Quarantine အတွင်း ဖြစ်လာနိုင်တဲ့ ဝမ်းချုပ်ခြင်းပြဿနာနဲ့ ဖြေရှင်းနည်းများ

21-4-2020-yyl-028.jpg

ကိုရိုနာဗိုင်းရပ်စ်က ကျွန်တော်တို့ရဲ့ဘဝတွေကို လုံးဝကို ပြောင်းလဲသွားစေတာဖြစ်ပါတယ်။ အရာရာတိုင်းကလည်း ပုံမှန်လိုမဟုတ်တော့ပါဘူး။ အိမ်ကနေ အလုပ်လုပ်ရတာ၊ လူတွေနဲ့ ခပ်ဝေးဝေးမှာနေရတာ၊ အိမ်ထဲမှာပဲနေရတာတွေက ကျွန်တော်တို့ရဲ့တစ်နေ့တာနေထိုင်မှုပုံစံကို ပြောင်းလဲသွားစေပါတယ်။ တချို့အတွက် ဒီပြောင်းလဲမှုတွေမှာ အိမ်သာတတ်တဲ့အလေ့အထလည်း ပါဝင်ပါတယ်။ အသွားအလာကန့်သတ်မှုတွေနဲ့ အိမ်မှာနေရတာတွေက ဝမ်းချုပ်ခြင်းကို ဖြစ်လာစေနိုင်ပါတယ်။

သင်ဟာ အရင်တုန်းက ဝမ်းချုပ်ခြင်းပြဿနာကို မရင်ဆိုင်ခဲ့ဘူးရင်တောင် ဒီကပ်ရောဂါက သင့်အတွက် ဒါကို ပြောင်းလဲသွားစေနိုင်ပါတယ်။ ဝမ်းချုပ်တာက မစင်သွားဖို့ အရမ်းခက်ခဲပြီး တချို့သူတွေအတွက် ဝမ်းချုပ်တာက ရက်ကြာနိုင်ပါတယ်။

Lockdown နဲ့ Quarantine တွေက ဝမ်းချုပ်ခြင်းကို ဘာလို့ဖြစ်စေနိုင်တာလဲ

ပြဿနာက ခန္ဓာကိုယ်ကနေ အိပ်စက်မှုစက်ဝိုင်းကို လှည့်ပတ်ပေးတဲ့ သဘာဝဖြစ်စဉ် (Circadian Rhythm) နဲ့ စတင်တာဖြစ်ပါတယ်။ အူမကြီးကလည်း ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်နည်းတာ၊ စားသောက်မှုအလေ့အထပြောင်းလဲတာ၊ အိပ်ချိန်နည်းတာ၊ အိပ်စက်ချိန်မမှန်တာတွေကြောင့်ဖြစ်လာနိုင်တဲ့ circadian rhythm ရှိပါတယ်။ ကပ်ရောဂါကြောင့် အိမ်မှာနေတာက အဲဒီအစိတ်အပိုင်းတွေမှာ သက်ရောက်မှုရှိလာမှာဖြစ်ပါတယ်။ လှုပ်လှုပ်ရှားရှားမရှိတာ၊ ကျန်းမာရေးနဲ့ညီညွှတ်အောင်မစားတာ၊ အရမ်းကြီးစားတာ၊ ပုံမှန်လုပ်နေကြအရာတွေကို မလုပ်ဖြစ်တာက အူမရွေ့လျားနိုင်မှုကို လျော့ကျသွားစေမှာဖြစ်ပါတယ်။

ဝမ်းချုပ်တဲ့ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ

လှုပ်လှုပ်ရှားရှားနေပါ

အိမ်ထဲမှာနေပြီး ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်လို့ရပါတယ်။ ခြံဝင်းနဲ့နေထိုင်သူဆိုရင် လမ်းလျှောက်ပေးတာ၊ တိုက်ခန်းနဲ့နေတဲ့သူဆိုရင်တော့ အိမ်ထဲမှာ လမ်းခဏလျှောက်ပေးသင့်ပါတယ်။ သင် ကြိုက်နှစ်သက်ရာ သီချင်းတွေဖွင့်ပြီး သံစဉ်တီးလုံးတွေနဲ့အတူ လိုက်ကကြည့်ပါ။ တစ်ပတ်ကို (၁၀၀-၃၀၀) မိနစ်လောက် ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာက ဝမ်းချုပ်တာကို သက်သာသွားအောင်ကူညီပေးနိုင်ပါတယ်။

ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာကိုစားသုံးပါ

အိမ်မှာနေတာများပြီး သွားရည်စာတွေ အရမ်းကြီးစားဖြစ်နေလား။ အဲဒီလိုစားဖြစ်နေရင် ရပ်တန့်ပစ်ဖို့ လိုပါတယ်။ ဝမ်းချုပ်တာတွေမဖြစ်အောင် အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို ပိုပြီးစားသုံးပေးပါ။ အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာက သင့်မစင်မှာ ရေတွေထိန်းပေးထားပြီး ဝမ်းသွားရတာ လွယ်ကူအောင် ကူညီပေးမှာဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို ရေဓာတ်ပြည့်ဝအောင်နေပါ

သင်က အပြင်မထွက်ရဘဲ အိမ်ထဲမှာပဲ နေနေရရင်တောင် ကိုယ့်ကိုယ်ကို ရေဓာတ်ပြည့်ဝအောင်နေဖို့က အရေးကြီးပါတယ်။ အိမ်မှာနေပြီး ရေသောက်ဖို့ မေ့လျော့နေတတ်တဲ့သူတွေရှိပါတယ်။ ရေ၊ အုန်းရည်၊ detox water တို့ကို သောက်သုံးပေးပါ။ ကိုယ့်ကိုယ်ကို ရေဓာတ်ပြည့်ဝဖို့အတွက် အယ်လ်ကိုဟောနဲ့ ဆိုဒါတွေကို မသောက်သုံးပါနဲ့။ ဆိုဒါနဲ့ အယ်လ်ကိုဟောတွေက ရေဓာတ်ကုန်ခန်းမှုကို ဖြစ်စေနိုင်ပါတယ်။

ဒီအချက်တွေက အလုပ်မဖြစ်ဘူးဆိုရင် ဆရာဝန်နဲ့တိုင်ပင်ကြည့်သင့်ပါတယ်။

Ref: What is ‘quarantine constipation’ and three tips to deal with it

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top