ကိုဗစ်-၁၉ ရောဂါကို ၉၄.၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးသစ်တစ်မျိုး ထွက်ပေါ်လာ

17-11-2020-yyl-001.jpg

ကိုဗစ်-၁၉ ရောဂါကို ၉၄.၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးသစ်တစ်မျိုး ထွက်ပေါ်လာပါပြီ။ အဲဒီဆေးဝါးကိုတော့ အမေရိကန်ဇီဝနည်းပညာကုမ္ပဏီ Moderna က ဖော်စပ်ခဲ့တာပါ။ မကြာသေးခင် ထွက်ပေါ်လာတဲ့ ကနဦးရလဒ်တွေအရ Pfizer ကာကွယ်ဆေးကလည်း ကိုဗစ်-၁၉ ရောဂါကို ၉၀ ရာခိုင်နှုန်း ကာကွယ်ပေးတယ်လို့ တွေ့ရပါတယ်။ Moderna ကာကွယ်ဆေးရဲ့ ကနဦးရလဒ်ကတော့ ၉၅ ရာခိုင်နှုန်းလောက် ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့တာပါ။ ကာကွယ်ဆေးတွေကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါကို အဆုံးသတ်နိုင်တော့မယ်ဆိုတဲ့ မျှော်လင့်ချက်လည်း ပိုမြင့်မားလာပါပြီ။

အမေရိကန်နိုင်ငံမှာ ပြုလုပ်နေတဲ့ Moderna ကာကွယ်ဆေး စမ်းသပ်ထိုးနှံမှုအစီအစဉ်မှာ လူ ၃၀၀၀၀ ပါဝင်ပြီး တစ်ဝက်ကို ရက်သတ္တပတ် ၄ ပတ်ခြားပြီး ကာကွယ်ဆေး ၂ ကြိမ်ထိုးပေးပါတယ်။ နောက်တစ်ဝက်ကိုတော့ အာနိသင်မဲ့ကာကွယ်ဆေး ၂ ကြိမ်ထိုးပေးခဲ့ပါတယ်။
ကိုဗစ်-၁၉ ရောဂါလက္ခဏာတွေ ပြလာတဲ့ ပထမဆုံး ၉၅ ယောက်ကို အခြေခံပြီး ကနဦးရလဒ် ထုတ်ပြန်ခဲ့တာပါ။ ကာကွယ်ဆေးထိုးနှံပေးသူတွေထဲမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅ ယောက်ပဲရှိပြီး အာနိသင်မဲ့ ကာကွယ်ဆေးထိုးနှံခဲ့သူတွေထဲမှာ ရောဂါကူးစက်ခံရသူ ၉၀ ဦး ရှိခဲ့ပါတယ်။ အဲဒီအတွက် Moderna ကာကွယ်ဆေးက ကိုဗစ်-၁၉ ရောဂါကို ၉၄.၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့ Moderna ကုမ္ပဏီက ပြောပါတယ်။ စမ်းသပ်ထိုးနှံမှုခံယူခဲ့သူတွေထဲမှာ ကိုဗစ်-၁၉ ရောဂါ ပြင်းပြင်းထန်ထန် ခံစားရသူ ၁၁ ယောက်ရှိပေမဲ့ ကာကွယ်ဆေးထိုးနှံခံခဲ့သူတွေထဲမှာတော့ အဲဒီလိုဖြစ်ရပ်မျိုး မရှိခဲ့ပါဘူး။

Moderna ကာကွယ်ဆေးက အချိန်ဘယ်လောက်ကြာကြာအထိ ရောဂါကာကွယ်ပေးနိုင်စွမ်းရှိလဲဆိုတာ မသိရသေးပါဘူး။ ဒါပေမဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် အသက်ဆုံးရှုံးနိုင်ခြေအများဆုံးဖြစ်တဲ့ သက်ကြီးရွယ်အိုတွေကို ကာကွယ်ပေးနိုင်စွမ်းရှိတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ အသက်အရွယ်ကြီးသူတွေကို ကာကွယ်ဆေးထိုးပေးလိုက်ရင်တော့ အာနိသင်ကျဆင်းသွားဖွယ်မရှိတဲ့ ကိန်းဂဏန်းအချက်အလက်တွေ တွေ့ရတယ်လို့ Moderna ကုမ္ပဏီရဲ့ ဆေးမှူးချုပ် မစ္စတာဇက်က ပြောပါတယ်။

Moderna ကာကွယ်ဆေးကလည်း Pfizer ကာကွယ်ဆေးလိုပဲ RNA Vaccine ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးဗီဇသင်္ကေတ တစ်စိတ်တစ်ပိုင်းကို ခန္ဓာကိုယ်ထဲကို ထိုးသွင်းလိုက်တာပါ။ အဲဒီမျိုးဗီဇသင်္ကေတဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ပရိုတိန်းဓာတ်တွေ ထုတ်လုပ်ပေးပြီး ကိုယ်ခံအားစနစ်က ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ခိုက်နိုင်စွမ်းရှိလာအောင် (ပဋိပစ္စည်းတွေနဲ့ T-cells တွေ ထွက်လာအောင်) လေ့ကျင့်ပေးတာပါ။ ဒီအတွက် ကာကွယ်ဆေးထိုးထားသူက ကိုရိုနာဗိုင်းရပ်စ်နဲ့ ရင်ဆိုင်ရတဲ့အခါ ကိုယ်ခံအားစနစ်က တိုက်ဖျက်ပေးတဲ့ ပုံစံမျိုးပါ။

Pfizer ကာကွယ်ဆေးထက် ပိုပြီးအားသာတဲ့အချက်ကတော့ Moderna ကာကွယ်ဆေးဟာ အပူချိန် (-၂၀ ဒီဂရီစင်တီဂရိတ်)မှာ ၆ လအထိ သိုလှောင်ထားနိုင်ပြီး သာမန်အပူချိန်ရှိတဲ့ ရေခဲသေတ္တာမှာ တစ်လအထိ သိုလှောင်ထားနိုင်ပါတယ်။ Moderna ကုမ္ပဏီက အတည်ပြုချက်ရရှိနိုင်ဖို့အတွက် လာမယ့်ရက်သတ္တပတ်အတွင်း အမေရိကန်နိုင်ငံရဲ့ ကျန်းမာရေးစည်းမျဉ်းထိန်းသိမ်းသူတွေထံ တင်ပြသွားမှာဖြစ်ပြီး အမေရိကန်နိုင်ငံအတွက် ကာကွယ်ဆေး သန်း ၂၀ ထုတ်လုပ်ပေးဖို့ ရှိနေပါတယ်။ လာမယ့်နှစ်ကျရင် ကမ္ဘာတစ်ဝန်းမှာ ကာကွယ်ဆေး အဖုံရေ တစ်ဘီလျံအထိ ဖြန့်ဖြူးပေးနိုင်ဖို့ မျှော်လင့်နေပြီး တခြားနိုင်ငံတွေမှာလည်း အတည်ပြုချက်ရရှိဖို့ စီစဉ်နေပါတယ်။

Ref: BBC ” Moderna: Covid vaccine shows nearly 95% protection”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top