ပညာရေသောက်မြစ်

p.jpg

မိုးစွေစွေရွာတဲ့ ဇွန်လမှာ ကျောင်းတံခါးကြီး ဖွင့်ပါတော့မယ်။ မိုးစက်တွေနဲ့ အတူ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းတွေ ရောပါလာမယ့် ဆယ်တန်းအောင်စာရင်းကလည်း ကြေညာတော့မှာပါ။ ထပ်တူရင်ခုန်မှုတွေနဲ့အတူ စာရေးသူခေါင်းထဲကို အတွေးများစွာရောက်လာပါတော့တယ်။

ကျောင်းစာသင်ခန်းဆိုတာ တစ်နည်းအားဖြင့် လေ့ကျင့်ရေးသင်တန်းကျောင်းတစ်ခုလိုပါပဲ။ သက်လုံကောင်းအောင် များများလေ့ကျင့်သွားနိုင်သူက တက္ကသိုလ်စာမေးပွဲတိုင်းမှာ မကယ်မနေရ ဘဝက လွတ်ပါတယ်။ အလားတူပါပဲ လေ့ကျင့်မှုနည်းရင်တော့ ယက်ကန်ယက်ကန်ပေါ့။ (၁၁ ) နှစ်တာဆိုတဲ့ကာလကလည်း ဘဝအတွက် အများကြီးအဆုံးအဖြတ်ပေးတယ်မလား။

ဒီနေရာမှာ ပြောချင်တာတစ်ခုက လေ့ကျင့်ရေးကွင်းဖြစ်တဲ့ စာသင်ကျောင်းရဲ့အကြောင်းပါပဲ။ ကျောင်းကကော လေ့ကျင့်သင်ကြားပေးနိုင်တဲ့ ဂုဏ်အင်္ဂါရပ်တွေနဲ့ ညီရဲ့လား။ လက်နက်ကိရိယာ စုံရဲ့လား။ ပံ့ပိုးပေးနိုင်စွမ်းကရော သင်တန်းသားတစ်ဦးချင်းရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်လား။

မအောင်မနေရပညာရေးနဲ့ အတန်းတွေသာခုန်တက်သွားပေမဲ့ စာလုံးပေါင်း ဖြောင့်အောင်မရေးတတ်တဲ့ကျောင်းသားတွေရှိသလို ငါ့သားသမီးရဲ့ပညာရေးခရီးမှာ နောက်မကျစေရဘူး ဆိုပြီး ဆရာတွေဆီ အပူကပ်ပြီး ဖြတ်လမ်းလိုက်ချင်တဲ့မိဘတွေလည်း ရှိနေပါတယ်။ ဆရာနဲ့ မိဘကြားမှာ ကျောင်းနေပျော်ဖို့ မနည်းကြိုးစားနေတဲ့ကလေးတွေကတော့ စုန်းပြူးလို့ အမည်တပ်ခံကြရပါတယ်။

မြန်မာပြည်ကကလေးတွေရဲ့ ဘဝရည်မှန်းချက်ကလည်း ပုံသေပါပဲ။ သူ့တို့ရဲ့အိပ်မက်ကိုမေးတိုင်း ဆရာဝန်၊ အင်ဂျင်နီယာလို့ ဖြေတဲ့ကလေးက လက်ညှိုးထိုးမလွဲပါဘူး။ ဒီအလုပ်တွေကပဲ ကမ္ဘာ့ဂုဏ်အရှိဆုံးအလုပ်မျိုးတွေလို့ ရှေးရိုးစွဲမိဘတွေက တွေးတတ်ကြသလို ဒီလိုဖြေတိုင်းလည်း သူတို့ကပီတိဖြစ်ကြပါတယ်။

တကယ်တော့ ကလေးတွေရဲ့အိပ်မက်ဆိုတာ မိဘတွေ စိတ်ချမ်းသာစေမယ့်အရာမျိုး ဖြစ်ရမယ်ဆိုတဲ့သဘောပဲ ဖြစ်နေပါတယ်။ ကလေးတွေက အချိန်တန်လာရင် မိဘရွေးပေးတဲ့လမ်းကြောင်းပေါ် လျှောက်ရမယ်ဆိုတဲ့အတွေးနဲ့ ပေါ့ပေါ့ပါးပါးဖြတ်သန်းမိသွားကြပါတယ်။ ဘဝဆိုတာ ဘာမှန်းမသိသေးတဲ့ သူတို့လေးတွေရဲ့ အိပ်မက်အစစ်အမှန်ကို ကူညီဖန်တီးပေးဖို့ အဓိကတာဝန်ရှိသူက မိဘနဲ့ ဆရာပါ။

အခုအချိန်မှာ တက္ကသိုလ်ဝင်တန်းအောင်စာရင်းကထွက်တော့မှာမို့ ရင်ပူနေရတဲ့မိဘတွေလည်း ရှိလောက်ပါပြီ။ ကျောင်းအောင်ချက်အတွက် ကြိုပြီးတွေးပူနေရတဲ့ ဆရာ၊ ဆရာမတွေလည်း မုချရှိမှာပါ။ ဆယ်တန်းဆိုတာ ဘဝရဲ့အချိုးအကွေ့တစ်ခု ဆိုတာကို လက်ခံထားတယ် ဆိုသူတွေအတွက် ပြောချင်တာလေး ရှိပါတယ်။

“အောက်ခြေခိုင်မှ အထက်ကိုတက်ဖို့လွယ်နိုင်သလိုပဲ ကိုယ့်ရဲ့ တပည့် သားသမီးတွေကို တကယ်ချစ်တယ်ဆိုရင် အောက်သက်ကြေမှပဲ နောက်တစ်ဆင့်ဆီတက်လှမ်းခိုင်းသင့်ပါတယ်”။

Alice May ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top