ပီဇာပို့သမားဘဝမှ အိမ်ခြံမြေရင်းနှီးမြုပ်နှံသူ ဖြစ်လာ

Fleming.jpg

အသက် (၂၈) နှစ် အရွယ်ရှိတဲ့ တိုနီ ဖလင်းမင်း (Tony Fleming) ဟာ အခုဆိုရင် New South Wales, ဩစတြေးလျတောင်ပိုင်းနဲ့ ဆစ်ဒနီ အနောက်ပိုင်း အနှံ့အပြားတို့မှာ အိမ်ခန်း၊ တိုက်ခန်း စုစုပေါင်း(၁၄) လုံး ပိုင်ဆိုင်ထားပြီး ဖြစ်လာပါတယ်။

ဒီလို ဖြစ်လာဖို့ဆိုတာ မလွယ်ကူလှပါဘူး ။ အကြောင်းရင်းက ဖလင်းမင်းဟာ ချမ်းသာတဲ့ မိသားစုမှာ မွေးဖွားလာသူတစ်ဦး မဟုတ်လို့ပါပဲ။  သူဟာ အသက် (၁၈) နှစ်အရွယ်ကတည်းက Domino’s Pizzas လို့ ခေါ်တဲ့ ပီဇာလုပ်ငန်းမှာ အိမ်တိုင်ရာရောက် ပီဇာပို့ပေးသူ (delivery boy) အဖြစ်နံ့ ဘဝကို ရုန်းကန်ခဲ့ရသူ ဖြစ်ပါတယ်။

သူ့အသက် (၁၉) နှစ်မှာ ဆစ်ဒနီ အနောက်ပိုင်း ဆင်ခြေဖုံးရပ်ကွက် တစ်ခုမှာ အိမ်လေးတစ်လုံး ဝယ်ထားဖို့ စိတ်ကူးရခဲ့တယ်။ အဲဒီအချိန်မှာ အိမ်ဈေးနိမ့်နေခဲ့ပေမယ့် ပတ်ဝန်းကျင်ရပ်ကွက်တွေမှာ အိမ်ဈေးမြင့်နေတဲ့အတွက် သူ့အနေနဲ့ လက်ဦးမှု ရယူထားသင့်တယ်လို့ သူ တွက်ဆခဲ့ပါတယ်။ ဒါပေမယ့် သူ့ အနေအထားနဲ့ဆိုရင် အိမ်ဝယ်ဖို့အတွက် ချေးငွေ ထုတ်ယူဖို့အတွက်တောင် အာမခံကြေး တင်ထားစရာ ငွေမရှိခဲ့ပါဘူး။ အဲဒါကြောင့် သူဟာ အလုပ်ကို ပိုကြိုးစားလုပ်ခဲ့ရပါတယ်။

တစ်ပတ်မှာ နာရီခြောက်ဆယ်နဲ့ အထက် အလုပ် လုပ်ပြီး သူငယ်ချင်းတွေ၊ လူမှုကိစ္စတွေအတွက် အချိန်တွေကိုလည်း လျှော့ချပစ်ခဲ့ရပါတယ်။ အားလပ်ရက်တွေကို လျှော့ယူပြီး အစားအသောက်အတွက် ကုန်ကျစရိတ်ကိုလည်း လျှော့ချခဲ့ရပါတယ်။ အလုပ်ကရတဲ့ အခမဲ့ ပီဇာတွေ၊  ခေါက်ဆွဲတွေနဲ့ ဈေးသက်သာတဲ့ အစားအစာတွေကို အခုချိန်မှာ ပြန်လှည့်မကြည့်ချင်အောင်  စားသောက်ခဲ့ရပါတယ်။

ဒါပေမဲ့ သူ့ရဲ့ ပင်ပန်းဆင်းရဲမှုတွေဟာ အရာထင်ခဲ့ပါတယ်။ ဖလင်းမင်းဟာ အသက် (၁၉) နှစ်မှာ အိမ်တစ်လုံး စတင်ဝယ်ယူလာနိုင်ခဲ့ပါတယ်။ သူဟာ အိမ်ကို အသေးစား ပြုပြင်မွမ်းမံမှုတွေ၊ နေချင်စဖွယ် ဖြစ်အောင် စရိတ်စက နည်းနည်းနဲ့ အလှဆင်မှုတွေ ပြုလုပ်ပြီး တခြားသူတွေကို ပြန်လည်ငှားရမ်းရာက ငွေကြေး ပြန်လည်စုဆောင်းနိုင်ခဲ့ပါတယ်။ ဒီနည်းအတိုင်း တိုးချဲ့ ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်လာခဲ့ရာက အခုဆိုရင် ကိုယ်ပိုင်အိမ်ခန်း (၁၄) ခု တိတိကို ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီအိမ်ခန်းတွေ ငှားရမ်းခအနေနဲ့ တစ်နှစ်ကို ဒေါ်လာ တစ်သိန်းသုံးသောင်း တိတိ ဝင်ငွေ ရှိနေပြီ ဖြစ်တာမို့ သက်တောင့်သက်သာ နေထိုင်နိုင်တဲ့ ဘဝကို အသက်သုံးဆယ်မတိုင်ခင်မှာ ပိုင်ဆိုင်ထားပြီး ဖြစ်တယ်လို့ ဆိုရမှာပါ။ ဖလင်းမင်းတို့ဟာ အခြား အိမ်ခြံမြေ ရင်းနှီးမြုပ်နှံသူတွေအတွက် အကြံပေးတဲ့ အေဂျင်စီတစ်ခုကိုတောင် တည်ထောင်ထားခဲ့ပြီး ဖြစ်ပါတယ်။

ဖလင်းမင်းနဲ့ သူ့ရဲ့ ဇနီးသည် ( ဆစ်ဒနီ အနောက်ပိုင်းက ဖလင်းမင်း ပိုင် အိမ်တစ်လုံးမှာ ရိုက်ကူးထားတာ ဖြစ်ပါတယ်)

Ref: DailyMail: “Former Domino’s pizza delivery boy who earned $10 an hour owns 14 renovated properties and is now semi-retired at the age of 28 “

ကျော်သန့်(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top