ကိုဗစ်-၁၉ ကူးစက်ခံရပြီးရင် နောက် ၆ လအတွင်း သွေးခဲနိုင်ခြေ မြင့်မားတယ်လို့ ဆွီဒင်နိုင်ငံရဲ့ သုတေသနတစ်ရပ်မှာ သုံးသပ်ထားပါတယ်။ ကိုဗစ်-၁၉ ရောဂါ ပြင်းပြင်းထန်ထန် ခံစားခဲ့ရသူတွေ၊ ပထမလှိုင်းမှာ ကူးစက်ခံရသူတွေဟာ သွေးခဲနိုင်ခြေ အများဆုံးပဲလို့ ဖော်ပြပါတယ်။
ကာကွယ်ဆေး ထိုးနှံပြီးသားဖြစ်ရင်လည်း သွေးခဲနိုင်ခြေရှိပေမဲ့ ဖြစ်နိုင်ခြေ နည်းပါးလွန်းတယ်လို့ ဗြိတိန်နိုင်ငံရဲ့ သုတေသနမှာ တွေ့ရပါတယ်။ ဒါဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ အရေးကြီးတယ်ဆိုတဲ့အချက်ကို မီးမောင်းထိုးပြရာလည်း ရောက်ပါတယ်။
သုတေသီတွေဟာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလကနေ ၂၀၂၁ ခုနှစ် မေလကြားကာလအတွင်း ဆွီဒင်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁ သန်းကျော်ရဲ့ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်လေ့လာပြီး အသက်အရွယ်တူ၊ လိင်ပိုင်းဆိုင်ရာ တူညီတဲ့ ကိုဗစ်-၁၉ မဖြစ်ဖူးသူ ၄ သန်းရဲ့ ကျန်းမာရေး အချက်အလက်တွေနဲ့ နှိုင်းယှဉ်ခဲ့ကြတာပါ။
ကိုဗစ်-၁၉ ကူးစက်ခံရပြီးရင်
- ၃ လကြာအတွင်း ခြေထောက် (သို့) သွေးပြန်ကြောထဲမှာ သွေးခဲနိုင်ခြေ
- ၆ လကြာအတွင်း အဆုတ်ထဲမှာ သွေးခဲနိုင်မှု (သို့) အဆုတ်သွေးကြောဆို့မှု ဖြစ်နိုင်ခြေ
- ၂ လအတွင်း ခန္ဓာကိုယ်တွင်း သွေးယိုစိမ့်မှု၊ လေဖြန်းခြင်း ဖြစ်နိုင်ခြေ မြင့်မားစေတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။
သုတေသီတွေဟာ ကိုဗစ်-၁၉ ကူးစက်ခံရပြီးနောက် သွေးခဲနိုင်ခြေနဲ့ ပုံမှန်သွေးခဲနိုင်ခြေကို နှိုင်းယှဉ်ကြည့်တဲ့အခါ
- ကိုဗစ်-၁၉ မကူးစက်ခံရသူ ၁၀၀၀၀ မှာ သွေးပြန်ကြောအတွင်း သွေးခဲနိုင်ခြေ ၁ ယောက်နှုန်းသာ ရှိပေမဲ့ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၀၀၀၀ မှာတော့ သွေးပြန်ကြောအတွင်း သွေးခဲနိုင်ခြေရှိသူ ၄ ယောက်နှုန်းအထိ ရှိနေတာ
- ကိုဗစ်-၁၉ မကူးစက်ခံရသူ ၁၀၀၀၀ မှာ အဆုတ်အတွင်း သွေးခဲနိုင်ခြေ ၁ ယောက်နှုန်းအောက်သာ ရှိပေမဲ့ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၀၀၀၀ မှာတော့ အဆုတ်အတွင်း သွေးခဲနိုင်ခြေရှိသူ ၁၇ ယောက်နီးပါးနှုန်းအထိ ရှိနေတာ တွေ့ရှိခဲ့ပါတယ်။
ကိုဗစ်-၁၉ ရောဂါကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသူတွေဟာ ပုံမှန်ထက်စာရင် အဆုတ်အတွင်း သွေးခဲနိုင်ခြေ အဆ ၂၉၀ ပိုများပြီး အလယ်အလတ်လောက် ရောဂါခံစားခဲ့ရသူတွေကတော့ ပုံမှန်ထက် သွေးခဲနိုင်ခြေ ၇ ဆ ပိုများတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ ရောဂါ အလယ်အလတ် ခံစားခဲ့ရသူတွေဟာ ခန္ဓာကိုယ်အတွင်း သွေးယိုစိမ့်မှု ဖြစ်နိုင်ခြေတော့ မရှိပါဘူး။
BMJ စာစောင်မှာ ဖော်ပြခဲ့တဲ့ သုတေသနအရ ကိုဗစ်-၁၉ ပထမလှိုင်းဟာ နောက်ပိုင်းလှိုင်းတွေထက်စာရင် သွေးခဲနိုင်ခြေ ပိုများတယ်လို့ တွေ့ရပါတယ်။ ပထမလှိုင်းအလွန်မှာ ကုသနည်းတွေ တိုးတက်လာပြီး ဒုတိယလှိုင်းမှာ သက်ကြီးရွယ်အိုတွေကို ကာကွယ်ဆေး စတင်ထိုးနှံပေးလာတာကြောင့် ဖြစ်နိုင်တယ်လို့ ဖော်ပြပါတယ်။
ကိုဗစ်-၁၉ ကြောင့် သွေးခဲတယ်ဆိုတဲ့အချက်ကို သုတေသီတွေက သက်သေပြနိုင်ခြင်းမရှိပါဘူး။ ဒါပေမဲ့ ဒီလိုဆက်နွှယ်နေရဖွယ်ရှိတဲ့ သီအိုရီတွေကိုတော့ ဖော်ပြခဲ့ပါတယ်။ သွေးကြောနဲ့ထိစပ်နေတဲ့ ဆဲလ်အလွှာတွေပေါ်ကို ဗိုင်းရပ်စ် သက်ရောက်လို့ သွေးကြောတွေ ရောင်ရမ်းလာတာ၊ မထင်မှတ်တဲ့အချိန်မှာ သွေးခဲတာတွေ ဖြစ်လာရဖွယ်ရှိတယ်လို့ ဆိုပါတယ်။
Ref: BBC “Covid: Blood clot risk higher for six months after having virus”
Nz ( ရိုးရာလေး )