မီးရှူးမီးပန်းလွှတ်တင်တာ၊ မီးရှူးမီးပန်းဖောက်တာတွေဟာ တိရစ္ဆာန်တွေအပေါ် သက်ရောက်မှုရှိနေပါတယ်။ မီးရှူးမီးပန်းကြောင့် တိရစ္ဆာန်လေးတွေ သေဆုံးနေရတဲ့ဖြစ်ရပ်တွေ ကြုံတွေ့နေရပါတယ်။ မကြာသေးခင်ကလည်း Noah’s Ark Zoo Farm က မြင်းကျားပေါက်စလေးလည်း မီးရှူးမီးပန်းကြောင့် ထိတ်လန့်ပြီး သေဆုံးသွားခဲ့ပါတယ်။ ဒေသတွင်းက လူတွေ ပစ်လွှတ်လိုက်တဲ့ မီးရှူးမီးပန်းက Hope လို့အမည်ရတဲ့ မြင်းကျားလေးကို ကြောက်လန့်စေခဲ့ပြီး သူ့ရဲ့အသက်ကိုပါ နှုတ်ယူသွားခဲ့တယ်လို့ တိရစ္ဆာန်ထိန်းသိမ်းရေးသမားတွေက ယုံကြည်ခဲ့ကြပါတယ်။ နိုဝင်ဘာ ၄ ရက်နေ့က မြင်းကျားလေး ရုတ်တရက်သေဆုံးသွားခဲ့တာကြောင့် တိရစ္ဆာန်ဥယျာဉ်က ဝန်ထမ်းတွေကို စိတ်မကောင်းဖြစ်သွားစေခဲ့ပါတယ်။
Hope ကို ပထမ Lockdown အစ မတ်လမှာ မွေးဖွားခဲ့ပြီး အကျပ်အတည်းကာလမှာ မွေးဖွားလာခဲ့တဲ့အတွက် မျှော်လင့်ချက်ဆိုတဲ့ သင်္ကေတတစ်ခုအနေနဲ့ ဝန်ထမ်းတွေက သူ့ကို Hope လို့အမည်ပေးခဲ့တာပါ။ အခုဆိုရင် တိရစ္ဆာန်ဥယျာဉ်က မီးရှူးမီးပန်းတွေရဲ့အန္တရာယ်ကို လူတွေ နားလည်မယ်လို့ မျှော်လင့်နေပါတယ်။ “တိရစ္ဆာန်ဥယျာဉ်အနေနဲ့ ဒီဖြစ်ရပ်ကနေ ကောင်းတာတစ်ခုခုထွက်လာမယ်လို့ ထင်ပါတယ်။ လူတွေက မီးရှူးမီးပန်းပစ်လွှတ်တာဟာ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကို သတိပြုမိဖို့ အရမ်းအရေးကြီးတယ်လို့ ကျွန်တော်တို့ခံစားနေရပါတယ်။ မီးရှူးမီးပန်းနဲ့ပတ်သက်ပြီး လူတွေရဲ့အမြင် ပြောင်းလဲသွားပြီး တိရစ္ဆာန်တွေပေါ် သက်ရောက်မှုရှိတယ်ဆိုတာကို ပိုသိမြင်လာမယ်လို့ မျှော်လင့်ပါတယ်။ ဒီဝမ်းနည်းစရာဖြစ်ရပ်ကို ပြောင်းလဲမှုတစ်ခုအနေနဲ့ သင်ခန်းစာယူချင်ပါတယ်။ မီးရှူးမီးပန်းနဲ့ပတ်သက်ပြီး လူတွေ သေချာစဉ်းစားမိနေကြမယ်လို့ မျှော်လင့်ပါတယ်” လို့ တိရစ္ဆာန်ဥယျာဉ်က ရေးသားထားပါတယ်။
“မြင်းကျားပေါက်လေး Hope ကို ဆုံးရှုံးလိုက်ရတဲ့အတွက် ကျွန်တော်တို့ အရမ်းဝမ်းနည်းနေရပါတယ်။ Hope က ခွန်အားတွေပြည့်နေပြီး အရမ်းကျန်းမာတဲ့မြင်းကျားပေါက်လေးပါ။ ပွဲအခမ်းအနားတွေမှာ ပစ်လွှတ်လိုက်တဲ့ မီးရှူးမီးပန်းတွေရဲ့ရလဒ်ကြောင့် သူ့ဘဝကို ဆုံးရှုံးလိုက်ရတာ စိတ်မကောင်းစရာပါပဲ။ ဒါက မီးရှူးမီးပန်းတွေကို ပစ်လွှတ်လိုက်တဲ့ လူတွေ၊ ပွဲစီစဉ်သူတွေက အခုလိုဖြစ်စေချင်တဲ့ရည်ရွယ်ချက်မဟုတ်ဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ မီးရှူးမီးပန်းတွေက တိရစ္ဆာန်တွေမှာ သက်ရောက်မှုရှိနေတဲ့ သရုပ်ပြမှုဖြစ်တယ်”လို့ ညွှန်ကြားရေးမှူးချုပ် လာရီ ဘုချ် (Larry Bush) က ပြောပါတယ်။
မီးရှူးမီးပန်းကြောင့် ထိတ်လန့်ပြီး သေဆုံးသွားခဲ့တဲ့ဖြစ်ရပ်က Hope တစ်ကောင်တည်းတင်မဟုတ်ပါဘူး။ ဂျန် ဘရက်ရှော ဆိုတဲ့ အမျိုးသမီးရဲ့အိမ်မွေးတိရစ္ဆာန် ယုန်လေးလည်း သူ့ရဲ့လက်ထဲမှာပဲ နိုဝင်ဘာ ၅ ရက်နေ့က သေဆုံးခဲ့ရပါတယ်။
Ref: Ladbible “Baby Zebra Dies After Being ‘Spooked’ By Firework”
WL (ရိုးရာလေး)