ကိုဗစ်ကူးစက်မှု တစ်ကျော့ပြန်မြင့်တက်လာလို့ ဘေဂျင်းမြို့မှ လူသန်းချီကို ရောဂါရှာဖွေစစ်ဆေးနေ

25-4-2022-yyl-06.jpg

ကိုဗစ်-၁၉ ကူးစက်ခံရသူ တစ်ကျော့ပြန် မြင့်တက်လာခဲ့ပြီးနောက် တရုတ်နိုင်ငံမြို့တော် ဘေဂျင်းမြို့မှာ နေထိုင်သူသန်းချီကို ဆေးစစ်နေပါပြီ။ ပြီးခဲ့တဲ့အားလပ်ရက်က ဘေဂျင်းမြို့ ချောင်ယန်းခရိုင်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၆ ဦး တွေ့ရှိခဲ့ပြီး ဘေဂျင်းမြို့ရဲ့ အခုနောက်ဆုံး ကိုဗစ်ကူးစက်မှုတွေထဲမှာ အများဆုံးပမာဏ ဖြစ်နေပါတယ်။

ဘေဂျင်းမြို့ရဲ့ လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ ချောင်ယန်ခရိုင်မှာ နေထိုင်သူ ၃.၅ သန်းလုံးကို ဆေးစစ်မှု ၃ ဆင့် ပြုလုပ်မယ်လို့ ဘေဂျင်းမြို့ ရောဂါကာကွယ်ရေးအဖွဲ့ရဲ့ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။ အဲဒီသတင်း ထွက်ပေါ်လာခဲ့ပြီးနောက် ချောင်ယန်ခရိုင်မှာ နေထိုင်သူတွေက မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတွေကို အပြေးအလွှား သွားရောက်ဝယ်ယူခဲ့ကြလို့ စူပါမားကတ်တွေမှာ ပစ္စည်းတွေ ပြတ်လပ်ကုန်ပြီး ငွေရှင်းကောင်တာမှာ လူအများအပြား တန်းစီနေတဲ့ဓာတ်ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

ဈေးဝယ်သူတွေ အဆမတန် များပြားနေလို့ ဘေဂျင်းမြို့ရဲ့ စူပါမားကတ်ကြီးတွေမှာ ဆိုင်ဖွင့်လှစ်ချိန်ကို တိုးမြှင့်ပေးခဲ့ကြပါတယ်။ တရုတ်အစိုးရက အစားအစာ ဖူလုံစေရမယ်လို့ အာမခံထားပေမဲ့ ရှန်ဟိုင်းမြို့မှာ ကြုံရသလို အဖြစ်မျိုး ဖြစ်မှာကို စိုးရိမ်ပူပန်နေကြပါတယ်။ ရှန်ဟိုင်းမြို့မှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ မြင့်တက်လာခဲ့လို့ လူ ၂၅ သန်းလောက်ကို သီတင်းပတ်ပေါင်းများစွာ အိမ်တံခါးပိတ်ပြီး နေခိုင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လနှောင်းပိုင်းကစလို့ ရှန်ဟိုင်းမြို့မှာ ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာခဲ့ပြီး ကူးစက်ခံရသူ ၄ သိန်းကျော်၊ သေဆုံးသူ ၁၃၈ ယောက် ရှိခဲ့ပါတယ်။

ကိုဗစ်-၁၉ ကူးစက်ခံထားရသူတွေ အိမ်ပြင်မထွက်နိုင်အောင် အီလက်ထရောနစ် အချက်ပေးခေါင်းလောင်းတွေကို အိမ်တံခါးမှာ တပ်ဆင်တာ၊ ပိုးသတ်ဆေးဖျန်းဖို့အတွက် နေအိမ်မှာ နေထိုင်သူတွေကို အတင်းအကျပ် မောင်းထုတ်တာ အစရှိတဲ့ စည်းကြပ်မှုတွေကို ရှန်ဟိုင်းမြို့မှာ တရုတ်အာဏာပိုင်တွေ လုပ်ခဲ့ဖူးပါတယ်။ ရှန်ဟိုင်းမြို့ရဲ့ ပိတ်ဆို့ခံထားရတဲ့ ဒေသတချို့မှာ နေထိုင်သူတွေဟာ စားနပ်ရိက္ခာ ဝယ်ယူနိုင်ခြင်းမရှိလို့ အစိုးရက လာပေးမယ့် ဟင်းသီးဟင်းရွက်၊ အသားနဲ့ ဥတွေကိုပဲ စောင့်မျှော်စားသောက်ခဲ့ရပါတယ်။

လာမယ့်ရက်ပိုင်းအတွင်း ဘေဂျင်းမြို့မှာလည်း ကိုဗစ်-၁၉ ကူးစက်မှုတွေ မြင့်တက်လာဖွယ်ရှိတယ်လို့ ဘေဂျင်းမြို့ ရောဂါထိန်းချုပ်၊ ကာကွယ်ရေးစင်တာရဲ့ ဒုတိယညွှန်ကြားရေးမှူး ပန်ရှင်းဟွာက ပြောပါတယ်။ ကိုဗစ်-၁၉ ရှာဖွေစစ်ဆေးမှု အကြီးအကျယ် လုပ်ခြင်းအားဖြင့် ဒေသတော်တော်များများကို ပိတ်ဆို့ထားရမလားဆိုတဲ့ စည်းမျဉ်းတင်းကြပ်မှုတွေ ထပ်လုပ်ဖို့ လို၊ မလို သိရလိမ့်မယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။

တရုတ်နိုင်ငံဟာ သူတို့မြေပေါ်ကနေ ကိုဗစ်-၁၉ ရောဂါ လုံးဝကင်းစင်ပပျောက်စေဖို့အတွက် ကိုဗစ်ကင်းစင်ရေးမူဝါဒ ချမှတ်ဆောင်ရွက်နေပြီး ကပ်ရောဂါကာလ အစောပိုင်းမှာ ရောဂါကူးစက်မှု နည်းပါးအောင် လုပ်ဆောင်နိုင်ခဲ့ပေမဲ့ ကူးစက်မြန် မျိုးကွဲတွေ ထွက်ပေါ်လာချိန်မှာတော့ ကူးစက်မှုတွေ လျော့ကျအောင်လုပ်ဖို့ အခက်တွေ့နေပါတယ်။

Ref: BBC “Beijing kicks off mass testing after spike in Covid cases”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top