အိမ်ရှင်ပြိုင်ဘက်နှင့် တွေ့ဆုံပါက အလဲထိုးနိုင်ရေးသာ ဦးတည် ကစားတော့မည့် အန်တိုနီယာ

Bozhena-Antoniyar-DC-3419.jpg

ONE Championship ၏ တစ်ဦးတည်းသော မြန်မာ အမျိုးသမီး အားကစားမယ် ဘိုဇီနာ “တိုတို” အန်တိုနီယာက လာမည့် ပွဲများတွင် ပြိုင်ဘက်က အိမ်ရှင် နိုင်ငံသား ဖြစ်နေပါက အမှတ်ဖြင့် အနိုင်ယူရေးထက် အလဲထိုးနိုင်ရေးကိုသာ အဓိက ဦးတည်ပြီး ကစားတော့မည် ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။

အန်တိုနီယာသည် နောက်ဆုံး ယှဉ်ပြိုင်ခဲ့သည့် ONE Championship ပြိုင်ပွဲဖြစ်သော ONE: Dawn of Valor တွင် အိမ်ရှင် အင်ဒိုနီးရှား နိုင်ငံသူ Priscilla Hertati “Thathie” Lumban Gaol နှင့် ရင်ဆိုင်ခဲ့ရသည်။ ၎င်းတို့ နှစ်ဦးသည် ပွဲချိန် သုံးချီလုံးလုံး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီးမှ Lumban Gaol က အမှတ်ဖြင့် အနိုင်ရခဲ့သည်။ သို့သော် ယင်းပွဲတွင် ကစားသမား နှစ်ဦးစလုံး၏ စွမ်းဆောင်ရည် သိသိသာသာ ကွာခြားခဲ့ခြင်းမရှိဘဲ မတ်တပ်ရပ် တိုက်ခိုက်မှုအပိုင်းတွင် အန်တိုနီယာကပင် အသာစီး ရခဲ့သည်။

“ဒီတစ်ပွဲမှာ အစအဆုံး ကစားခဲ့သမျှ ကိုယ့်ကိုယ်ကိုယ် နိုင်မယ်လို့ ထင်ခဲ့တာပါ။ နောက်ဆုံး အချီမှာပဲ မြေပြင်မှာ နည်းနည်း ဖိအားပေး ခံခဲ့ရတာ။ အဲဒီတုန်း ကလည်း သူ ထိထိမိမိ ထိုးနိုင်တာ မရှိပါဘူး။ သူ့ကို တော်တော်လေး ထိန်းထားခဲ့တာ။ ကိုယ့်ကိုယ် အထိုးမခံ ရအောင်၊ သူအမှတ်မရအောင် တော်တော်လေး ပြန်ထိန်းထားခဲ့တယ်”ဟု အန်တိုနီယာက ယင်းပွဲ ကစားခဲ့သည့် အခြေအနေကို ပြန်ပြောင်း ပြောပြခဲ့သည်။

အန်တိုနီယာနှင့် Lumban Gaol သည် ပထမ အချီတွင် မတ်တပ်ရပ် တိုက်ခိုက်မှုဖြင့် အပြန်အလှန် ကစားခဲ့ရင်းက အချိန်စေ့ ခါနီးတွင် အန်တိုနီယာ၏ Rear-Naked Choke ချုပ်ကွက်ကြောင့် Lumban Gaol ရှုံးနိမ့်မလိုပင် ဖြစ်ခဲ့ရပြီး အချိန်စေ့သွားသဖြင့်သာ သက်သာခဲ့ ရခြင်းဖြစ်သည်။ “အဲဒီအချိန်မှာ အချိန်နည်းနည်းသာ ထပ်ရရင် နိုင်မယ်လို့ ယုံကြည်ပါတယ်။ သိပ်လည်း မလိုတော့ဘူးလေ။ သူလည်း တော်တော်လေး မရုန်းနိုင် တော့တဲ့ အခြေအနေ ဖြစ်နေပြီ။ အချိန်သာ ထပ်ရရင် သေချာပေါက် နိုင်ပါတယ်”ဟု မချိတင်ကဲ ဖြစ်ခဲ့ရသည့် အန်တိုနီယာက ဆိုသည်။

နောက်ပိုင်းအချီ များ၌ မတ်တပ်ရပ် တိုက်ခိုက်မှုကို အားပြု ကစားခဲ့ကြရာ တွင်လည်း အန်တိုနီယာ၏ ထိုးချက် ကန်ချက်များက ထိရောက်မှု ပိုရှိခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။ သို့သော် တတိယ အချီတွင် Lumban Gaol က အန်တိုနီယာကို ကြမ်းပေါ် ဆွဲလှဲချခဲ့ပြီး အပေါ်စီးမှ ဖိအားပေး ထိုးနှက်ခဲ့ရာ ပွဲချိန် ပြည့်သည်အထိ ပြန်ရုန်းထ နိုင်ခဲ့ခြင်း မရှိဘဲ ခုခံ ကစားခဲ့ ရသည်။
“အမှတ် အနေနဲ့က တိုတို ပိုသာမယ်လို့ ထင်တယ်။ နောက်ပွဲတွေမှာ အိမ်ရှင်နဲ့ ကစားရမယ် ဆိုရင်တော့ အရင်ကထက် ပိုပြီး ကစားနိုင်အောင် ကြိုးစား ရတော့မှာပေါ့။ အလဲထိုး စနစ်နဲ့ သွားနိုင်အောင် ကြိုးစားရမယ်။ အိမ်ရှင် ဆိုတော့ ပိုပြီးတော့ တပန်းသာ တာပေါ့။ အလဲထိုးမှ နိုင်ဖို့ ပိုဖြစ်နိုင်တာ။ အလဲမထိုးနိုင် ရင်တောင် ဒီထက် များများ ဖိအားပေး နိုင်မှ ပိုအဆင်ပြေမယ်”ဟု အန်တိုနီယာက ဖွင့်ဟခဲ့သည်။

အသက် ၂၄ နှစ် အရွယ်ရှိသူ အန်တိုနီယာသည် ONE Championship တွင် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား ပွဲပေါင်း ၄ ပွဲ ကစားထားပြီး မြန်မာ နိုင်ငံသူ ရွှေစင်၊ မလေးရှား နိုင်ငံသူ Audreylaura Boniface နှင့် ဗီယက်နမ် ကစားသမား Bi Nguyen တို့ကို အနိုင်ရထားကာ ထိုင်းနိုင်ငံသူ Rika Ishige ကို ရှုံးနိမ့်ထားသည်။ တစ်ပွဲပြီး တစ်ပွဲ ကြိုတင်ပြင်ဆင်မှု အားကောင်းကောင်းနှင့် ယှဉ်ပြိုင်လာသည့် အန်တိုနီယာသည် ယခုပွဲကိုလည်း ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပုံကို ပြောပြခဲ့သည်။

“အဓိက ကတော့ သူ(ပြိုင်ဘက်) က အကောင်ကြီးတယ်။ ဝိတ်ကြီးတယ် ဆိုတော့ ဝိတ်ကို သူနဲ့အမီ သိပ်မကွာအောင် ကြိုပြီး ပြင်ဆင်တယ်။ သူ့ကို ဖိအားပေး ကစားမယ် ပေါ့နော်။ အဲဒီလို အစီအစဉ် ချထားတာ။ သူက မတ်တပ်ရပ်ရော မြေပြင်အချုပ်ရော နှစ်မျိုးလုံး ကစားလို့ ရတယ် ဆိုတော့ မတ်တပ်ရပ် တိုက်ခိုက်တာနဲ့ အဓိက သွားပြီးမှ မြေပြင်အချုပ် ဝင်မယ်ပေါ့။ ဒီက ဆရာတွေနဲ့ အဲဒီလို အစီအစဉ် ချပြီး ယှဉ်ပြိုင်ခဲ့ တာပါ”ဟု အန်တိုနီယာက ဆိုသည်။

သို့သော် အန်တိုနီယာသည် ပွဲပြီးရန် တစ်ပတ်ခန့် အလိုတွင်မှ အနည်းငယ် နာမကျန်း ဖြစ်ခဲ့သဖြင့် လေ့ကျင့်ရေးများ ရပ်နားခဲ့ရသည်။ ယင်းမတိုင်မီ ကလည်း ဗီဇာကိစ္စ အခက်အခဲ ဖြစ်သဖြင့် ဘာလီကျွန်းရှိ Bali MMA လေ့ကျင့်ရေး စခန်းသို့ ပြန်ဝင်ရန် နောက်ကျခဲ့သည်။ ထို့ကြောင့် ယခုပွဲကို လေ့ကျင့်ချိန် မလုံလောက်ပဲ ယှဉ်ပြိုင် ခဲ့ရသကဲ့သို့ ဖြစ်ခဲ့သည်ဟု အန်တိုနီယာက ပြောပြခဲ့သည်။ လာမည့် ပွဲများ အတွက် လေ့ကျင့်ချိန် လုံလုံလောက်လောက် ရရှိစေရန် လေ့ကျင့်ရေး စခန်းသို့ စောစော ပြန်ဝင်မည် ဖြစ်ကြောင်းလည်း အန်တိုနီယာက ဆိုခဲ့သည်။
“အခု လက်ရှိက မြန်မာပြည် ပြန်ရောက်နေတယ်။ အလုပ်လေး နည်းနည်းလည်း ရှိလို့။ ခဏလည်း နားချင်လို့။ ဒဏ်ရာတွေလည်း ပြန်ကောင်း လာအောင်လေ။ သိပ်မကြာခင် ပြန်သွားမှာပါ။ နောက်တစ်ပွဲ မရှိသေးရင်တောင် လေ့ကျင့်ရေး အချိန် ပိုယူပြီး ပိုကြိုးစားရမယ်။ နောက်ဆုံးပွဲ ကစားခဲ့တုန်းက လေ့ကျင့်ရေး ချိန်က တစ်လကျော် လေးပဲ ရှိတာ ဆိုတော့ လေ့ကျင့်ရေးချိန် မလုံလောက်ဘူးလေ”ဟု အန်တိုနီယာက ပြောပြခဲ့သည်။

ONE : Master of Fate ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ Mall Of Asia Arena အားကစားကွင်းတွင် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး စုစုပေါင်း တွဲဆိုင်းပေါင်း ၁၄ဆိုင်း ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top