ပျောက်ဆုံးနေတဲ့သခင်ဖြစ်သူကို ရှာတွေ့ဖို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကို ဦးဆောင်လမ်းပြပေးခဲ့တဲ့ခွေးလေး

2-1-2023-yyl-15.jpg

တိရစ္ဆာန်တွေထဲမှာ ခွေးတွေက လူသားတွေရဲ့အကောင်းဆုံးမိတ်ဆွေပါပဲ။ ခွေးနဲ့လူသားတွေကြားက စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတရားကို သက်သေပြတဲ့ ဖြစ်ရပ်များစွာလည်းရှိပါတယ်။ အခုလည်း မက္ကဆီကိုနိုင်ငံ၊ ဆိုနိုရာပြည်နယ်က ပါလိုမိုအမည်ရတဲ့ ခွေးလေးက သူ့သခင် အကူအညီလိုအပ်နေတဲ့အချိန်မှာ မက္ကဆီကိုအာဏာပိုင်တွေကို ဦးဆောင်လမ်းပြပြီးတော့ သူ့သခင်ဖြစ်သူ ဒွန် ဂိုရိုလို လူသိများတဲ့ ဂရိဂိုရီအို ရိုမယ်ရိုကို ကယ်တင်ပေးခဲ့ပါတယ်။

(၈၄) နှစ်အရွယ် ဒွန် ဂိုရိုက တစ်ပတ်လောက် ပျောက်သွားခဲ့တာပါ။ နိုဝင်ဘာလကုန်မှာ သူဟာ လမ်းလျှောက်ထွက်သွားရင်းနဲ့ ဘယ်နေရာရောက်နေမှန်းမသိဖြစ်သွားခဲ့ပြီး အိမ်ပြန်လမ်းကို ရှာမတွေ့ဖြစ်ခဲ့ရတာပါ။ ဒွန် ဂိုရီ ပျောက်သွားတာ ၄ ရက်အကြာမှသူ့ရဲ့တူမဖြစ်သူက လူပျောက်တိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒွန်ဂိုရီက မကြာခဏဆိုသလို ခရီးထွက်လေ့ရှိတာကြောင့် သူ့ရဲ့ဆွေမျိုးတွေကလည်း ပျောက်သွားတာကို ချက်ခြင်း သတိမထားမိခဲ့ဘူး။

မက္ကဆီကိုအာဏာပိုင်တွေက ဒွန်ဂိုရီကို ရှာဖွေခဲ့ပေမဲ့ ရလဒ်မကောင်းခဲ့ပါဘူး။ နောက်တော့ ဒွန်ဂိုရီရဲ့ (၂) နှစ်သားခွေးလေးက ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကိုနေအိမ်ရဲ့ ၃ မီတာအကွာမှာရှိတဲ့ နေရာတစ်ခုဆီ ဦးဆောင်ခေါ်ဆောင်သွားခဲ့ရာမှ ပြန်ရှာတွေ့ခဲ့ပါတယ်။ ဒွန်ဂိုရီကို တောင်ကုန်းတွေနဲ့ လျှိုမြောင်တွေကြားမှာ ရေဓာတ်ခမ်းခြောက်ပြီး အာဟာရချို့တဲ့နေတဲ့အခြေအနေနဲ့ ပြန်ရှာတွေ့ခဲ့ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့က သူ့ကို ကယ်တင်ခဲ့ပြီး အရေးပေါ်လိုအပ်တဲ့ကုသမှုတွေ ခံယူဖို့အတွက် မြို့ကို ခေါ်ဆောင်သွားခဲ့ပါတယ်။ ဒွန်ဂိုရီက လာရောက်ကယ်တင်မခံရခင်အထိ အဲဒီနေရာမှာ တစ်ပတ်လောက် ယောင်လည်လည်ဖြစ်နေခဲ့တာပါ။

ဒွန်ဂိုရီကို ဆေးရုံတင်ထားတဲ့အချိန်မှာလည်း ပါလိုမိုက သူ့သခင်ဖြစ်သူနဲ့တွေ့ရဖို့အတွက် ဆေးရုံဝင်ပေါက်အပြင်ဘက်မှာ တစ်ချိန်လုံး စောင့်ဆိုင်းနေခဲ့တာပါ။ ဒီအကြောင်းကို မက္ကဆီကိုအာဏာပိုင်တွေက တွစ်တာအကောင့်မှာ မျှဝေခဲ့တာပါ။ လူမှုကွန်ယက်အသုံးပြုသူတွေကလည်း သခင်ဖြစ်သူပေါ်ထားတဲ့ချစ်ခြင်းမေတ္တာအတွက် ပါလိုမိုကို ချီးကျူးခဲ့ကြပါတယ်။

Ref: Boredpanda “Dog Named Palomo Has Helped Mexican Authorities To Find His Missing Owner”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top