ကာနီဗယ်ပွဲတော်မှာ ကိုဗစ်ဆေးထိုးပြီး မိချောင်းပုံစံပြောင်းသွားတဲ့ပြကွက်နဲ့ သမ္မတ ဘော်ဆိုနာရိုကို သရော်ခဲ့

26-4-2022-yyl-01.jpg

ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ ကမ္ဘာကျော်ကာနီဗယ်ပွဲတော်မှာ ပါဝင်ဖျော်ဖြေသူတွေက ဘရာဇီးသမ္မတ ဘော်ဆိုနာရိုရဲ့ ကိုဗစ်မူဝါဒတွေကို သရော်ခဲ့ပါတယ်။ ဆော်ပေါ်လိုမြို့ ဖျော်ဖြေပွဲမှာ သမ္မတစလွယ်ဝတ်ဆင်ထားသူတစ်ယောက်က ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခံရပြီးနောက် မိချောင်းအဖြစ် ပြောင်းလဲသွားတဲ့ပုံစံ သရုပ်ပြခဲ့ပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေက လူကို မိချောင်းအဖြစ် ပြောင်းလဲသွားစေနိုင်တယ်လို့ ဘော်ဆိုနာရို ပြောခဲ့ဖူးတဲ့စကားအပေါ် သရော်ခဲ့တာ ဖြစ်ပါတယ်။ ဒီပြကွက်က သမ္မတကို ပါးပါးလေး သရော်လိုက်တာပါလို့ ဖျော်ဖြေရေးအဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့စနေနေ့ညက ဆော်ပေါ်လိုမြို့နဲ့ ရီယိုဒီဂျနေးရိုးမြို့က ဆမ်ဘာဇာတ်ရုံတွေမှာ ကာနီဗယ်ပွဲတော် ကျင်းပခဲ့ကြပြီး ဘရာဇီးနိုင်ငံရဲ့ ထိပ်တန်းဆမ်ဘာကျောင်းတွေ ပါဝင်ဖျော်ဖြေခဲ့ကြပါတယ်။ ထောင်သောင်းချီတဲ့ ဖျော်ဖြေရေးသမားတွေနဲ့ ပရိသတ်တွေဟာ တနင်္ဂနွေနေ့ နံနက်အစောပိုင်းအထိ ကခုန်ခဲ့ကြပါတယ်။ ဘော်ဆိုနာရိုကို သရော်တဲ့ပြကွက် တင်ဆက်ခဲ့တာကတော့ ရိုဆာဒီအူရို (Rosas de Ouro) ဆမ်ဘာကျောင်းအဖွဲ့ ဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံဟာ ကိုဗစ်-၁၉ ကပ်ရောဂါဒဏ် ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး ရောဂါကူးစက်ခံရသူ သန်း ၃၀၊ သေဆုံးသူ ၆၆၀,၀၀၀ ကျော် ရှိခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်ခဲ့တဲ့ သမ္မတ ဘော်ဆိုနာရိုဟာ သူ့ရဲ့ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးမူဝါဒတွေ၊ ကာကွယ်ဆေး ဖြန့်ချိ၊ ထိုးနှံမှုနှေးကွေးတာတွေကြောင့် ဝေဖန်ခံခဲ့ရသူပါ။

ဘော်ဆိုနာရိုက ကိုဗစ်-၁၉ ကပ်ရောဂါကို တုတ်ကွေးအဆင့်လို့ ပြောခဲ့ဖူးပြီး ကိုဗစ်-၁၉ ကူးစက်ခံထားရချိန် လူတွေကြားမှာ နှာခေါင်းစည်းချွတ်ခဲ့ဖူးလို့ ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရဖူးပါတယ်။

Ref: BBC ” Brazil Carnival: ‘Bolsonaro’ dancer turned into crocodile “

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top