ရုပ်ရှင်ရုံတွေကို အမြန်ဆုံး ပြန်လည် ဖွင့်လှစ်ပေးဖို့ တောင်းဆို နောက်သုံးပတ်အတွင်း လူနာထပ်မတိုးရင် စနိုင်ဖို့ရှိတယ်လို့ ဝန်ကြီးပြော

image-3.jpg

ရန်ကုန် ဇူလိုင် ၂၈

ရုပ်ရှင်ရုံတွေကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်စေချင်ပြီးတော့ ဖွင့်လှစ်တဲ့အခါမှာလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကို တသွေမတိမ်းအတိအကျ လိုက်နာသွားမယ်လို့ မင်္ဂလာရုပ်ရှင်ရုံများ အုပ်စု ဥက္ကဌ ဦးဇော်မင်းက တောင်းဆိုလိုက်ပါတယ်။

အခုလိုတောင်းဆိုမှုအပေါ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက နောက်ထပ်သုံးပတ်လောက်စောင့်ကြည့်လို့ COVID-19 အတည်ပြုလူနာတွေ ထပ်မတိုးလာဘူးဆိုရင် ပြန်လည်ဖွင့်လှစ်ဖို့အတွက် လုပ်ငန်းစဥ်တွေကို စနိုင်ဖို့အခြေအနေရှိတယ်လို့ ဆိုပါတယ်။

”ကျောင်းတွေလည်း ပြန်လည်ဖွင့်လှစ်လိုက်တဲ့အတွက် နည်းနည်းလေး စောင့်ကြည့် ချင်ပါသေးတယ်။ သုံးပတ် အတွင်း ရုပ်ရှင်ရုံတွေမှာ ဘယ်လိုတွေစီစဥ်ထားလဲဆိုတာကို သွားကြည့်ပါမယ်။ အမြန်ဆုံးပြန်ဖွင့်နိုင်အောင် ဆောင်ရွက်ပါမယ်”လို့ ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

မြန်မာ့ရုပ်ရှင်လုပ်ငန်းဟာ အရှိန်အဟုန်တစ်ခုအနေနဲ့ အပြိုင်အဆိုင် တိုးတက်လာနေတဲ့အချိန်မှာ မမျှော်လင့်ဘဲ COVID-19 ကပ်ရောဂါဘေးက ကျရောက်လာတဲ့အတွက် ရုပ်ရှင်လောကသားတွေကို အင်မတန် ထိခိုက် နစ်နာမှုတွေ ဖြစ်သွားခဲ့တယ်လို့ ဦးဇော်မင်းက ဆိုပါတယ်။

ဒါ့ကြောင့် ရုပ်ရှင်ရုံတွေကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်မယ်ဆိုရင် ရုပ်ရှင်ရုံ လုပ်ငန်းရှင်တွေရော၊ ထုတ်လုပ်သူ ဇာတ်ကားပိုင်ရှင်တွေရော၊ ကြည့်ရှုသူ ပရိသတ်တွေရော၊ သုံးဦးသုံးဖလှယ် အဆင်ပြေသွားမှာ ဖြစ်တယ်လို့ ဦးဇော်မင်းက အကြံပြုထားပါတယ်။

အရင်က ရုပ်ရှင်ရုံပေါင်း ၂၀၊ ၃၀ ရှိရာကနေ အခုဆိုရင် ရုပ်ရှင်ရုံပေါင်း ၂၀၀ ကျော်အထိ ရှိလာခဲ့ပြီးတော့ ရုပ်ရှင် ဇာတ်ကားအနေနဲ့လည်း တစ်နှစ်ကို ဇာတ်ကားပေါင်း ၁၀၀ ကျော်အထိ အပြိုင်အဆိုင်ရိုက်ကူးလာခဲ့ပေမယ့် COVID-19 ကပ်ရောဂါကျရောက်ချိန်မှာတော့ ရုပ်ရှင်လုပ်ငန်းအားလုံးကို ရပ်နားထားရပါတယ်။

ဒါပေမဲ့ ဇူလိုင် ၂၇ ရက်ကနေစတင်ပြီး ရပ်နားထားရတဲ့ ရုပ်ရှင်၊ ဗွီဒီယို၊ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးရေးတွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ပြန်လည်ရိုက်ကူးခွင့် ပြုလိုက်ပါတယ်။

KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top