ပါကင်ဆန်ရောဂါသည် ဦးလေးအတွက် ဟန်ချက်ညှိဇွန်း တီထွင်ပေးခဲ့တဲ့ ၁၀ နှစ်အရွယ် အိန္ဒိယကျောင်းသားလေး

10.11.23-yyl-7.jpg

ပါကင်ဆန်ရောဂါကြောင့် လက်တုန်ယင်တဲ့ ဦးလေးဖြစ်သူ အဆင်ပြေပြေ စားနိုင်ဖို့အတွက် အိန္ဒိယကျောင်းသားလေးတစ်ဦးက ဟန်ချက်ထိန်းညှိနိုင်တဲ့ ဇွန်း တီထွင်ခဲ့ပါတယ်။ အာရက်အနေးရဲ့ ဦးလေးက အသက် ၇၀ အရွယ်ရှိတဲ့ အစိုးရဝန်ထမ်း (ငြိမ်း)ပါ။ ပါကင်ဆန်ရောဂါ ခံစားနေရတာကြောင့် လက်တုန်ယင်ပြီး ထမင်းစားတဲ့အခါတိုင်း ဖိတ်စင်ပေပွလေ့ ရှိပါတယ်။

၁၀ နှစ်သားလေး အာရက်အနေးက စက်ယန္တယားတွေကို ဝါသနာပါသူဖြစ်ပြီး Lego ရုပ်တွေနဲ့ ဖန်တီးနေလေ့ရှိသူပါ။ အနေးက မော်တာ၊ ဆင်ဆာ၊ မိုက်ခရိုအီလက်ထရောနစ်နဲ့ 3D printer တွေကို အသုံးပြုပြီး ဟန်ချက်ထိန်းညှိပေးတဲ့ဇွန်းကို ဖန်တီးခဲ့တာပါ။

” အားလုံးရဲ့မှတ်ချက်တွေအပေါ် အခြေခံပြီး အသေးစိတ်ဒီဇိုင်းဆွဲခဲ့တာပါ။ ဇွန်းကို ရေပြန်ဆေးရမယ်၊ ဒါပေမဲ့ အထဲက အီလက်ထရောနစ်ပစ္စည်းတွေ ထိခိုက်မှုမရှိအောင် လုပ်ရမယ်၊ ရေစိုခံဖြစ်ဖို့ လိုတယ်၊ ဇွန်းနေရာမှာ ခရင်းအစားထိုးမယ်ဆိုရင်လည်း ရအောင် အလွယ်တကူ ဖြုတ်လို့၊ တပ်လို့ ရရမယ်။ အစာများများ ခပ်လို့ရအောင် ဇွန်းကို အတွင်းထဲထို ထိုးထည့်ထားဖို့ လိုတယ် . . . . အဲဒီလို မှတ်ချက်တွေပေါ့” လို့ အနေးက ပြောပါတယ်။

အနေးရဲ့ဇွန်းကို အိန္ဒိယနိုင်ငံတောင်ပိုင်း ဘန်ဂလာရူပြည်နယ်၊ RV College of Physiotherapy မှာ စမ်းသပ်စစ်ဆေးမှုတွေ လုပ်နေပြီး တွေ့ရှိချက်တွေကို လာမယ့်နှစ် ဆေးပညာစာစောင်မှာ ထည့်သွင်းဖော်ပြမယ်။ အဲဒါပြီးမှ ဆေးရုံတွေမှာ အသုံးပြုဖို့ ဟန်ချက်ညှိဇွန်း အနည်းအကျဉ်း ထုတ်လုပ်သွားဖို့ ရှိတယ်။

အနေးရဲ့ဖန်တီးမှုက သူ့ကို သိက္ခာမဲ့သူအဖြစ်ကနေ သိက္ခာရှိသူ ဖြစ်လာစေတယ်လို့ အနေးရဲ့ ဦးလေးက ဆိုတယ်။ အနေးက နိုင်ငံတကာစက်ရုပ်ပြိုင်ပွဲတွေမှာ အိန္ဒိယနိုင်ငံကိုယ်စားပြုအဖြစ် အကြိမ် ၂၀ လောက် သွားပြိုင်ခဲ့ဖူးတယ်။ သူ့ရဲ့ ဟန်ချက်ညှိဇွန်း ဖန်တီးမှုကြောင့် ပြိုင်ပွဲတစ်ရပ်မှာ အနေးက ပထမဆု ဆွတ်ခူးခဲ့သေးတယ်။

၂၀၁၄ ခုနှစ်မှာ ဂူဂဲလ်၊ ၂၀၁၆ ခုနှစ်မှာ Liftware ကုမ္ပဏီတွေက အဲဒီလို ဟန်ချက်ညှိဇွန်းတွေ ဖန်တီးခဲ့ကြဖူးတယ်။ ဒါပေမဲ့ အနေး ဖန်တီးထားတဲ့ဇွန်းက ကုန်ကျစရိတ် တစ်ဝက်လောက် သက်သာတာကြောင့် ဈေးကွက်မှာ ပိုပျံ့နှံ့နိုင်ပြီး အိန္ဒိယနိုင်ငံရဲ့ ပါကင်ဆန်ရောဂါသည် ၇ သန်းကျော်ကို ပိုအကျိုးရှိစေနိုင်တယ်။

Ref: Boy Invents Smart Spoon for His Uncle’s Trembling Hands that Is Affordable in India

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top