ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရဲ့အနောက်ဘက်က ရဲဘော်ဟောင်းတောင်မှာ နှစ်သန်း (၂၀၀) ကျော်သက်တမ်းရှိဒိုင်နိုဆောရုပ်ကြွင်းတစ်ခုတွေ့ရှိခဲ့မှုဟာ လက်ရှိ မြန်မာနိုင်ငံတည်ရှိတဲ့နေရာမှာ တွားသွားဒိုင်နိုဆောတွေကျက်စားခဲ့ဖူးတယ်လို့ ဖော်ပြနေကြောင်း ဒီရုပ်ကြွင်းကို ရတနာပုံတက္ကသိုလ်မှာ သုတေသနပြုနေသူတွေက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒီဒိုင်နိုဆောရုပ်ကြွင်းကို ရတနာပုံတက္ကသိုလ် ဘူမိဗေဒဌာနက ၂၀၁၈ ခုနှစ်ကတည်းက တူးဖော်တွေ့ရှိထားတာဖြစ်ပေမဲ့ ရတနာပုံတက္ကသိုလ်မှာသုတေသနပြုလေ့လာနေခဲ့တဲ့အတွက် အခုအချိန်မှ သတင်းထုတ်ပြန်ပေးလိုက်တာဖြစ်ပါတယ်။
ပုတတ် (lizard) သတ္တဝါနဲ့ပုံစံတူတဲ့ ပတ်ခိုင်ပလူရိုဆော (Pachypleurosaur) ရုပ်ကြွင်းလို့ယူဆရတဲ့ အဲဒီဒိုင်နိုဆောရုပ်ကြွင်းရဲ့သက်တမ်းက နှစ်သန်း (၂၁၀) ကနေ (၂၃၀) အကြားရှိနိုင်ကြောင်း ပညာရှင်တွေကခန့်မှန်းထားပါတယ်။ ခန္ဓာကိုယ်အလျား (၂၀) စင်တီမီတာပဲရှိပြီး သေးငယ်တဲ့ဦးခေါင်း၊ ရှည်လျားတဲ့လည်တိုင်တွေပါရှိတဲ့ဒီသက်ရှိတွေက အစာအဖြစ် ငါးတွေကိုစားကြတယ် လို့ ရုပ်ကြွင်းကိုတွေ့ရှိလေ့လာပြီးစာတမ်းပြုစုခဲ့သူဖြစ်တဲ့ ရတနာပုံတက္ကသိုလ်၊ ဘူမိဗေဒဌာနပါမောက္ခ ဒေါက်တာခိုင်ခိုင်စန်းက ပြောပါတယ်။
ရတနာပုံတက္ကသိုလ်ရဲ့ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်ကလည်း အခုတွေ့ရှိမှုဟာ နှစ်ပေါင်း သန်း (၂၀၀) ကျော်သက်တမ်းရှိဒိုင်နိုဆောရုပ်ကြွင်းတစ်ခုကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်တွေ့ရှိမှုဖြစ်ပြီး မြန်မာ့ဘူမိဗေဒပညာရပ်အတွက်လည်း မှတ်တိုင်တစ်ခုဖြစ်စေခဲ့ကြောင်း ပြောခဲ့ပါတယ်။
ဒီရုပ်ကြွင်းတွေ့ရှိမှုကို University of Edinburgh ကပညာရှင်များနဲ့ ပူးပေါင်းစာတမ်းပြုစုပြီး Acta Palaeontologica Polonica ဂျာနယ်မှာလည်း ဖော်ပြထားပြီးဖြစ်ပါတယ်။ အများအားဖြင့် Pachypleurosaur ဒိုင်နိုဆောတွေဟာ တရုပ်နိုင်ငံက ယူနန် Yunnan နဲ့ ကွမ်ကျိုး Quanzhou စီရင်စုဒေသတွေနဲ့ ဥရောပတိုက်ဘက်မှာကျက်စားကြတာဖြစ်ပြီး အခုလို မြန်မာနိုင်ငံမှာတွေရတဲ့ရုပ်ကြွင်းနဲ့ပတ်သက်လို့တော့ နိုင်ငံတကာဘူမိဗေဒပညာရှင်တွေနဲ့ အတူပူးပေါင်းကာ ဆက်လေ့လာသွားဖို့စီစဉ်ထားကြောင်းသိရပါတယ်။
Ref: MOI “Over 200-million-year-old dinosaur fossil found in Lashio”
TH (ရိုးရာလေး)
Post Views: 6,104