ဘေရွတ်မြို့ပေါက်ကွဲမှု ၁ လကြာပြီဖြစ်ပေမဲ့ အသက်ရှင်လျက်ပိတ်မိနေသူရှိတဲ့ အရိပ်အယောင်ကြောင့် ရှာဖွေမှုလုပ်နေ

4-9-2020-yyl-016.jpg

ဧရာမပေါက်ကွဲမှုကြောင့် အုတ်ခဲပုံကြီးလို ဖြစ်ခဲ့ရတဲ့ ဘေရွတ်မြို့ရဲ့ အပျက်အစီးတွေကြားမှာ အသက်ရှင်နေသူ ရှိနေသေးတဲ့ အရိပ်အယောင်တွေ့ရလို့ ကယ်ဆယ်ရေးအဖွဲ့တွေက အသည်းအသန် ရှာဖွေနေကြပါတယ်။ ဘေရွတ်မြို့မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာ တစ်လကြာပါပြီ။ စက်တင်ဘာလ ၁ ရက်မှာ ဘေရွတ်မြို့ကို ရောက်ရှိလာတဲ့ ချီလီနိုင်ငံ ကယ်ဆယ်ရေးအဖွဲ့က ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ မားမီခေးရပ်ကွက်ထဲက ပြိုကျနေတဲ့ တိုက်တစ်လုံးရှေ့ ဖြတ်သွားတုန်း သူတို့နဲ့အတူ ပါလာတဲ့ အနံ့ခံခွေးက အပျက်အစီးတွေကြားမှာ အသက်ရှင်နေသူ ရှိနေသေးတဲ့ အရိပ်အယောင်မျိုး ပြခဲ့တာပါ။

နောက်တော့ အပူအာရုံခံပုံရိပ်ဖမ်း နည်းပညာနဲ့ စစ်ဆေးကြည့်တော့ လူ ၂ ယောက်ရဲ့ ပုံရိပ်ကို တွေ့ရှိခဲ့ပါတယ်။ ခန္ဓာကိုယ်သေးတဲ့သူက ခန္ဓာကိုယ်ကြီးတဲ့သူ ဘေးမှာ ခွေခွေလေးအိပ်နေတဲ့ ပုံစံမျိုးပါ။ မြေအောက်အနက် ၄၉ ပေအထိ အသံဖမ်းယူနိုင်တဲ့ အာရုံခံကိရိယာမှာတော့ တစ်မိနစ်ကို ၁၈ ကြိမ် အသက်ရှူနေတယ်လို့ ဖော်ပြနေပါတယ်။ ဟေတီနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခဲ့တုန်းက ၂၈ ရက်ကြာတော့မှ အပျက်အစီးတွေကြားကနေ လူတစ်ယောက်ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ဖူးပါတယ်။ အဲဒီအတွက် အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူ အသက်ရှင်နေသေးတယ်ဆိုတဲ့ မျှော်လင့်ချက်သဲ့သဲ့လေး ရှိနေတုန်းပဲလို့ ဒေသခံ NGO လုပ်သား ဘီတာက ပြောပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေက အသက်ရှင်နေနိုင်သူ ရှိနေတဲ့နေရာကို ရောက်ဖို့ ကွန်ကရစ်တုံးတွေကို ထိုးခွဲပြီး လိုဏ်ခေါင်းတူးခဲ့ကြပါတယ်။ ဒါပေမဲ့ နံရံပြိုကျလာပြီး ကယ်ဆယ်ရေးအဖွဲ့ပါ အသက်ဆုံးရှုံးနိုင်မယ့် အခြေအနေရှိလို့ ပြီးခဲ့တဲ့ကြာသပတေးနေ့က ရှာဖွေရေးလုပ်ငန်းတွေကို ယာယီဆိုင်းငံ့ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဒေသခံ ၁၀၀ လောက်က အဆောက်အအုံအပြင်ဘက်မှာ စုဝေးပြီး ရှာဖွေရေးလုပ်ဖို့ ဆိုင်းငံ့လိုက်တဲ့အပေါ် ဆန္ဒပြခဲ့ကြပါတယ်။

” ဒါက ကျွန်မတို့ရဲ့ နောက်ဆုံးအသက်ရှူသံပါ။ ကျွန်မတို့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ပါ။ ရှင်တို့အားလုံး ရှက်သင့်တယ်”လို့ ဆန္ဒပြသူ အမျိုးသမီး မီလစ်ဆာက အော်ဟစ်ခဲ့ပါတယ်။ ကရိန်းတွေ မရှိလို့ ရှာဖွေရေးလုပ်ငန်းကို ယာယီဆိုင်းငံ့လိုက်ပေမဲ့ ကယ်ဆယ်ရေးသမားတွေကတော့ လူအားကို အသုံးပြုပြီး ညလုံးပေါက် လက်နဲ့တူးဖော်မှုတွေ လုပ်ခဲ့ကြပါတယ်။ အဲဒီနေရာကနေ ချီလီကယ်ဆယ်ရေးအဖွဲ့ဝင်တွေ ထွက်သွားပြီးနောက်မှာတော့ အားဖြည့်ကူညီမှုတွေ ရောက်လာခဲ့ပါတယ်။ တတ်နိုင်သူတွေက ကရိန်းတွေ၊ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ မှာယူပေးခဲ့တာပါ။ ဒါပေမဲ့ ဆန္ဒပြမှုတွေ ဆက်လုပ်ခဲ့ကြပြီး ချီလီကယ်ဆယ်ရေးအဖွဲ့ ချက်ချင်းပြန်လာကြလိမ့်မယ်လို့ စစ်သည်တွေက ပြောတော့မှ ဆန္ဒပြသူတွေ ငြိမ်သက်သွားကြတာပါ။

” လွန်ခဲ့တဲ့ ၂ ပတ်ကတည်းက ကျွန်မတို့ ဒီနေရာမှာ ဆန္ဒပြနေရင်း သွေးပုပ်နံ့လိုလို အနံ့မျိုးရတယ်။ အဲဒီအချိန်ကတည်းကသာ အာဏာပိုင်တွေ ဒီနေရာကို လာစစ်ဆေးရင် ဒီနေ့ဆိုရင် အဲဒီလူ အသက်ဆက်ရှင်နေပါပြီ။ ဒါပေမဲ့ ဒါက လက်ဘနွန်နိုင်ငံပဲလေ”လို့ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

သြဂုတ်လ ၄ ရက်က ဘေရွတ်မြို့ဆိပ်ကမ်းမှာ သိုလှောင်ထားတဲ့ အမိုနီးယန်းနိုက်ထရိတ် ၂၇၅၀ တန် ပေါက်ကွဲခဲ့လို့ လူ ၂၀၀ ကျော် သေဆုံးခဲ့ပြီး လူ ၃၀၀၀၀၀ နီးပါး အိမ်ခြေရာမဲ့ ဖြစ်ခဲ့ပါတယ်။ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေကို ၆ နှစ်ကြာတဲ့အထိ မလုံမခြုံ သိမ်းဆည်းခဲ့တဲ့လုပ်ရပ်အတွက် ပြည်သူတွေက ဆန္ဒပြခဲ့ကြပါတယ်။

Ref: Groyourwealth ” Beirut rescuers detect signs of life in rubble 30 days after explosion”

Nz (ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top