သန့်ရှင်းရေးလုပ်ဖို့အတွက် တရုတ်နိုင်ငံဘက်ခြမ်းက ဧဝရက်တောင်အခြေစိုက်စခန်းကိုပိတ်ထား

52439592_2245450882152486_121361473543864320_n.jpg

တောင်တက်ဖို့ခွင့်ပြုချက်မရသူတွေကို တရုတ်နိုင်ငံဘက်အခြမ်းက ဧဝရက်တောင်အခြေစိုက်စခန်းထံ တက်ရောက်ခွင့်ပိတ်ပင်လိုက်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၇၀၆၀ မှာရှိတဲ့ ဧဝရက်တောင်အခြေစိုက်စခန်းမှာ တောင်တက်သမားတွေချန်ရစ်ထားခဲ့တဲ့ အမှိုက်ပြဿနာကို ဖြေရှင်းဖို့အတွက် တရုတ်အာဏာပိုင်တွေက အခုလိုပိတ်ပင်လိုက်တာပါ။ အဲဒါကြောင့် ခရီးသည်တွေဟာ အခြေစိုက်စခန်းအောက်ဘက်မှာရှိတဲ့ ရွန်ဘက်ဘုန်းကြီးကျောင်း (Rongbuk) အထိပဲ သွားရောက်နိုင်တော့မှာပါ။

ဧဝရက်တောင်ကို တက်ရောက်ကြသူတော်တော်များများကတော့ နီပေါနိုင်ငံဘက်ခြမ်းမှာရှိတဲ့ တောင်ဘက်အခြေစိုက်စခန်းကနေသွားတတ်ကြပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်း တရုတ်နိုင်ငံဘက်ခြမ်းမှာရှိတဲ့ အခြေစိုက်စခန်းကနေ တောင်တက်သူအရေအတွက် တဖြည်းဖြည်း ပိုများလာခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ဧဝရက်တောင်အခြေစိုက်စခန်းကတော့ တိဘက်ဒေသမှာရှိပါတယ်။ နီပေါနိုင်ငံက အခြေစိုက်စခန်းကို ခြေကျင်ခရီးပဲသွားရောက်နိုင်ပြီး သီတင်းပတ် ၂ ပတ်လောက်နီးပါး အချိန်ယူရပေမဲ့ တရုတ်နိုင်ငံဘက်ခြမ်းကအခြေစိုက်စခန်းကို ကားနဲ့သွားလို့ ရပါတယ်။ အဲဒီအတွက်လည်း ခရီးသွားတွေကြားမှာ တဖြည်းဖြည်းနာမည်ကျော်ကြားလာတာပါ။

ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ကို သွားရောက်သူပမာဏမြင့်တက်လာသလို ခရီးသွားတွေ ချန်ရစ်ထားခဲ့တဲ့အမှိုက်ပြဿနာကလည်း ပိုဆိုးလာပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း တရုတ်နိုင်ငံရဲ့ အခြေစိုက်စခန်းကို လာရောက်သူ ၄၀၀၀၀ ရှိတယ်လို့ တရုတ်နိုင်ငံ တောင်တက်အစည်းအရုံးက ပြောပါတယ်။ ၂၀၁၆-၂၀၁၇ ရာသီက နီပေါနိုင်ငံရဲ့ အခြေစိုက်စခန်းကို လာရောက်သူ စံချိန်တင်မြင့်တက်ခဲ့ပြီး ၄၅၀၀၀ အထိ ရှိခဲ့ပါတယ်။ ဧဝရက်တောင်ကိုတက်ရောက်ဖို့ တစ်နှစ်မှာ လူ ၃၀၀ ကိုပဲ ခွင့်ပြုတော့မယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ခရီးသည်တွေကို တရုတ်နိုင်ငံဘက်ခြမ်းမှာရှိတဲ့ ဧဝရက်တောင် အခြေစိုက်စခန်းထံသွားရောက်ခွင့် ရာသက်ပန်ပိတ်ပင်လိုက်ပြီလို့ တရုတ်လူမှုကွန်ရက် စာမျက်နှာပေါ်မှာ သတင်းပျံ့နှံ့ခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်အရာရှိတွေရဲ့ ပြောကြားချက်ကိုကိုးကားပြီး ဆင်ဟွာသတင်းဌာနက အဲဒီသတင်းတွေကို ငြင်းဆန်ထားပါတယ်။ ဧဝရက်တောင်ပေါ်မှာ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မယ့်အတွက် အခုလိုပိတ်ပင်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နွေဦးကာလက ဧဝရက်တောင်မှာ သန့်ရှင်းရေးလုပ်ငန်း ၃ ကြိမ်ဆောင်ရွက်ခဲ့ပြီး လူ့မစင်တွေ၊ တောင်တက်သမားတွေချန်ရစ်ထားတဲ့ တောင်တက်ပစ္စည်းကိရိယာတွေအပါအဝင် အမှိုက်အလေးချိန် ၈ တန်ကို သိမ်းဆည်းခဲ့ရပါတယ်။ ဒီနှစ်အတွက် သန့်ရှင်းရေးလုပ်ငန်းမှာတော့ မီတာ ၈၀၀၀ အထက်မှာတည်ရှိပြီး သေမင်းတမန်ဇုန်လို့ လူသိများတဲ့နေရာက တောင်တက်သမားအလောင်းတွေကိုပါ ရှင်းလင်းဖယ်ရှားသွားဖို့ ရှိပါတယ်။ အမြင့်ပေများပြီး အေးခဲနေလို့ သန့်ရှင်းရေးလုပ်ဖို့ခက်ခဲတဲ့အတွက် အဲဒီရုပ်အလောင်းတွေဟာ တောင်ပေါ်မှာ ဆယ်စုနှစ်နဲ့ချီပြီး ရှိနေတတ်ပါတယ်။

Ref: BBC ”China closes its Everest base camp to tourists”
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top