တရားထိုင်ခြင်းနဲ့ စိတ်ကျန်းမာ ကြည်လင်ရေး

meditation-on-the-beach-PZSF8L4.jpg

တရားထိုင်တာလို့ ပြောရင် တချို့လူတွေက ဘာသာရေးနဲ့ပဲ ဆက်စပ်နေတယ်လို့ ထင်နေကြပါတယ်။ အမှန်တကယ်မှာတော့ တရားထိုင်ခြင်းဟာ စိတ် ကျန်းမာရေးကိုလည်း အထူး အထောက်အကူပြုနေပါသေးတယ်။ ဒါကြောင့်လည်း နိုင်ငံတကာက တရားထိုင် အသင်းအဖွဲ့တွေ၊ meditation centre တွေမှာ လူမျိုး ဘာသာ မရွေး လာရောက်ပြီး တရားထိုင်ရင်း စိတ်ကြည်လင် ကျန်းမာလာအောင် လုပ်ယူနေကြတာပဲ ဖြစ်ပါတယ်။

တရားထိုင်ခြင်းဟာ စိတ်ကျန်းမာရေးကို အောက်ပါအချက် (၇) ချက်အတိုင်း အထောက်အကူပြုနိုင်တယ်လို့ healthcommkey.org website မှာ ဖော်ပြထားပါတယ်။

၁။ စိတ်အာရုံ စူးစိုက်မှု ကောင်းမွန်လာစေခြင်း
၂။ စိတ်ဖိစီးမှုနဲ့ ပူပန် သောကများကို လျော့နည်းစေခြင်း
၃။ ဆေးလိပ် အရက် သောက်သုံးခြင်း စသည့် မိမိကိုယ်ကို ထိခိုက်စေသည့် အကျင့်ဆိုးများကို ဖျောက်ဖျက်ပစ်နိုင်ခြင်း (စိတ်ခွန်အား ကောင်းလာတဲ့ အခါမှာ ကိုယ့်အတွက် မကောင်းဘူးမှန်း သိတာတွေကို မလုပ်ဘဲ ထိန်းချုပ်လာနိုင်ပါတယ်)
၄။ တွေးခေါ် ဆုံးဖြတ်နိုင်စွမ်းကို တိုးတက်စေခြင်း
၅။ မိမိကိုယ် မိမိ ပိုမို နားလည်လာစေခြင်း၊ မိမိကိုယ်ကို ဝေဖန် သုံးသပ်နိုင်စွမ်း တိုးတက်လာစေခြင်း
၆။ စိတ်ဓာတ် တည်ကြည် ကြံ့ခိုင်စေခြင်း
၇။ အိုမင်းရင့်ရော်မှုကို လျှော့ချပေးခြင်း (အရွယ်မတိုင်မီ အိုမင်းမှုကို ဖြစ်စေတဲ့ စိတ်သောကတွေကို တရားထိုင်ခြင်းက ဖျောက်ဖျက်ပေးနိုင်ပါတယ်)

ဒီ နည်းလမ်းတွေဟာ သိပ္ပံနည်းကျ တွေ့ရှိလာတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ အဲဒီ အချက်တွေအပြင် တရားထိုင်ခြင်းဟာ ခန္ဓာကိုယ်မှာ ဖြစ်တဲ့ ရောင်ရမ်းနာတွေကို သက်သာ ပျောက်ကင်းစေကြောင်း အချက်အလက်တချို့ကို တွေ့ရှိထားပေမယ့် အတည်ပြုဖို့ လိုအပ်နေသေးတယ်လို့ သိရပါတယ်။

တကယ်တမ်းမှာ တရားထိုင်ခြင်းအလုပ်ဟာ ကျွန်တော်တို့ မြန်မာလူမျိုးတွေနဲ့ မဝေးလှပါဘူး။ သင်္ကြန်ကာလတွေ၊ နွေပိတ်ရက်တွေ အတွင်းမှာ တရားစခန်းတွေ ဝင်၊ ဝိပဿနာ ရှုမှတ်တာတွေ ရှိတတ်ကြပါတယ်။ တရားထိုင်ရင် စိတ် တည်ကြည် အေးချမ်းတာ၊ သတိအားကောင်းတာ စတဲ့ အကျိုးတွေကိုလည်း လက်တွေ့ မြင်သိ ခံစားရသူတွေ ရှိနေကြပြီးသား ဖြစ်ပါတယ်။ အားလပ်ရက်တွေမှ မဟုတ်ဘဲ ကျန်တဲ့ တစ်နေ့တာ အတွင်းက ရတဲ့ အချိန် အနည်းအကျဉ်းမှာလည်း တရားထိုင်ရင်း ကျန်းမာခြင်း အကျိုးကို ရယူသွားနိုင်အောင် အကျိုးမျှော်ပြီး သတိပေး တိုက်တွန်းလိုက်ရခြင်းပဲ ဖြစ်ပါတယ်။

Ref : Healthcommkey.org ; “7 Incredible Mental Health Benefits of Meditation ”
ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top