ဗြိတိန်မှာ အကြီးဆုံးငါးကန်ကို ပိုင်ဆိုင်ထားသူ

7-4-2022-yyl07.jpg

ဗြိတိန်ရဲ့အကြီးဆုံးငါးကန်ကို ပိုင်ဆိုင်ထားတဲ့ ဂျက်ခ် ဟဲသ်ကုတ်ဆိုသူက သူ့ရဲ့အိမ်ကို ဧရာမငါးပြတိုက်အဖြစ် ပြောင်းလဲပစ်ချင်တဲ့ ထူးထူးဆန်းဆန်းဝါသနာရှိပါတယ်။ သူ့ရဲ့အဲဒီဝါသနာအပေါ် ငွေအများကြီးသုံးရလည်း နောင်တမရဘူးလို့ ဆိုပါတယ်။

ဂျက်ခ်က ဗြိတိန်ရဲ့ဆင်ခြေဖုံးရပ်ကွက်က သူ့ရဲ့နေအိမ်မှာငါးကန်ကြီး တပ်ဆင်ရာမှာ သူ့ရဲ့ပိုင်ဆိုင်မှုအနည်းငယ်ကို သုံးစွဲခဲ့တယ်လို့ ဆိုထားပါတယ်။ သူ ရူးသွပ်တဲ့အရာအပေါ် ရင်းနှီးမြှုပ်နှံရတဲ့အတွက် ပိုပြီး ပျော်ရွှင်ရတယ်လို့ သူက ပြောပါတယ်။ သူ့အိမ်မှာ ရှိတဲ့ ငါးကန်ကြီးက အရှည် ၁၄ ပေ၊ အကျယ် ၁၂ ပေ ၈ လက်မ နဲ့ အနက် ၇ ပေရှိပြီး ငါးကန်ထဲ ဒိုင်ဗင်ထိုးဝင်ပြီး သန့်ရှင်းရေးလုပ်ယူရလောက်အောင် အရမ်းကြီးပါတယ်။ ငါးကန်ထဲက ရေဟာ ၄၈၀၀ ဂါလံရှိပါတယ်။

ဒီကြီးမားတဲ့ ငါးကန်နဲ့ ပြုပြင်ထိန်းသိမ်းမှုအတွက် သူ ခန့်မှန်းခဲ့သလို ပေါင် ၂၀၀၀၀ ကုန်ကျခဲ့ပါတယ်။ “ကျွန်တော့်ရဲ့ဝါသနာက ကျွန်တော့်ရဲ့အိမ်ကိုရော ကျွန်တော့်ဘဝကိုပါ သိမ်းပိုက်သွားတယ်လို့ မင်းပြောနိုင်ပါတယ်။ ကျွန်တော် သိသလောက်ကတော့ ဒီကန်က ဗြိတိန်မှာ အကြီးဆုံးပါပဲ။ တစ်စုံတစ်ယောက်က ကျွန်တော့်ကန်ထက် ပိုကြီးတာကို တည်ဆောက်နေတယ်ဆိုတာကို ကျွန်တော် ကြားချင်ပါတယ်” လို့ ဂျက်ခ်က ပြောပါတယ်။

ဂျက်ခ်ရဲ့ငါးကန်အပေါ်မြတ်နိုးမှုဟာ သူ့အသက် ၅ နှစ်အရွယ်တုန်းက ပထမဆုံးရွှေငါးရခဲ့တဲ့အချိန်မှာ ဖြစ်လာခဲ့တာပါ။ ဒါပေမဲ့ Blackpool ငါးပြတိုက်ကို သွားရောက်လည်ပတ်တဲ့အချိန်မှာ သူ မြတ်နိုးတဲ့အရာအပေါ် ရူးသွပ်မှုက ပိုပြင်းထန်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀ နီးပါးက နော့်တင်ဂမ် (Nottingham) ရှိ အိပ်ခန်း (၅) ခန်းပါ အိမ်ကို ပြောင်းရွှေ့ခဲ့တဲ့အချိန် ငါးကန် (၉) ခုကို ပထမဆုံး ဝယ်ပြီး တပ်ဆင်ထားခဲ့ပါတယ်။ အဲဒါ ငါးကန်တွေမှာ ကမ္ဘာတစ်ဝှမ်းက အပူပိုင်းငါးမျိုးစိတ်အကောင်ရေ ရာပေါင်များစွာနဲ့ ဖြည့်ထားခဲ့တာပါ။

ဒါပေမဲ့ အဲဒီငါးမျိုးစိတ်အတွက် ရေကိုအပူပေးရတာက တစ်လကို ပေါင် ၂၀၀ ကုန်ကျတာကြောင့် ၂၀၁၆ခုနှစ်မှာ အေးတဲ့ရေမှာ နေထိုင်တဲ့ ငါးမျိုးစိတ်ကို ပြောင်းပစ်ခဲ့ပါတယ်။ အခုဆိုရင် ငါးကန်အကြီးကြီးမှာ ငါးပြေမအမျိုးဝင်ငါး၊ ငါးကြင်းနီ၊ ဉရောပရေချိုငါး အကောင် ၅၀ ရှိပါတယ်။ အဲဒီငါးတွေကို ဂျက်ခ်ကိုယ်တိုင် ဒေသတွင်းကန်တွေကနေ ဖမ်းခဲ့တာပါ။

ငါးကန်ဖန်ပြားအတွက် ပေါင် ၇၀၀၊ ဖိုက်ဘာမှန်အလွှာအတွက် ပေါင် ၈၀၀ ပေးချေခဲ့ရပြီး ငါးကန်တည်ဆောက်တပ်ဆင်ဖို့အတွက် ပေါင် ၅၀၀၀ ကုန်ကျခဲ့ပါတယ်။ ပြုပြင်ထိန်းသိမ်းစရိတ်၊ ငါးစားဖိုးကုန်ကျစရိတ်တွေပေါင်းလိုက်ရင် အားလုံးစုစုပေါင်း ပေါင် ၂၀၀၀၀ ဝန်းကျင် ကုန်ကျခဲ့တာပါ။”နှစ်တွေကြာလာတော့ ကျွန်တော့်ရဲ့ငါးတွေအတွက် ပေါင် ၂၀၀၀၀ ဝန်းကျင် ကုန်ကျခံခဲ့တယ်။ ကျွန်တော် ရူးသွပ်တဲ့ဝါသနာတစ်ခုဖြစ်ပြီး အဲဒီအတွက် ပိုက်ဆံအကုန်ကျခံရတဲ့အတွက် ပျော်ပါတယ်။ ဒါပေမဲ့ တချို့လူတွေက ရှေးဟောင်းပစ္စည်းစုဆောင်းရတာလို သူတို့ဝါသနာတွေအပေါ် ငွေတွေကို ပိုပြီးအကုန်အကျခံကြတယ်” လို့ ဂျက်ခ်က ဆိုပါတယ်။

ဂျက်ခ်က တီဗီမဝယ်ထားတဲ့အတွက် ငါးကန်ကြီးက သူ့အတွက် စိတ်အပန်းဖြေတဲ့အရာပါပဲ။ “သူတို့နဲ့ အပြန်အလှန်အကျိုးပြုနေဖို့အတွက် သူတို့ကို အချိန်အကြာကြီး ကျွန်တော် ကြည့်နိုင်တယ်။ ဒါက အရမ်းစိတ်အပန်းပြေစေပါတယ်။ ကျွန်တော့်ရဲ့ဝါသနာက ထူးဆန်းတယ်လို့ ဘယ်သူကမှ မပြောကြပါဘူး။ ကျွန်တော့်ရဲ့ဝါသနာကို ဒီလောက်အထိ လုပ်နိုင်တဲ့အတွက် သူတို့ အားကျမိတယ်လို့ ပြောကြတယ်” လို့ ဂျက်ခ်က ပြောပါတယ်။

Ref: Ladbible “Man Who Claims To Own Biggest Fish Tank In UK Doesn’t Regret How Much He’s Spent On It”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top