သီချင်းသစ်အတွက် ကေပေါ့စ်အဖွဲ့ BLACKPINK နဲ့ ဆယ်လီနာဂိုမက် တို့ ပူးပေါင်းတင်ဆက်တော့မှာလား

28-7-2020-yyl-023.jpg

ကမ္ဘာထိ ထိုးဖောက်အောင်မြင်နေတဲ့ ကေပေါ့စ်မိန်းကလေးအဖွဲ့ BLACKPINK ဟာ သူတို့ရဲ့သီချင်းအသစ်တစ်ပုဒ်အတွက် အမေရိကန်နာမည်ကြီးအဆိုတော် ဆယ်လီနာ ဂိုမက်နဲ့ ပူးပေါင်းတင်ဆက်မှာဖြစ်တယ်ဆိုတဲ့ သတင်းက ဒီကနေ့မနက်အစောပိုင်းမှာ ထွက်ရှိလာခဲ့ပါတယ်။ ဒီသီချင်းအသစ်က BLACKPINK ရဲ့ပထမဆုံးသီချင်းအယ်လ်ဘမ်မှာ ပါဝင်မယ့်သီချင်းဖြစ်တဲ့အပြင် သီချင်းအယ်လ်ဘမ်မထွက်ခင် သြဂုတ်လမှာ အရင်ထွက်ရှိမယ့် သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။


BLACKPINK ရဲ့ အေဂျင်စီ YG Entertainment ကတော့ ထွက်ရှိလာတဲ့ ဒီသတင်းနဲ့ပတ်သက်ပြီး BLACKPINK နဲ့ ဆယ်လီနာ ဂိုမက်တို့ကြားက ပူးပေါင်းတင်ဆက်မှုကို အတည်ပြုဖို့ ခက်ခဲမယ်လို့ ပြောခဲ့တဲ့အပြင် တရားဝင်အတည်ပြုချက်ကို ပရိသတ်တွေ စောင့်ဆိုင်းပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

“ကျေးဇူးပြုပြီး တရားဝင်အတည်ပြုချက်ကို စောင့်ပေးကြပါ”လို့ အေဂျင်စီက ပြောပါတယ်။ BLACKPINK နဲ့ ဆယ်လီနာတို့ ပူးပေါင်းတင်ဆက်မယ့် သီချင်းနာမည်က “Everybody” ဖြစ်တယ်ဆိုတဲ့ Screenshot တွေလည်း ရှိခဲ့ပါတယ်။ BLACKPINK အဖွဲ့ဝင် ဂျီဆူး (Jisoo) နဲ့ ရို့စ် (Rose) တို့က COACH Fashion Show Spring Summer 2019 New York Fashion Week မှာ ဆယ်လီနာ ဂိုမက်နဲ့ ဆုံတွေ့ဖူးကြပါတယ်။

BLACKPINK အဖွဲ့က သြဂုတ်လထွက်ရှိမယ့် သီချင်းသစ်မှာ ပဟေဠိဆန်တဲ့ အဆိုတော်ပါမယ့်ဆိုတဲ့ သီချင်းပိုစတာကို ဇူလိုင်လ ၂၃ ရက်နေ့က ထွက်ရှိပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ BLACKPINK နဲ့ အတူသီဆိုမယ့်အနုပညာရှင်က အာရီယာနာ ဂရန်ဒီ (Ariana Grande) ဖြစ်ပြီး သီချင်းနာမည် “Butterfly Temp” ဖြစ်တယ်ဆိုတဲ့ ကောလဟာလသတင်းတွေ ထွက်ရှိလာခဲ့ပါတယ်။

ပရိသတ်တွေကလည်း BLACKPINK သီချင်းမှာ ပါမယ့် ပဟေဠိဆန်တဲ့အဆိုတော်က အာရီယာနာ ဂရန်ဒီဖြစ်ရမယ်လို့ပဲ ခန့်မှန်းပြောဆိုခဲ့ကြပါတယ်။ ဒီကနေ့ထွက်ရှိလာတဲ့ သတင်းအရဆိုရင် ပရိသတ်တွေ ခန့်မှန်းထားတဲ့အဆိုတော်နဲ့ ထပ်တူမကျဘဲ BLACKPINK ရဲ့သီချင်းသစ်မှာ ပါဝင်မယ့် ပဟေဠိဆန်တဲ့အဆိုတော်က ဆယ်လီနာဂိုမက်ဖြစ်နေပါတယ်။

BLACKPINK အဖွဲ့က မိန်းကလေးချောချော (၄) ဦးနဲ့ဖွဲ့စည်းထားတဲ့ နာမည်ကြီးကေပေါ့စ် အဖွဲ့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကမှ ထွက်ရှိထားတဲ့ သူတို့ရဲ့ How You Like That သီချင်းကလည်း ကမ္ဘာကျော်နေပြီး YouTube မှာ ကြည့်ရှုသူ သန်း (၃၀၀) ကျော်နေပါပြီ။ BLACKPINK ရဲ့ပထမဆုံးသီချင်းအယ်လ်ဘမ်က အောက်တိုဘာ (၂) ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပါတယ်။ သြဂုတ်လထွက်ရှိမယ့် သီချင်းတစ်ပုဒ်မှာ BLACKPINK နဲ့ ဆယ်လီနာတို့ ပူးပေါင်းတင်ဆက်မှာ သေချာလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref: YG Entertainment Responds to the Exclusive Report Saying That BLACKPINK will Collaborate with Selena Gomez for Upcoming Single

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top