ရှေ့တန်းတိုက်ပွဲဝင်နေတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို ကလေး (၃၉) ဦးက သီချင်းတစ်ပုဒ်နဲ့ သီဆိုဂုဏ်ပြု

2-4-2020-yyl-057.jpg

ကမ္ဘာတစ်ဝှမ်းမှာ လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ကို ကိုယ်ကျိုးမငဲ့ဘဲ ရှေ့တန်းကနေ တိုက်ဖျက်ပေးနေတဲ့ သူတွေကတော့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေပါပဲ။ အဲဒီဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ စင်ကာပူနိုင်ငံရဲ့ ဂီတနယ်ပယ်က ဝါရင့်ပညာရှင် Kuo Poဟာ Academie of Stars အနုပညာကျောင်းက အသက် (၅) နဲ့ (၁၅) နှစ်ကြားက အနုပညာရှင်လေးတွေ (၃၉)ဦးရဲ့အကူအညီနဲ့ သီချင်းတစ်ပုဒ်ဖန်တီးခဲ့ပါတယ်။

ဒီသီချင်းက COVID-19 ကို တိုက်ဖျက်ပေးနေတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအားလုံးကို ရည်ရွယ်ပြီး ရေးသားထားတာဖြစ်ပါတယ်။ Kuo Po ဟာ မှောင်မိုက်နေတဲ့အချိန်အခါမှာ ဂီတက ဝေဒနာတွေ သက်သာသွားစေနိုင်တဲ့အရာတစ်ခုလို့ အခိုင်အမာယုံကြည်ထားပါတယ်။

သူက Music Video အတွက် ရိုက်ကူးရေးလုပ်ဖို့ ကျောင်းသားလေး (၃၉) ဦးကို အဖွဲ့မခွဲခင်မှာ ဒီသီချင်းကို သုံးရက်တာ ရေးသားခဲ့တာဖြစ်ပါတယ်။ အသက် (၃) နှစ်အထက် ကလေးတွေကို လက်ခံတဲ့ Academie of Stars အနုပညာကျောင်းက နိုင်ငံတကာအသိအမှတ်ပြုစေမယ့် ဂီတ၊ အဆို၊ သရုပ်ဆောင်၊ အကဆိုင်ရာအစီအစဉ်တွေကိုနဲ့ ပတ်သက်ပြီး ကမ်းလှမ်းခံရပါတယ်။

အဲဒီအနုပညာကျောင်းရဲ့ စီအီးအိုလည်းဖြစ်တဲ့ Kuo Po က “ဒီအခြေအနေမှာ ဒီအတိုင်းနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျောင်းကလည်း ဒီရောဂါကြီးကို တိုက်ဖျက်နိုင်ဖို့ ကိုယ့်ကိုယ်ဟန်နဲ့ တစ်ခုခုလုပ်ဖို့ အရေးကြီးတယ်လို့ ကျွန်မခံစားမိပါတယ်။ ဂီတဖန်တီးတာက ကျွန်မရဲ့ဘဝပါ။ ဂီတနဲ့ ပတ်သက်ပြီး ရူးသွပ်တဲ့ Academie of Stars ကျောင်းက ကလေးတွေအတွက်ကလည်း အတူတူပါပဲ။ ဒီ Music Video က ရှေ့တန်းမှာ မမြင်နိုင်တဲ့ ခြိမ်းခြောက်မှုတွေကို တွန်းလှန်နေတဲ့သူတွေကို လေးစားဂုဏ်ပြုမှုနဲ့ အားပေးပံ့ပိုးမှုဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ကျောင်းသားတွေ၊ မိဘတွေရဲ့ပံ့ပိုးကူညီမှုကြောင့် ကျွန်မ အရမ်းပီတိဖြစ်မိပါတယ်”လို့ ပြောပါတယ်။

Music Video မှာ ပါဝင်တဲ့ အသက် (၆) နှစ်အရွယ် ဖျော်ဖြေတင်ဆက်သူ ဇာချရီ လင်းကလည်း “နေရာတိုင်းမှာရှိတဲ့ လူတိုင်းက ကျွန်တော်တို့ကို အရမ်းနေမကောင်းဖြစ်စေမယ့် COVID-19 အကြောင်းပြောနေကြပါတယ်။ ကျွန်တော်တို့မမြင်နိုင်တဲ့အတွက် ကျွန်တော် ကြောက်မိပါတယ်။ ဒါပေမဲ့ ဆရာမ Kuo Po ကဒီMusic Video မှာ ပါဝင်ဖို့ ကျွန်တော်တို့ကို တောင်းဆိုတဲ့အခါမှာ ကျွန်တော် အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ဒီသီချင်းက ဗိုင်းရပ်စ်ကို တိုက်ဖျက်နေတဲ့ ရဲစွမ်းသတ္တိအပြည့်နဲ့ အန်တီတွေ၊ ဦးလေးတွေအားလုံးကို ကောင်းချီးပေးနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

ဗီဒီယိုကြည့်ရှုရန်

Ref: Battling Covid-19 negativity, 39 kids and teens sing tribute to Singapore’s frontliners

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top