အာရှတွင်လည်း အကောင်းဆုံးဖလိုင်းဝိတ်တန်းကစားသမားအဖြစ် ရပ်တည်သွားနိုင်ရန် စိတ်အားထက်သန်နေသည့် “Mighty Mouse”

image2.jpg

Demetrious “Mighty Mouse” Johnson သည် ကမ္ဘာ့အကောင်းဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားတစ်ဦးအဖြစ် ခိုင်မာစွာ ဆက်လက် ရပ်တည်သွားနိုင်ရေးအတွက် ဆန္ဒပြင်းပြလျက်ရှိသည်။

ONE Championship နှင့်ပြုလုပ်သော သီးသန့်အင်တာဗျူးတစ်ခုတွင် (၁၂) ကြိမ်မြောက် ဖလိုင်းဝိတ်ကမ္ဘာ့ချန်ပီယံ Johnson က နောက်ထပ် ကမ္ဘာ့ချန်ပီယံခါးပတ်တစ်ခုကို
ထပ်မံအရယူသွားနိုင်ရန်အတွက် လွန်စွာ စိတ်အားထက်သန်လျက်ရှိကြောင်း ပြောကြားထားသည်။

အသက် (၃၂) နှစ်ရှိပြီဖြစ်သည့် အမေရိကန်နိုင်ငံသား Johnson သည် အာရှ၏ အကြီးဆုံးအားကစားပွဲများ ဦးစီးကျင်းပလျက်ရှိသော ONE Championship တွင် ကာလကြာရှည်စွာ စောင့်မျှော်နေခဲ့ရသည့် ၎င်း၏ပွဲဦးထွက်ပြိုင်ပွဲကို ယခုလကုန်ပိုင်းတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

(၁၂) ကြိမ်မြောက် ဖလိုင်းဝိတ်ကမ္ဘာ့ချန်ပီယံ Johnson က နောက်ထပ် ကမ္ဘာ့ချန်ပီယံခါးပတ်တစ်ခုကို ထပ်မံရယူသွားနိုင်ရန် စိတ်အားထက်သန်လျက်ရှိ

Johnson သည် မတ်လ (၃၁) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည့် ONE: A NEW ERA ပြိုင်ပွဲကြီးတွင်အများမျှော်လင့်စောင့်စားနေကြသော ONE ဖလိုင်းဝိတ်ကမ္ဘာ့ Grand Prix ပြိုင်ပွဲအဖြစ် ဂျပန်နိုင်ငံသား Yuya Wakamatsu နှင့် ရင်ဆိုင်သွားရမည်ဖြစ်သည်။ ၎င်းနှင့်တစ်နိုင်တည်းသား အမေရိကန်ကစားသမားဖြစ်သူ Eddie “The Underground King” Alvarez သည်လည်း ၎င်းပြိုင်ပွဲကြီး ပွဲဦးထွက်ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။ ထိုပြိုင်ပွဲကြီးတွင် ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲ (၄) ပွဲပါဝင်မည်ဖြစ်ရာ ဖိလစ်ပိုင်နိုင်ငံသား Eduard Folayang က ဂျပန်နိုင်ငံသားကစားသမား Shinya Aoki ကို ရင်ဆိုင်ကာ ၎င်း၏ ချန်ပီယံခါးပတ်ကို ကာကွယ်သွားမည့်ပွဲစဉ်၊ မြန်မာနိုင်ငံသား အောင်လအန်ဆန်က ဂျပန်နိုင်ငံသား Ken Hasegawa ကိုရင်ဆိုင်ကာ ၎င်း၏ မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်ကိုကာကွယ်မည့်ပွဲစဉ်၊ စင်ကာပူကစားသမား Angela Lee က တရုတ်ကစားသမား Xiong Jing Nan ကိုရင်ဆိုင်ကာ ONE အမျိုးသမီးစတောဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်လုမည့်ပွဲစဉ်၊ Kevin Belingon က Bibiano Fernandes ကိုရင်ဆိုင်ကာ ONE ဘန်တန်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် ယှဉ်ပြိုင်သွားမည့်ပွဲစဉ်တို့ကို မြင်တွေ့သွားရမည်ဖြစ်သည်။

Johnson အဖို့မူ တိုကျိုမြို့တွင် ဂျပန်နိုင်ငံသားပရိတ်သတ်များက လွန်စွာမျှော်လင့်ထားကြသော Yuya Wakamatsu နှင့် ယှဉ်ပြိုင်သွားရမည့်ပွဲတွင် အစွမ်းပြကစားကာ ကမ္ဘာတစ်ဝန်းလုံးရှိပရိသတ်များကို ဖမ်းစားသွားတော့မည်ဖြစ်သည်။ ၎င်းအနေဖြင့် ဤပြိုင်ပွဲကြီးအတွက် လွန်စွာ စိတ်အားတက်ကြွလျက်ရှိကြောင်းလည်း အလေးအနက်ပြောထားသည်။

“ကျွန်တော်ကတော့ ဘယ်လိုပြိုင်ဘက်၊ အဖွဲ့အစည်းနဲ့ပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ စွမ်းရည်ကို ပြသသွားဖို့အတွက်၊ ကျွန်တော့်မိသားစုအတွက် အလုပ်လုပ်ဖို့အတွက် စိတ်အားထက်သန်မှုအမြဲရှိတဲ့သူပါ” ဟု ပြိုင်ပွဲတွင် အနိုင်ရယူလိုသော Johnson က ဆိုသည်။

အားကစားပြိုင်ပွဲကြီး (၂) ခုတွင် ကမ္ဘာ့ချန်ပီယံခါးပတ်ရယူထားသော ရှားပါးသည့် ကစားသမားများထဲမှ တစ်ဦးဖြစ်လာရန်သည် Johnson ဘဝအတွက် လွန်စွာ အရေးကြီးအရာပင်ဖြစ်သည်။

Johnson က “အဲဒီလိုဖြစ်လာမယ်ဆိုရင် ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဖလိုင်းဝိတ်ကစားသမားတစ်ဦးဖြစ်လာမှာပါ။ ကျွန်တော်က မြောက်အမေရိကရဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံလောကမှာ အအောင်မြင်ဆုံးအားကစားသမားဖြစ်ခဲ့တာကြောင့် အာရှမှာလည်း ချန်ပီယံဖြစ်လာမယ်ဆိုရင် ကျွန်တော်ရဲ့ အောင်မြင်မှုတွေကိုပိုပြီးခိုင်မာစေမှာပါ” ဟု ဆိုသည်။

ရက်သတ္တပတ် (၉) ပတ်ခန့် လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်နေခဲ့သော Johnson နှင့် ၎င်း၏အဖွဲ့သားများသည် Wakamatsu ကိုဖြိုလှဲသွားနိုင်လိမ့်မည်ဟု Johnson က ထုတ်ဖော်ပြောကြားထားသည်။

“ကျွန်တော် လေ့ကျင့်မှုနဲ့ ကျန်းမာကြံ့ခိုင်မှုရှိဖို့အတွက်ပဲ အာရုံစိုက်ထားခဲ့ပါတယ်။ ပြိုင်ပွဲကလည်း နီးကပ်လာပြီဖြစ်လို့ ပြိုင်ဘက်အပေါ်မှာလည်း အခုအာရုံစိုက်နေပါတယ်။ (၅) ချီပြိုင်နေကျပုံစံကနေ (၃) ချီပုံစံကိုပြောင်းရတာအတွက်လည်း ကျွန်တော် တော်တော်အာရုံထားခဲ့ရပါတယ်” ဟု Johnson ကဆိုသည်။ ပြိုင်ပွဲမှတ်တမ်း (၁၀ – ၃) ရရှိထားသော အလဲထိုးကွက်ပိုင်နိုင်ကျွမ်းကျင်သူ Wakamatsu သည် အန္တရာယ်ပေးနိုင်သော ပြိုင်ဘက်ဖြစ်ကြောင်းကို Johnson က သိရှိထားသည်။

“Wakamatsu က ကိုယ်ခံပညာရပ်ကို ကောင်းကောင်းသင်ယူထားနိုင်တဲ့ ဂျပန်ကစားသမားတစ်ဦးဖြစ်တာကြောင့် သူနဲ့ ယှဉ်ပြိုင်သွားဖို့ စိတ်လှုပ်ရှားနေပါတယ်။ သူ့ရဲ့ပြိုင်ပွဲတော်တော်များများမှာ သူက ပထမအချီမှာတင် ပွဲသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်” ဟု Johnson က ဆိုသည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top