မိဘတိုင်းက ကလေးတိုင်းကို အကောင်းဆုံးဖြစ်စေချင်ကြပါတယ်။ ဘာပဲလုပ်လုပ် ပထမဆိုတာကိုပဲ ရစေချင်ပါတယ်။ ဒါကို စေတနာလောဘလို့ပဲ ခေါ်ကြမလား။ ဒါကြောင့်ပဲ သားသမီးကို မလိုအပ်တဲ့ ဖိအားတွေ ပေးလာတတ်ကြပါတယ်။ ဒါရဲ့ အစွန်းတစ်ဖက်မှာလည်း ကလေးဘာပဲလုပ်လုပ် လွှတ်ပေးထားလိုက်ဆိုတာတွေ ရှိပါတယ်။ ဒီကလေး နောက်ပိုင်းကြရင် ဘယ်လိုပုံစံနဲ့ ကြီးပြင်းလာမလဲဆိုတာ မိဘတွေရဲ့ ပြုစုပျိုးထောင်မှုအပေါ် အများကြီး မူတည်နေပါတယ်။
ဒါကြောင့်ပဲ ဒီနေ့ခေတ်မှာ parenting tipsဆိုတာတွေ ခေတ်စားလာပြီး မိဘတွေ စိတ်ဝင်စားလာကြတာပေါ့။ မိဘတွေမှာ ပြီးပြည့်စုံတဲ့ မိဘဆိုတာ မရှိပါဘူး။ ဒါကြောင့် ကလေးမှာလည်း ပြီးပြည့်စုံတဲ့ ကလေးဆိုတာလည်း မရှိနိုင်ပါဘူး။ ဒါကို နားလည်ထားရပါမယ်။ ကိုယ့်ကလေးရဲ့ အားသာချက်၊ အားနည်းချက်ကို သိရပါမယ်။ သူ့ကို အတင်းဖိအားမပေးဖို့ လိုပါတယ်။
နောက်ပိုင်း ကလေးတွေကို ပြုစုပျိုးထောင်တဲ့ ပုံစံက ဉာဏ်ရည်ဉာဏ်သွေး (IQ)ထက် ကိုယ်ရည်ကိုယ်သွေး (EQ)ကို ဦးစားပေးလာပါပြီ။ လူတော်လေး ဖြစ်ရေးထက် လူကောင်းလေး ဖြစ်ရေးကို ဦးစားပေးလာကြပါပြီ။ ဒါကြောင့် ငယ်စဉ်ကတည်းက အပြုအမူပိုင်းဆိုင်ရာတွေကို အရေးတကြီး သင်ကြားပေးလာကြပါပြီ။
မိဘတိုင်း သိထားသင့်တဲ့ အခြေခံ ကလေးပြုစုပျိုးထောင်ရေး စည်းမျဉ်းများ
ကလေးကို ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် ပျိုးထောင်ပေးပါ။
ကလေးတွေက သူတို့ကို မိဘက ပြောတဲ့ စကားလုံးတွေ၊ လေယူလေသိမ်းတွေ၊ အပြုအမူတွေကနေပြီး သင်ယူနေတာပါ။ သူတို့ကိုယ် သူတို့ ပုံဖော်နေတာပါ။ မေမေက သူတို့ကို ချီးကျူးလိုက်တဲ့အခါ သူတို့ကိုယ် သူတို့ ယုံကြည်မှုရှိသွားပါတယ်။ ဒါနဲ့ ပြောင်းပြန် သူတို့ကို သူများနဲ့ နှိုင်းယှဉ်တဲ့အခါ၊ အပြစ်တင် ပြောဆိုတဲ့အခါ အသုံးမဝင်သလို ခံစားလာရပါတယ်။
ဒါကြောင့် သူတို့နဲ့ စကားပြောတဲ့အခါ သတိထားပါ။ စကားလုံး အသုံးအနှုန်း၊ လေယူလေသိမ်းကစပြီး ဂရုစိုက်ပါ။ အမှားတွေကို အပြစ်တင်ဖို့ထက် ကူညီပြီး ပြင်ပေးနိုင်ဖို့ ကြိုးစားပါ။
ကလေးရဲ့ ကောင်းကွက်တွေကို ရှာပါ။
ကလေးကို ဆူတာနဲ့ ချီးကျူးတာ ဘယ်ဟာကများ ပိုများနေတာလဲ မေမေတို့ရေ။ တစ်ခါတလေမှာ သူက မေမေတို့ကို ကူညီချင်တဲ့စိတ်နဲ့ အလုပ်လေးတွေ လုပ်နေတတ်ပါတယ်။ ဥပမာ မနက်မိုးလင်းရင် စောင်ခေါက်ပေးတာမျိုးပေါ့။ သူခေါက်တာက ညီချင်မှ ညီမှာပါ။ ဒါပေမယ့် ဒါမေမေ့ကို ကူညီချင်တဲ့ စိတ်နဲ့ လုပ်လိူက်တာပါ။ ဒါမျိုးအလားတူ ပစ္စည်းလေးတွေ ကောက်သိမ်းပေးတာလည်း ရှိမှာပါ။ သူ့အတွက် အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ ဖြစ်နေတာကိုတော့ သတိထားမိချင်မှ သတိထားမိမှာပါ။
ဒါမျိုးဆို မေမေတို့က အရင်ဆူလိုက်မိတာများပါတယ်။ ‘ဒါကို မကိုင်နဲ့လို့ ပြောထားတယ်လေ’ စသဖြင့်ပေါ့။ သူက ကူညီချင်လို့ လုပ်ပေးတာကို မေမေတို့က ဆူလိုက်တော့ ကလေးက စိတ်မကောင်းဘူးပေါ့။ ဘာနဲ့တူလဲဆိုတော့ မေမေတို့ အလုပ်မှာ ကောင်းမယ်ထင်လို့ လုပ်လိုက်တာကို ဘော့စ်က ဆူလိုက်သလိုပဲပေါ့။ ဒီလို ဆူခံရတယ်ဆို မေမေတို့လည်း စိတ်ညစ်တယ်ဟုတ်။
ဒီလို လုပ်မယ့်အစား ကလေးကို မဆူဘဲ သူတို့နားလည်အောင် ပြောပြပေးပါ။ ‘သားက မေမေ့ကို ကူညီတာ သိပ်ကျေးဇူးတင်တာပဲ။ ဒါပေမယ့် ဒါကို ကိုင်ရင် သားပူသွားမှာပေါ့” စသဖြင့် ညင်ညင်သာသာ ပြောဆိုပေးမယ်။ သူတို့ရဲ့ ကောင်းကွက်ကို ချီးကျူးပေးမယ်ဆိုရင် ကလေးက သိပ်ကို ကျေနပ်သွားမှာပါပဲ။
စည်းကမ်းချမှတ်ပါ။
စဉ်းကမ်းဆိုတာ နေရာတိုင်းမှာ လိုအပ်တာပါပဲ။ စည်းကမ်းတွေ ထားရခြင်းက အပြုအမူပိုင်းဆိုင်ရာ မှန်ကန်ဖို့နဲ့ ကိုယ့်ကိုယ်ကို ထိန်းချုပ်တတ်ဖို့ပါပဲ။ ကလေးဆိုတာမျိုးက “ စမ်း” တတ်ပါတယ်။ ဒီစည်းကမ်းကို ဘယ်လောက်ထိ သူတို့ ချိုးဖောက်လို့ရသလဲဆိုတာ စမ်းသပ်တတ်ပါတယ်။ ည ၉နာရီ အိပ်ရာဝင်ရမယ်ဆို ၁၀နာရီမှ မရဘူးလားလို့၊ ၅မိနစ်လောက် ပေးဆော့ပါဦးတို့ လုပ်တတ်ပါတယ်။ ဒီနေရာမှာ မိဘက စည်းကမ်းကို ဘယ်လောက်ထိ ထိန်းသိမ်းထားနိုင်လဲတို့၊ ဘယ်လောက်ထိ အတိုးအလျော့ လုပ်ပေးနိုင်လဲတို့ပေါ် အများကြီး မူတည်သွားပါတယ်။
စည်းကမ်းရဲ့ နောက်မှာ ပြစ်ဒဏ်ဆိုတာ ပါလာရပါတယ်။ ဒါမှမဟုတ်လည်း ညှိနှိုင်းမှုပေါ့။ ဘယ်စည်းကမ်းတွေဖောက်ရင် ဘာပြစ်ဒဏ်တွေဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြထားပါ။ ပြစ်ဒဏ်က ကလေးကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်စေလို့ မရပါဘူး။ ဥပမာ ပြစ်ဒဏ်အနေနဲ့ ဒီနေ့ ကာတွန်းကား မကြည့်ရဘူးဆိုတာမျိုးဆို လက်ခံနိုင်ပါတယ်။ ကလေးကို ရိုက်နှက်တာမျိုး မလုပ်ရပါဘူး။
ကလေးတွေကို အချိန်ပေးပါ။
ဒီနေ့ခေတ်မှာ အမေရော အဖေပါ အလုပ်ထွက်လုပ်ကြတာဆိုတော့ ကလေးကို သူများနဲ့ ထားခဲ့ရတာ များပါတယ်။ အလုပ်လုပ်တာ အားပေးပါတယ်။ လုပ်လို့ရပါတယ်။ ဒါပေမယ့် စီမံခန့်ခွဲမှာကောင်းကောင်းနဲ့ အလုပ်ချိန်၊ မိသားစုအချိန် ခွဲပေးတတ်ဖို့ လိုပါတယ်။ ကလေးဆိုတာ မိဘကို တွယ်တာတာ သဘာဝပါပဲ။ ကိုယ်ကတော့ ကလေးအတွက်ဆိုပြီး ရှာဖွေနေပေမယ့် ကလေးစိတ်ထဲမှာ သူ့ကို ဂရုမစိုက်ဘူးလို့ ထင်သွားနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို အချိန်ပေးပြီး ဂရုစိုက်ပေးပါ။ သင့်စိတ်ထဲမှာ သူရှိတယ်ဆိုတာ ပြောပြပေးပါ။
ကလေးအတွက် စံပြကောင်းဖြစ်ပါစေ။
ကလေးက သင့်ကို ကြည့်ပြီး သင်ယူနေတာ ဖြစ်တဲ့အတွက် သင်ကရှေ့ကနေ ကောင်းကောင်း လုပ်ပြပေးနေဖို့ လိုပါတယ်။ သင်ချမှတ်ထားတဲ့ စည်းကမ်းတွေကို ကိုယ်တိုင်လိုက်နာဖို့ လိုအပ်ပါတယ်။ ကလေးကို ဒေါသထွက်ရင် မအော်ရဘူး။ ပစ္စည်းတွေ ကောက်မပေါက်ရဘူးလို့ပြောပြီး သင်ကိုယ်တိုင် သောင်းကျန်းနေရင် သူတို့က ဒီစည်းကမ်းကို လိုက်နာစရာမလိုဘူးလို့ ထင်သွားတတ်ပါတယ်။
ကလေးငယ်လေးတွေဆို ဒေါသထွက်ရင် ဒီလိုလုပ်ရတာပါလားဆိုတာ သင်ယူပါလိမ့်မယ်။ ဒါကြောင့် သင် သူတို့ကို မလုပ်စေချင်တာကို သူတို့ရှေ့မှာ မလုပ်ပြပါနဲ့။
အမိန့်မပေးပါနဲ့။
ငါက မိဘပဲ။ အတွန့်မတက်နဲ့။ ငါပြောတဲ့အတိုင်းလုပ်ဆိုပြီး ကလေးကို အမိန့်မပေးပါနဲ့။ ကိုယ်က တစ်ခုခုကို ဖြစ်စေချင်တယ်ဆိုရင် အကျိုးသင့် အကြောင်းသင့် ရှင်းပြမှ ကလေးက လိုက်နာချင်မှာပါ။ အမိန့်ပဲ ပေးနေရင် သူတို့စိတ်ထဲမှာ တစ်ယောက်ယောက်ကို ရှင်းပြတယ်ဆိုတာ မလိုအပ်ဘူး။ ကိုယ်က အကြီးဖြစ်နေရင် ကိုယ်ပြောတာကို သူများက လိုက်လုပ်ရမယ်ဆိုတဲ့ အတွေးဝင်သွားပါမယ်။
ဒီလိုကလေးက မိသားစုထဲက မောင်နှမတွေကြားမှာ၊ ကြီးလာတဲ့အခါ လုပ်ငန်းခွင်မှာအာဏာပြတတ်သူ ဖြစ်လာပါလိမ့်မယ်။ ကြီးလာတဲ့အထိ ဒီပုံဆိုရင် သူ့ကို လေးစားမယ့်သူ ရှိမှာ မဟုတ်ပါဘူး။
ပြောင်းလွယ် ပြင်လွယ်ရှိပါစေ။
သင်က အမြဲတမ်း တင်းမာနေတဲ့ မိဘဖြစ်ဖို့ မလိုပါဘူး။ ဒီလိုပဲ ကလေးကို အမြဲတမ်း အလိုလိုက်နေတဲ့ မိဘလည်း ဖြစ်ဖို့မလိုပါဘူး။ သင့်ကလေးအခြေအနေပေါ်လိုက်ပြီး တင်းသင့်တင်း လျှော့သင့် လျှော့ရပါမယ်။ ဒါက မိဘဖြစ်ခြင်း အနုပညာပါပဲ။ အချိန်ကြာလာတာနဲ့အမျှ သင့်ကလေးကို ဘယ်လိုကိုင်တွယ်ရမလဲဆို သင်နားလည်လာမှာပါ။
သင့်အချစ်က ပြောင်းလဲမှု မရှိဘူးဆိုတာ သိပါစေ။
မိဘဆိုတာ သားသမီးကို ဘယ်လိုနေနေ ချစ်တယ်၊ ကလေး ဘယ်နှယောက်ရှိရှိ ချစ်တယ်ဆိုတာကို သင်ပဲ သိတာပါ။ ကလေးက မသိပါဘူး။ ဒါကြောင့် ကလေးကို ပြောပြပေးရပါမယ်။ တစ်ခါတလေမှာ ဆူမိတယ်၊ ပြစ်ဒဏ်ပေးမိတယ်ဆိုပေမယ့် ဒါက သူကောင်းဖို့အတွက်ပဲ ဖြစ်ပြီး သူ့ကို မုန်းလို့ မဟုတ်ဘူးဆိုတာ ကလေး သိဖို့ လိုအပ်ပါတယ်။
ဒါကြောင့် ကလေးကို ဆူပြီးတိုင်း ပြန်နှစ်သိမ့်ပေးပါ။ မောင်နှမအချင်းချင်း စကားများပြီးတဲ့အခါ နှစ်ယောက်ကို ချစ်တာဖြစ်ပြီး မျက်နှာလိုက်တာ မရှိကြောင်း ပြောပြပေးပါ။
Takeaways
ကလေးတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ အရင်လို မိဘစကားပဲ နားထောင်ရုံသက်သက်ပဲ မဟုတ်တော့ပါဘူး။ ကလေးကို အဆင့်တစ်ခုသတ်မှတ်ပြီး လေးလေးစားစားနဲ့ သူ့ခံစားချက်ကိုပါ ထည့်ပြီး စဉ်းစားပြီး ပျိုးထောင်လာပါပြီ။ အရေးကြီးတာက တစ်ချိန်မှာ ကလေးတွေက စိတ်ရော ကိုယ်ပါ ကျန်းမာပြီး ကောင်းကောင်းမွန်မွန် ကြီးပြင်းလာဖို့ပါပဲ။
Ref : hellosayarwon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
Team (ရိုးရာလေး)