ကိုရိုနာဗိုင်းရပ်စ်လူနာတွေအတွက် တီရှပ်ဖန်တီးပြီး အကျိုးအမြတ်ကို လိုအပ်တဲ့နေရာတွေကို လှူဒါန်းမယ့်အမျိုးသား

21-4-2020-yyl-020.jpg

လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဟာ ကမ္ဘာတစ်ဝှမ်းက လူတွေရဲ့အသက်အန္တရာယ်ကို ခြိမ်းခြောက်လို့နေပါတယ်။ အစိုးရနဲ့ အဖွဲ့အစည်းတွေက ပြည်သူတွေကို အိမ်မှာနေဖို့နဲ့ တတ်နိုင်သမျှ လူစုလူဝေးမလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။ ကျွန်တော်တို့တွေအားလုံးဟာ အရင်တုန်းက ဖြတ်သန်းခဲ့သလိုပုံစံမျိုးမဟုတ်ဘဲ ပုံစံအသစ်တစ်မျိုးနဲ့ ကြိုးစားနေထိုင်နေကြရပါတယ်။ အခုကစပြီး ကျွန်တော်တို့ရဲ့ဘဝမှာ အရာရာက ကွာခြားနေမှာဖြစ်ပါတယ်။ ဒီကပ်ရောဂါက လူတိုင်းကို ဒုက္ခပေးနေတာဖြစ်ပါတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာတော့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုက တဖြည်းဖြည်းနဲ့ လျော့နည်းလာပါပြီ။ အဲဒါကြောင့် ကျန်းမာရေးအဖွဲ့အစည်းတွေက ညွှန်ကြားထားတဲ့အတိုင်း ကြိုတင်ကာကွယ်မှုတွေလုပ်ထားကြလို့ပါပဲ။

လူတော်တော်များများက ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်ပြီး သူတို့ရဲ့အသက်တွေ ပြန်ရှင်နိုင်မယ့် အခွင့်အရေးတွေရှိနေပါပြီ။ ကိုရိုနာဗိုင်းရပ်စ်ကို ခံစားခဲ့ရတဲ့သူတွေမှာ တချို့ကတော့ သေဆုံးသွားခဲ့ပေမဲ့ တချို့ကတော့ ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။ အဲဒီလိုပြန်လည်ကောင်းမွန်လာတဲ့သူတွေနဲ့ ကူးစက်ခံနေရတဲ့ သူတွေအတွက်ရည်ရွယ်ပြီး ဂိုင် ထရီဖယ်လာ ဆိုတဲ့ဒီဇိုင်နာတစ်ယောက်က ပရောဂျက်တစ်ခုလုပ်ဆောင်ခဲ့ပါတယ်။ သူဟာ ဗိုင်းရပ်စ်ကို ကျော်လွှားနေတဲ့သူတွေကို ဂုဏ်ပြုဖို့နဲ့ ခံစားနေရတဲ့သူတွေကို ကြံ့ကြံ့ခံနိုင်ဖို့ တိုက်တွန်းတဲ့အနေနဲ့ တီရှပ်တွေကို ဖန်တီးခဲ့တာပါပဲ။

တီရှပ်တွေအားလုံးက ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သတ်တဲ့အမှတ်အသားတွေပါ ပါတယ်။ တချို့တီရှပ်တွေက ပျော်ရွှင်မှုကို ဖော်ပြသလို တချို့ကတော့ မျိုသိပ်ထားရတဲ့စိတ်ပျက်စရာတွေကို ရည်ညွှန်းထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပေးချင်တဲ့ message ကတော့ ရှင်းပါတယ်။ သူတို့ကျော်လွှားနိုင်တယ်ဆိုတာပါပဲ။ ပရောဂျက်က ပရဟိတအတွက် ရည်စူးထားတာဖြစ်တဲ့အတွက် တီရှပ်ရောင်းလို့ရတဲ့ပိုက်ဆံတွေက ဒီဇိုင်နာဆီရောက်မှာမဟုတ်ပါဘူး။ အကျိုးအမြတ်ရဲ့ ၅၀ ရာခိုင်နှုန်းကို ဒုက္ခသည်တွေအတွက် ဆေးဝါးထောက်ပံ့မှုတွေလုပ်နေတဲ့ UNHCRဆီ လှူဒါန်းသွားမှာဖြစ်ပါတယ်။

“အကူအညီဖြစ်တဲ့အရာတွေကို ကျွန်တော်လုပ်နိုင်တာသိရလို့ အရမ်းစိတ်လှုပ်ရှားရပါတယ်။ ဒီကပ်ရောဂါစတင်ခဲ့တဲ့အချိန်မှာ အကူအညီပေးဖို့၊ တစ်ခုခုလုပ်ဆောင်ဖို့ ပြင်းပြတဲ့ဆန္ဒဖြစ်ခဲ့ပါတယ်။ အကျိုးရှိမယ့်အရာတွေလုပ်နိုင်တယ်လို့ ကျွန်တော်နားလည်လိုက်တဲ့အခါမှာ အံ့အားသင့်စရာပါပဲ။ ဒါက လူမှုအသိုင်းအဝိုင်းကို ပြန်ပေးဆပ်ရမယ့် အကောင်းဆုံးအချိန်ပါ။ ဒီလိုခံစားချက်မျိုးဖြစ်တာ ကျွန်တော်တစ်ယောက်တည်းတော့ မဟုတ်လောက်ပါဘူး” လို့ ထရီဖယ်လာက ပြောပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ (၂,၄၈၄,၃၀၁) ဦးနဲ့ သေဆုံးသူဦးရေ (၁၇၀,၅၀၁) ဦးရှိနေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ကူးစက်ခံရသူဦးရေ (၁၀၀) ကျော်ရှိနေပါပြီ။ ကူးစက်ခံရသူဦးရေ ဒီထက်တိုးမလာဖို့အတွက် မိမိကစကာကွယ်ရမှာဖြစ်ပါတယ်။ အစိုးရနဲ့ကျန်းမာရေးအဖွဲ့က လမ်းညွှန်ထားတဲ့အတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ကာကွယ်ကြရအောင်…။

Ref: Boredpanda”Man Creates T-Shirts For Coronavirus Survivors, Donates Half The Profits To Good Causes”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top