ကျန်းမာရေးစနစ်မပြိုလဲအောင် ဘယ်လ်ဂျီယံမှာ ကိုဗစ်-၁၉ ရောဂါပိုးရှိတဲ့ ဆရာဝန်တွေကို အလုပ်ဆင်းပေးဖို့ တောင်းဆိုထားရ

28-10-2020-yyl-023.jpg

ဘယ်လ်ဂျီယံနိုင်ငံ လီအေ့ရှ်မြို့မှာ ကိုဗစ်-၁၉ လူနာသစ်တွေ့ရှိမှုရော၊ ဆေးရုံတက်ရသူ အရေအတွက်ပါ များပြားလာတဲ့အတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတဲ့ ဆရာဝန်တွေကိုပါ အနားမပေးဘဲ အလုပ်ဆင်းပေးဖို့ တောင်းဆိုထားပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံဟာ ဥရောပမှာ ကျန်းမာရေးစောင့်ရှောက်မှုစနစ် အကောင်းဆုံး အဆင့်(၅)ချိတ်တဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ လာမယ့်ရက်ပိုင်းအတွင်း ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲမယ့် အခြေအနေကို တားဆီးနိုင်ဖို့အတွက် ရောဂါပိုးရှိတဲ့ ဆရာဝန်တွေကို အလုပ်ဆက်လုပ်ခိုင်းရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိဘူးလို့ ဘယ်လ်ဂျီယံနိုင်ငံ ဘယ်လ်ဂျီယံနိုင်ငံ ကျန်းမာရေးသမဂ္ဂများ အစည်းအရုံး ဥက္ကဋ္ဌ ဒေါက်တာဖီးလစ်ဒီဗို့စ်က ပြောပါတယ်။

လီအေ့ရှ်မြို့မှာ ကျန်းမာရေးဝန်ထမ်း ၄ ပုံ၊ ၁ ပုံလောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရပါတယ်။ ရောဂါကူးစက်ခံထားရပေမဲ့ ရောဂါလက္ခဏာမပြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အလုပ်ဆက်လုပ်ပေးကြဖို့ တောင်းဆိုထားတဲ့ ‌ဆေးရုံ ၁၀ ခု ရှိနေပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အလုပ်ဆက်လုပ်မယ်ဆိုရင် လူနာတွေကို ရောဂါကူးစက်နိုင်ခြေရှိတယ်လို့ ဒေါက်တာဖီးလစ်ဒီဗို့စ်က ပြောပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ အရှေ့ပိုင်း လီအေ့ရှ်မြို့မှာ လူ ၃ ယောက်ကို ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရင် ရောဂါပိုးရှိသူ တစ်ယောက်နှုန်း တွေ့ရှိနေပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံမှာ အာဏာပိုင်တွေ ထိန်းချုပ်မရနိုင်တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဆူနာမီလှိုင်းကြီးတွေနဲ့ ကြုံရဖို့ နီးကပ်လာပြီလို့ ကျန်းမာရေးဝန်ကြီး ဗန်ဒန်ဘရော့ခ်က သတိပေးခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ ဆေးရုံတွေမှာ လူနာတွေကို တခြားနေရာ ရွှေ့ပြောင်းပေးနေရပြီး အရေးပေါ်မလိုအပ်တဲ့ ခွဲစိတ်ကုသမှုတွေကိုလည်း ဖျက်သိမ်းထားရပါတယ်။

ဥရောပနိုင်ငံတွေမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လှိုင်းသစ်တွေကို တွန်းလှန်တိုက်ဖျက်နိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။ ရောဂါကူးစက်မှုသစ်တွေကို တိုက်ဖျက်ဖို့အတွက် ဥရောပနိုင်ငံတွေမှာ ခရီးသွားလာမှု ကန့်သတ်တာ၊ အိမ်မှာပဲနေဖို့ အမိန့်ထုတ်ပြန်တာ၊ နိုင်ငံတစ်ဝန်း ပိတ်ဆို့မှုတွေလုပ်တာတွေ လိုအပ်လိမ့်မယ်လို့ ပြီးခဲ့တဲ့တနင်္လာနေ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် အရာရှိတွေက ပြောပါတယ်။

အီတလီ၊ စပိန်၊ ပြင်သစ်၊ ဗြိတိန်နိုင်ငံတွေမှာလည်း တင်းကျပ်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်ထားပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံမြို့တော် ဘရပ်ဆဲလ်မြို့မှာ အားကစားခန်းမတွေ၊ ရေကူးကန်တွေကို ပိတ်ထားပြီး ဈေးဆိုင်တွေကိုလည်း ည ၈ နာရီ နောက်ဆုံးထား ပိတ်ခိုင်းထားပါတယ်။ အများပြည်သူဆိုင်ရာ နေရာတွေမှာ နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ဖို့ ထုတ်ပြန်ထားပြီး အဲဒီစည်းမျဉ်းတွေက နိုဝင်ဘာလ ၁၉ ရက်အထိ အကျုံးဝင်မှာပါ။

nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top