COVID-19 ကပ်ရောဂါကြောင့် ကနေဒါနိုင်ငံမှာ ဝါးပင်တွေပြတ်လတ်လို့ ပန်ဒါဝက်ဝံတွေကို တရုတ်နိုင်ငံ ပြန်ပို့တော့မယ်

15-5-2020-yyl-006.jpg

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားမှုကြောင့် ကနေဒါနိုင်ငံကို တရုတ်နိုင်ငံကနေ ဝါးပင်လုံလုံလောက်လောက်မတင်ပို့နိုင်တဲ့အတွက် Calgary Zoo က ပန်ဒါဝက်ဝံကြီးနှစ်ကောင်ကို စာချုပ်နှစ်မပြည့်မီ တရုတ်နိုင်ငံကို ပြန်ပို့ရတော့မှာဖြစ်ပါတယ်။ အာရှန်နဲ့ ဒါမြောင် ဆိုတဲ့ ပန်ဒါဝက်ဝံနှစ်ကောင်ဟာ Toronto Zoo မှာ (၅) နှစ်တာနေထိုင်ခဲ့ပြီးတဲ့နောက် ၂၀၁၈ခုနှစ်မှာ Calgary Zooကို ရောက်ရှိခဲ့ပြီး Alberta City မှာ ၂၀၂၃ခုနှစ်ထိ ရှိနေရဦးမှာဖြစ်ပါတယ်။

တိရစ္ဆာန်ဥယျာဉ်ရဲ့ဥက္ကဌ ဆယ်မန်း လန်သီအာက လတ်ဆတ်တဲ့ဝါးပင်တွေကို ရရှိဖို့ရာ သယ်ယူပို့ဆောင်ရေးမှာ အဟန့်အတားတွေကို ကျော်လွှားဖို့အတွက် နည်းလမ်းသစ်တွေကို လတော်တော်ကြာကြာကြိုးစားနေခဲ့ပါတယ်။ ဝါးပင်တွေအဓိကရရှိနိုင်တဲ့နေရာဖြစ်တဲ့ တရုတ်နိုင်ငံမှာ တိရစ္ဆာန်တွေ ရှိတာအကောင်းဆုံးဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ “ဒါက တိရစ္ဆာန်တွေအတွက်ပါပဲ။ ကျွန်တော်တို့ ဒီလိုခက်ခဲတဲ့ဆုံးဖြတ်ချက်သာမချဘူးဆိုရင် တိရစ္ဆာန်တွေကို ဂရုစိုက်နေတယ်လို့ ကျွန်တော်တို့ဟန်ဆောင်စရာမလိုတော့ပါဘူး။ ဒီလိုခက်ခဲနေတဲ့အချိန်မှာ အာရှန်နဲ့ ဒါမြောင်တို့အတွက် အကောင်းဆုံးနဲ့အလုံခြုံဆုံးနေရာက ဝါးပင်တွေရတဲ့နေရာပဲလို့ ကျွန်တော်တို့ယုံကြည်ပါတယ်” လို့ ဥက္ကဌလန်သီအာက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်မဖြစ်ပွားခင်က ပန်ဒါဝက်ဝံတွေအတွက် ဝါးပင်တွေကို တရုတ်နိုင်ငံကနေ ကနေဒါနိုင်ငံသို့တိုက်ရိုက်တင်သွင်းတာဖြစ်ပါတယ်။ အခုတော့ တရုတ်နိုင်ငံက လေကြောင်းလိုင်းတွေ ကန့်သတ်လိုက်တာက ပြဿနာပါပဲ။ “အပတ်တိုင်း၊ (၁၀) ရက်တိုင်း Calgary ကို ဝါးပင်တွေရောက်ဖို့ ပြဿနာတွေပိုပိုပြီးရှိလာပါတယ်။ ဒီဆုံးရှုံးမှုက လက်မခံနိုင်စရာပါပဲ။ ပန်ဒါတွေရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အတွက် ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရပါတယ်”လို့ လန်သီအာက ဆိုပါတယ်။ ပန်ဒါတွေက ရက်ကြာပြီးမှ ရောက်လာတဲ့ ဝါးပင်အမျိုးအစားတွေနဲ့ အခြားဖြည့်စွက်စာတွေကို မကြိုက်ဘူးလို့သိရပါတယ်။ ပန်ဒါဝက်ဝံအကြီးစားတွေက သီးသန့်အာဟာရဓာတ်တွေလိုအပ်ပြီး သူတို့ရဲ့တစ်နေ့တာအစားအစာ (၉၉) ရာခိုင်နှုန်းက လတ်ဆတ်တဲ့ဝါးပင်တွေပါပဲ။ အရွယ်ရောက်ပြီးသားပန်ဒါဝက်ဝံတစ်ကောင်က တစ်နေ့ကို (၄၀) ကီလိုဂရမ်စားသောက်ပါတယ်။

ဒီသတင်းက တရုတ်အစိုးရကို တော်တော်တော့ ထိတ်လန့်သွားစေခဲ့ပါတယ်။ ပန်ဒါတွေကို ပြသတဲ့အခြားနေရာတွေဖြစ်တဲ့ ပြင်သစ်၊ စပိန်နဲ့ အာရှနိုင်ငံတချို့မှာတော့ ဝါးပင်တွေက ပြည်တွင်းမှာ ပေါက်ရောက်ကြတယ်လို့ လန်သီအာက ပြောပါတယ်။ ပန်ဒါတွေက Calgary Zoo မှာ လူစိတ်ဝင်စားမှုများတဲ့တိရစ္ဆာန်ဖြစ်ပါတယ်။ ဒါပေမဲ့ စီးပွားရေးတစ်ခုတည်းအတွက်နဲ့ ဆုံးဖြတ်ချက်ချလို့မရပါဘူးလို့ ဆိုပါတယ်။ “တိရစ္ဆာန်တွေရဲ့သက်သာချောင်ချိရေးပေါ်မူတည်ပါတယ်။ (၁) ရက်၊ (၂) ရက်၊ (၃) ရက်လောက် သူတို့ကို ဝါးပင်တွေ မကျွေးနိုင်ဘူးလို့တောင် စိတ်ကူးမကြည့်နိုင်ပါဘူး။ ဒါက ကပ်ဘေးဖြစ်ပါလိမ့်မယ်”လို့ လန်သီအာက ပြောပါတယ်။

တရုတ်နိုင်ငံကို ပန်ဒါတွေ ပြန်ပို့မယ့်အချိန်ရက်အတိအကျမသိရသေးပါဘူး။ အာရှန်နဲ့ ဒါမြောင်တို့က ကနေဒါနဲ့တရုတ်ကြား (၁၀) နှစ်တာသဘောတူညီချက်အနေနဲ့ ၂၀၁၄ခုနှစ်က ကနေဒါနိုင်ငံကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

Ref: Bamboo shortages force Canada to send pandas back to China

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top