မိုးရာသီနဲ့ ငယ်ဘဝ

34726150_500530917028764_5040327181952090112_n.jpg

“တိုင်းရှစ်ခွင် မှိုင်းလို့ဆိုင်းကာ မှောင်ရီခြယ် မိုးခြိမ်းသံ သဲ့သဲ့ကြားတယ် ဝါဆိုရယ်” ဆိုတဲ့သီချင်းသံလေးက ဘယ်ဆီကမှန်းမသိ လွင့်ပျံလာတော့ မိုးစက်လေးတွေနဲ့အတူ မိုးရာသီ ဝသန်ရာသီကိုတောင် ရောက်နေပြီပဲလို့ အတွေးဝင်လာမိပါတယ်။

မိုးရာသီက မိုးရေစိုစွတ်တာကြောင့် ရွှံတွေ၊ ဗွက်တွေနဲ့ သွားရလာရခက်ခဲပြီး အိမ်တွင်းပုန်းအောင်းရတာများပေမဲ့လည်း ကလေးတွေအတွက်တော့ မိုးရာသီက ပျော်စရာ ရာသီတစ်ခုပဲဖြစ်ပါတယ်။ မိုးရာသီနဲ့ ပတ်သတ်ပြီး စာဖတ်သူတွေမှာ တစ်ခုခုအမှတ်တရဖြစ်တာ ဒါမှမဟုတ် ကလေးဘဝက လွမ်းစရာလေးတစ်ခုတော့ အနည်းဆုံးရှိကြမှာပါ။

စာရေးသူတို့ ငယ်ငယ်က မိုးရွာပြီဆို မိုးရေချိုးရင်း ဘောလုံးကန်ကြပါတယ်။ အမေက နာရီဝက်လောက်ပဲ ဆော့ခိုင်းပေမဲ့ နာရီဝက်ပြည့်တဲ့အထိ အိမ်မပြန်သေးဘဲ ဆက်ဆော့နေတာကြောင့် ဆော်ပလော်တီးခံရတာ မရေမတွက်နိင်အောင်ပါပဲ။

မိုးရွာလို့အပြီး ရေတက်လာ အိမ်ရှေ့မြောင်းထဲမှာ ရေတွေစီးနေပြီဆိုရင် ဖော့လေးတွေ၊ စက္ကူလေးတွေကို သဘောၤလေးတွေလုပ်ကြပြီး တစ်ယောက်နဲ့တစ်ယောက် အပြိုင်လွှတ်ကြတော့တာပါ။ ရေတက်ရက်မျိုးမှာ ငါးလေးတွေလည်း ပါလာတတ်တာကြောင့် သူငယ်ချင်းတစ်သိုက် ငါးလေးတွေကို လိုက်ဖမ်းခဲ့တာကိုလည်း အမှတ်ရနေမိပါသေးတယ်။

စာရေးသူတို့ငယ်စဉ်က အခုလိုမျိုး ဖုန်းတွေ၊ အင်တာနက်တွေမရှိကြသေးသလို ရုပ်မြင်သံကြားဆိုတာကလည်း လူတိုင်းမကြည့်နိင်သေးတဲ့အတွက် သာမန်လက်လုပ်လက်စား မိသားစုတစ်စုအတွက် ရေဒီယိုလေးတစ်လုံးကပဲ တစ်အိမ်သားလုံးရဲ့ အပန်းဖြေစရာတစ်ခုပါ။ ညဘက်တွေမှာ မြန်မာ့အသံကလွှင့်တဲ့ “ဇာတ်လမ်းပမာ နားဆင်စရာ” ကဏ္ဍကို မိုးအေးအေးလေးမှာ ရေနွေးပူပူလေးသောက်ပြီး တစ်မိသားစုလုံး နားထောင်ခဲ့ရတဲ့ အရသာကတော့ ဘာနဲ့မှ မလဲနိင်တဲ့ အရသာ ဖြစ်ပါတယ်။

အဲဒီအချိန်တွေတုန်းက ဂိမ်းဆိုင်တွေ မိုဘိုင်းဖုန်းတွေ မရှိသေးပါဘူး။ ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေနေ့တွေဆိုရင် မိဘတွေက ကာတွန်းစာအုပ်ဖတ်ခွင့် ပေးထားပါတယ်။ မိုးရွာလို့ အိမ်က အပြင်ထွက်ဆော့ခွင့်မပေးဘူးဆိုရင် ကော်ဖီပူပူတစ်ခွက်နဲ့ ကာတွန်းစာအုပ် ထိုင်ဖတ်နေရတဲ့အရသာကလည်း ပြန်မရနိုင်တော့တဲ့ ကလေးဘဝအမှတ်တရ တစ်ခုပဲဖြစ်ပါတယ်။

မိုးရွာတိုင်း စာရေးသူ အမှတ်ရနေမိတဲ့ အကြောင်းအရာတစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ ကျောင်းသားဘဝက ကျောင်းတက်နေချိန် မိုးတွေ သည်းကြီးမည်းကြီးရွာလာရင် မိုးသံလေသံတွေနဲ့ ဆူညံပြီး စာသင်လို့မရတော့ပါဘူး။ အဲဒီအခါကျ ဆရာက စာမသင်တော့တာကြောင့် သူငယ်ချင်းတစ်သိုက် ဝိုင်းဖွဲ့ပြီး စကားပြောခဲ့ကြတာတွေက အမှတ်ရစရာတွေပါ။

အခုဖော်ပြထားတဲ့ အကြောင်းအရာတွေက မိုးရာသီနဲ့ပတ်သက်ပြီး ဖျောက်ဖျက်လို့မရတဲ့ စာရေးသူကလေးဘဝက အကြောင်းအရာတွေဆိုပေမဲ့ စာဖတ်သူတွေနဲ့ တော်တော်များများက ထပ်တူကျနေလောက်မှာပါ။ မိုးရာသီနဲ့ပတ်သတ်ပြီး စာဖတ်သူတို့ ဖြတ်သန်းခဲ့ရတဲ့ ကလေးဘဝ အဖြစ်အပျက်လေးတွေကိုလည်း ဝေမျှပေးခဲ့ပါဦးနော်…

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top