီးလောင်ပေါက်ကွဲတဲ့ဇာတ်ဝင်ခန်းတွေကို ရိုက်ကွင်းထဲမှာပဲ (အန္တရာယ်ကင်းကင်းနဲ့) ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ရိုက်ကူးရေးအတွက် ဘရာဇီးလ်မှာ (၁၂) ရက် ကြာခဲ့ပြီး အဲဒီကာလအတောအတွင်း ဒေသခံဒုစရိုက်ဂိုဏ်းတွေရဲ့ သေနတ်အစစ်နဲ့ ပစ်ကြတဲ့တိုက်ပွဲတွေကိုလည်း ရုပ်ရှင်အဖွဲ့သားတွေက နီးနီးကပ်ကပ် ကြုံခဲ့ရပါသေးတယ်။ ဒါကြောင့် ရုပ်ရှင်ကုမ္ပဏီဟာ သူတို့အဖွဲ့သားတွေကို (၂၄) နာရီလုံး လုံခြုံရေးအပြည့်နဲ့ထားခဲ့ရပြီး အဲဒီအတွက် ဟောင်ကောင်ဒေါ်လာ သန်းနဲ့ချီကုန်ကျခဲ့ပါတယ်။

Line Walker 2 ကို မြန်မာနိုင်ငံမှာလာရောက်ရိုက်ကူးဖို့အတွက် ရုပ်ရှင်ကုမ္ပဏီရဲ့တာဝန်ရှိသူတွေက အာဏာပိုင်တွေနဲ့ ၂၀၁၈ ခုနှစ်ကတည်းက လာရာက်ညှိနှိုင်းနေခဲ့တာပါ။ လက်ရှိမှာ ရိုက်ကူးဖို့တရားဝင်ခွင့်ပြုချက်ရရှိထားပြီး အသုံးပြုသွားမယ့် ရိုက်ကူးရေးပစ္စည်းတွေ၊ ယာဉ်တွေ၊ ဇာတ်ဝင်ခန်းမှာသုံးမယ့်လက်နက်ခဲယမ်းတွေကိုလည်း စနစ်တကျ အစစ်ဆေးခံ၊ အပ်နှံထားပြီးမှ ထုတ်ယူအသုံးပြုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ရိုက်ကူးမယ့်ဇာတ်ဝင်ခန်းတွေမှာ ကားပြိုင်မောင်းတာ၊ ရဟတ်ယာဉ်ပျံသန်းတာနဲ့ ပစ်ခတ်ဖောက်ခွဲမှုတွေပါဝင်နေပေမဲ့ အားလုံးကို အန္တရာယ်မရှိအောင်စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။ တချို့ဇာတ်ဝင်ခန်းတွေကိုတော့ သာကေတမြို့နယ်က တိုင်းရင်သားကျေးရွာမှာ သွားရောက်ရိုက်ကူးမယ်လို့ သိရပါတယ်။

Line Walker 2 ကို ရိုက်ကူးထုတ်လုပ်မယ့် Shaw Brothers ရုပ်ရှင်ကုမ္ပဏီဟာ ရုပ်ရှင်ကားပေါင်း ၁၀၀၀ ကျော်ထိ ရိုက်ကူးထုတ်လုပ်ထားပြီး တရုတ်နိုင်ငံက အကြီးဆုံးရုပ်ရှင်ကုမ္ပဏီတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

Ref: IMDb, MOI
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top