လက်ရှိခြေစွမ်းနဲ့တော့ ဘာစီလိုနာအသင်း ချန်ပီယံလိဂ်ဖလား မရနိုင်ဘူးလို့ မက်ဆီ ဝန်ခံ

15-5-2020-yyl-005.jpg

ဘောလုံးပွဲတွေ မရပ်နားခင်က ပုံစံအတိုင်း ဆက်ကစားရင်တော့ ဘာစီလိုနာအသင်း ချန်ပီယံလိဂ်ဖလား မရနိုင်ဘူးလို့ အသင်းခေါင်းဆောင် မက်ဆီက ဝန်ခံခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ လူ ၄ သန်းကျော် ကူးစက်ခံခဲ့ရပြီး သေဆုံးသူ ၃၀၀၀၀၀ ကျော်ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြီးခဲ့တဲ့မတ်လကတည်းက လာလီဂါပြိုင်ပွဲနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအပါအဝင် ဥရောပဘောလုံးပြိုင်ပွဲ အားလုံးနီးပါးကို ရပ်ဆိုင်းခဲ့ရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က လေ့ကျင့်ခန်း ပြန်ဆင်းခဲ့တဲ့ ဘာစီလိုနာအသင်းဟာ နာပိုလီအသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ ကစားဖို့ ပြင်ဆင်နေပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ ၁ ဂိုးစီ သရေကျခဲ့ပြီး ဒုတိယအကျော့ကတော့ ဘာစီလိုနာအိမ်ကွင်းမှာ ကစားရမှာပါ။ ပြီးခဲ့တဲ့ဧပြီလမှာ ဘာစီလိုနာနည်းပြ ဆက်တီယန်က သူတို့အသင်း ချန်ပီယံလိဂ်ဖလားရနိုင်တယ်လို့ ဆိုခဲ့ပေမဲ့ မက်ဆီကတော့ မတူညီတဲ့ သူ့ရဲ့အမြင်ကို ထုတ်ပြောခဲ့ပါတယ်။

” ကျွန်တော်တို့ရဲ့ လက်ရှိကစားသမားစာရင်းကို ဘယ်တော့မှ သံသယမရှိပါဘူး။ လက်ကျန်ဖလားအားလုံး ဆွတ်ခူးနိုင်တယ်ဆိုတာကိုလည်း သံသယမရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကစားခဲ့တဲ့ ခြေစွမ်းမျိုးနဲ့တော့ မရနိုင်ဘူး။ လူတိုင်း သူ့အမြင်နဲ့ သူရှိမှာပါ။ သူတို့အားလုံးရဲ့အမြင်ကို လေးစားပါတယ်။ ကျွန်တော်ကတော့ နှစ်တိုင်းချန်ပီယံလိဂ်ကစားခဲ့ဖူးတဲ့ အတွေ့အကြုံအပေါ် အခြေခံပြီး အခုလိုပြောတာပါ”လို့ မက်ဆီက ပြောပါတယ်။ ဘာစီလိုနာဟာ လာလီဂါပွဲစဉ် ၂၇ ပွဲ ကစားပြီးချိန်မှာ ဒုတိယနေရာက အခါးသီးဆုံးပြိုင်ဘက် ရီးရဲလ်ကို ၂ မှတ်ဖြတ်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဦးဆောင်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top