သင်လုပ်မိနေတဲ့ ဒီအမူအကျင့်အမှား (၆)ခုကြောင့် အသက်ရှူလမ်းကြောင်းပိုးဝင်တာဖြစ်နိုင်ပါတယ်

air-pollution-concept-young-person-with-breathing-8BFHLDD.jpg

အသက်ရှူလမ်းကြောင်းပိုးဝင်တယ်ဆိုတာ ဘာလဲ။ အဲဒါက အအေးမိ၊နှာစေး ဖြစ်ဖူးသူတွေ သိပြီးသားဖြစ်မယ့် အဖြစ်များတဲ့ရောဂါဖြစ်စဉ်ပါ။

ဒါပေမယ့် အသက်ရှုူလမ်းကြောင်းဆိုတာမှာ ခန္ဓါဗေဒအရ အထက်ပိုင်းနဲ့အောက်ပိုင်းနှစ်မျိုးခွဲခြားထားပါတယ်။ ကူးစက်လွယ်တဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းရက်တိုဝေဒနာ(URI)တွေက နှာခေါင်း၊လည်ချောင်း၊လေပြွန်၊လည်ချောင်းဝနဲ့ အသံအိုးတို့လို အသက်ရှူလမ်းကြောင်းအထက်ပိုင်းမှာရောဂါပိုးဝင်တာဖြစ်ပါတယ်။

နှာစေးနှာပိတ်နဲ့လည်ချောင်းနာတို့လို အအေးမိလက္ခဏာတွေဆိုရင်တော့ အဖြစ်များဆုံး URIတွေဆိုတာသေချာပါတယ်။ တခြား URIတွေကတော့ ထိပ်ကပ်နာ၊ အသံအိုးရောင်ခြင်း စတာတွေပါဝင်ပါတယ်။ အသက်ရှူလမ်းကြောင်းအောက်ပိုင်းမှာတော့ အဆုတ်နဲ့သက်ဆိုင်ပါတယ်။ ဒါ့ကြောင့် လေပြွန်ရောင်ခြင်းနဲ့ နမိုးနီးယားတို့ကတော့ ဒီလက္ခဏာထဲမှာပါဝင်ပါတယ်။

အအေးမိဝေဒနာတွေက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ရတာဖြစ်ပြီး လက္ခဏာတွေကတော့ နှာရည်ယိုခြင်း၊ နှာပိတ်ခြင်း၊ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊အသံဝင်ခြင်း၊ ကိုယ်ပူခြင်း၊ လည်ချောင်းယားခြင်းတို့ဖြစ်တတ်ပါတယ်။ ဒါတွေကိုကုသရာမှာ ဆရာဝန်ပေးတဲ့ဆေးဝါးအကူအညီတစ်ခုတည်းနဲ့တော့ မလုံလောက်ပါဘူး။ဆေးဝါးအပြင် ကိုယ်ခံအားက ခုခံပေးနိုင်ဖို့လည်း လိုတာကြောင့် ဆင်ခြင်နေထိုင်သင့်တဲ့အချက်တွေရှိပါတယ်။ အနေအထိုင်၊အပြုအမူအမှားတွေကြောင့်ရောဂါမသက်သာဘဲဆေးကုလျက်နဲ့ပိုဆိုးလာနိုင်လို့ပါ။

အသက်ရှူလမ်းကြောင်းပိုးဝင်စေနိုင်တဲ့ အမူအကျင့်မှား(၆) ခု

(၁) ဆေးလိပ်သောက်တာ/ဆေးလိပ်ငွေ့ကို မရှောင်တာ

ဆေးလိပ်သောက်တာကဖြတ်ရခက်တဲ့အမူအကျင့်တစ်ခုဖြစ်ပေမယ့် သွားအတွက်ရော ခံတွင်းကျန်းမာရေးအတွက်ပါ အတော်ဆိုးတဲ့အရာဖြစ်ပါတယ်။ဆေးလိပ်သောက်ခြင်းကမေးရိုးရဲ့အရိုးသိပ်သည်းဆကိုလျော့ပါးစေနိုင်သလို တံထွေးဂလင်းရောင်ရမ်းခြင်း၊သွားဖုံးရောဂါနဲ့ ခံတွင်းကင်ဆာအထိလည်းဖြစ်နိုင်ပါတယ်။

ဆေးလိပ်ငွေ့ရှူရှိုက်မိခြင်းက(ဆေးလိပ်ငွေ့တဆင့်ခံရှူရှိုက်ရသူတွေအပါအဝင်) အသက်ရှူလမ်းကြောင်းအတွက် ဆိုးကျိုးများပါတယ်။ အထူးသဖြင့်နေမကောင်းချိန်မှာဆေးလိပ်မသောက်ပါနဲ့။ ကိုယ့်အနားမှာဆေးလိပ်လာသောက်ရင်လည်း အမှုမဲ့အမှတ်မဲ့နေတာပဲဖြစ်ဖြစ် အားနာလို့ပဲဖြစ်ဖြစ် မရှောင်ဘဲ ဆက်ရှူမနေပါနဲ့။ နှာစေးလို့အသက်ရှူမဝချိန်၊ ချောင်းဆိုးရင်ကျပ်နေချိန်ဆို အသက်ရှူရတာပိုဆိုးနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းရောဂါပိုးဝင်ခြင်းနဲ့ ပန်းနာရင်ကျပ်၊ အဆုတ်ကင်ဆာအထိဖြစ်နိုင်ပါတယ်။

(၂) ရေလုံလောက်အောင်မသောက်တာ

ရေလုံလောက်အောင်မသောက်တဲ့အခါရေဓါတ်ခန်းခြောက်မှြုဖစ်လာနိုင်ပါတယ်။ လူတစ်ယောက်မှာရေဓါတ်ခန်းခြောက်တဲ့အခါ ဆုံးရှုံးသွားတဲ့ရေဓါတ်ကို ပြန်လည်ဖြည့်တင်းဖို့ အဆုတ်ကပြန့်ကားလာပါတယ်။ အဲ့ဒီအခါအဆုတ်အားနည်းစေလို့ဝေဒနာပိုဆိုးစေနိုင်ပါတယ်။ရေများများသောက်မှ အသက်ရှူလမ်းကြောင်းစနစ်အတွင်းက အဆိပ်အတောက်တွေကိုဖယ်ရှားထုတ်နိုင်ဖို့ အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။

(၃) ဖုန်မှုန့်နဲ့ အမှုန်အမွှားတွေကို ရှူရှိုက်မိမယ့်အပြုအမူတွေလုပ်တာ

လမ်းသွားရင်းဆို ရှောင်လွှဲရမလွယ်ပေမယ့် အိမ်မှာပဲဖြစ်ဖြစ် အလုပ်မှာပဲဖြစ်ဖြစ် သန့်ရှင်းရေးလုပ်တာမျိုး၊ ဖုန်ထူတဲ့ပစ္စည်းတွေသွားကိုင်တွယ်တာမျိုး၊ အိပ်ရာခင်းနဲ့စောင်တွေဖုန်ခါတာမျိုး၊စာအုပ်စင်ရှင်းတာမျိုးကိုမလုပ်မိအောင် နေမကောင်းနေချိန် တတ်နိုင်သလောက်ရှောင်ပါ။ ဖုန်မှုန့်တွေကြောင့် အသက်ရှူလမ်းကြောင်းမှာဒုက္ခပေးနိုင်သလိုချောင်းဆိုးရင်ကျပ်ဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။ ပန်းဝတ်မှုန်၊ မှို၊ တိရစ္ဆာန်အမွေး စတဲ့ ဓါတ်မတည့်မှုဖြစ်စေနိုင်တဲ့အမှုန်အမွှားတွေလည်းပါနိုင်တာမို့နေမကောင်းဖြစ်နေသူအနီးတဝိုက်မှာ သန့်ရှင်းသပ်ရပ်နေအောင်ထားပါ။

(၄) အအေးမိတုပ်ကွေးရာသီမှာ လူထူထပ်တဲ့နေရာတွေသွားတာ

အအေးမိနာမကျန်းဖြစ်သူများနေတဲ့အချိန်ဖျော်ဖြေရေးပွဲတွေ၊ ပါတီတွေ၊တွေ့ဆုံပွဲတွေလို လူထူထပ်ရာနေရာတွေသွားတာကလည်း အသက်ရှူလမ်းကြောင်းရောဂါတွေဖြစ်လာနိုင်ခြေများစေပါတယ်။ ဗိုင်းရပ်စ်ပိုးတွေက လေထဲမှာပါလာတဲ့ နာမကျန်းဖြစ်သူဆီက တံထွေးနဲ့အမှုန်အမွှားတွေကတဆင့် ကူးစက်နိုင်တာကြောင့်နေမကောင်းဖြစ်နေသူ နှာချေတာ၊ချောင်းဆိုးတာကြုံရင် လက်ကိုင်ပဝါနဲ့ဖြစ်ဖြစ် ကာကွယ်ပါ။

(၅) အယ်ကိုဟော (အရက်နဲ့ အရက်ပါဝင်တာ)တွေသောက်တာ

အသက်ရှူလမ်းကြောင်းရောဂါတွေနဲ့ အယ်ကိုဟောသောက်သုံးမှုကြားက ဆက်နွှယ်မှုကိုသက်သေပြခဲ့တဲ့ သုတေသနတွေအများကြီးရှိပါတယ်။ အရက်ဖြစ်ဖြစ်၊ ဘီယာ သို့မဟုတ် ဝိုင်ပဲဖြစ်ဖြစ် အယ်ကိုဟောပါတဲ့သောက်စရာတွေက ခန္ဓါကိုယ်ကိုရေဓါတ်ဆုံးရှုံးစေပါတယ်။ ခန္ဓါကိုယ်ကရေဓါတ်ဆုံးရှုံးတဲ့အခါ ကိုယ်ခံအားနည်းေစပြီး အသက်ရှူလမ်းကြောင်းရောဂါကူးစက်ခံရလွယ်စေပါတယ်။

(၆) အာဟာရပြည့်အောင်မစားတာ

စားတော့စားနေပေမယ့် အာဟာရပြည့်မယ့် အစာတွေမဟုတ်ဘဲကျန်းမာရေးနဲ့မညီညွတ်တဲ့သရေစာတွေ တစွတ်စွတ်စားနေရင်လည်း အားမဖြစ်စေတဲ့အပြင်ရောဂါဝင်ဖို့ပိုလွယ်စေပါတယ်။ အားမပြည့်လို့ ကိုယ်ခံအားမကောင်းတဲ့အခါရောဂါပိုးနဲ့ထိတွေ့မိရင် ကူးစက်ခံရလွယ်တတ်ပါတယ်။ ဒါ့ကြောင့် အာဟာရပြည့်ဝတဲ့အစားအစာတွေကို ညီညွတ်မျှတအောင် စားပေးပါ။

Ref : Hellosayarwon

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top